Saturday, August 04, 2007

ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ဒီကဗျာလေးကို တော်တော်လေးကြိုက်လို့ ဖော်ပြပေးလိုက်ပါတယ်။ ကိုရန်နိုင်ထွန်းရေးတဲ့ ကဗျာတော်တော်များများကို ကျွန်မ တော်တော်လေးကြိုက်နှစ်သက် ခံစားရပါတယ် .. ။ တကယ့်ပါရမီရှင်ပါပဲ။


ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ကြည့်လိုက်စမ်းပါ ဒီချိန်ခါ

ဇေယျာရွှေမြေ မြို့ဦးဗွေကို

မြစ်ရေရစ်ဝိုင်း စီးထွေသိုင်း၍

ရှုတိုင်းယဉ်စွာ လှနေရှာသည့်

ဧရာဝတီ မြစ်နဒီမှာ

ရာသီမကြို တေးမဆိုဘဲ

ရင်ကိုစည်တီး အံကြိတ်ပြီးတော့

ရှိုက်ကြီးငင်ကာ ငိုနေလိုက်တာ … ။


ဒီချိန်ရောက်လျှင် သူ့အသွင်မှာ

မရွှင်မလှ မှိုင်းပျပျနှင့်

စီးကျမျက်ရည် ဘောင်ဘင်ဝေ၍

မြစ်ရေဖားလျား သူပြေးလွှားကာ

အင်အားပြင်းထန် ထက်အောက်လှန်သည့်

တန်ပြန်စစ်ထိုး ဗျူဟာမျိုးဖြင့်

တံပိုးလှိုင်းတွေထတော့မယ် .. ။


ဒီချိန်ရောက်လျှင် သူ့ရေပြင်မှာ

သွေးနီအဆင်း အပုတ်နံ့သင်းလို့

မြစ်တွင်းပေါလော ဒိုက်ပုံမျောကို

မြင်သောထင်မှား အလောင်းများနှယ်

အကြားအာရုံ အဖုံဖုံမှာ

ရင်ခုန်နှုန်းမြန် ကြွေးကြော်သံနှင့်

ငိုသံညည်းသံ သေနတ်သံတို့

ဆူညံပွက်လော ဒီတကြောဝယ်

သောသောညံအောင် ကြားတော့မယ် .. ။


အို ………

ဧရာဝတီ မြစ်နဒီရယ်

ဇာနည်မျိုးဆက် ကြွေကာပျက်သည့်

ကိုးရက် ရှစ်လ ရှစ်ဆယ့်ရှစ်က

စစ်ကိုင်းတခွင် မြို့ရင်ပြင်၌

အမြင်မလှ ရင်နင့်ရအောင်

ဆိုးစွသမိုင်း ကြမ္မာရိုင်းကို

ပုံနှိုင်းတလီ သက်သေတည်၍

ရာသီဓလေ့ ဘယ်လိုရွေ့လည်း

မမေ့နိုင်ကြောင်း ရှေးဖြစ်ဟောင်းကို

ပြန်အောင်းမေ့ကာ ပူဆွေးရှာသည်

ဧရာဝတီ မြစ်နဒီမှာ

သွေးနီတွေရဲပြန်ပြီလေ ……… ။

( ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအတွင်း သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့တွင် ကျဆုံးခဲ့သည့် အာဇာနည် ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းအား ဤကဗျာဖြင့် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။ )

ရန်နိုင်ထွန်း

လွတ်မြောက်နယ်မြေ ၊ ကိုရီးယား



4 comments:

kay said...

လင်းလက်ရေ..နံမယ်ကြီးဆိုတော့..ခဏခဏရောက်ပါတယ်..အမဆီလာလည်တဲ့အတွက်ကျေးဇူးတင်ကြောင်းလာပြောတာပါ..ဒါနဲ့..စပ်စုတယ်မထင်ပါနဲ့နော်..တခါရန်ကုန်ပြန်တဲ့လေယဉ်ပေါ်မှာ..ဘေးချင်းကပ်ထိုင်ရင်း..ခင်သွားတဲ့..ရင်ရင်လင်းဆိုတဲညီမလေးနဲ့အသိလား..လင်းလက်ဘလော့လိပ်စာလေးပေးသွားလို့ပါ..အိုကေ..ဘာပဲဖြစ်ဖြစ် လက်ဝါးချင်းရိုက်လိုက်ပီ

YeKyawAungMDY said...

ကာရံ၊ နဘေ သိပ်မိပြီး၊ အဓိပ္ပါယ်ကိုပါဖော်ကျူး သွားတဲ့ ကဗျာပါပဲ။

Anonymous said...

မလင်းလက်ရေ
ကဗျာဆရာကို ခင်မင်ချင်ပါတယ် ၊ ခုခေတ်မှာ ဒီလိုကဗျာတွေရေးတဲ့သူရှားသလောက်ပဲ၊ အရမ်းမြန်မာဆန်ပြီး ခံစားရတယ် ၊ တချိန်က စစ်ကိုင်းမှာ တကယ်ဖြစ်ခဲ့တာပါ၊ အဲဒါကို ဖော်ထုတ်ပေးလိုက်တဲ့ အတွက် လေးစားသွားပြီ

Anonymous said...

အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင်။ ကိုရန်နိုင်ထွန်းကို ဆက်သွယ်ချင်ရင်တော့ yannainghtun@yahoo.com ပါရှင်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။