Monday, May 21, 2007

DTA Signature Collection Campaign


အခွန်နှစ်ထပ်ကွမ်းမပေးဆောင်ရရေးအတွက် စင်္ကာပူဝန်ကြီးချူပ်ထံကို စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြမှာ ဖြစ်တဲ့အတွက် မိမိနှင့်သက်ဆိုင်ရာ အသိမိတ်ဆွေများအားလုံးကို အကြောင်းစတင်ကြားနိုင်ပါပြီ .. ။ ပန်နီဆူးလားပလာဇာ ၄ ထပ်မှာရှိတဲ့ ဒဏ္ဍာရီဆိုင်မှာ လက်မှတ်သွားရောက်ထိုးနိုင်ပါတယ်ရှင် .. ။ မိမိရဲ့ အမည်အရင်း ၊ IC Number နဲ့ လက်မှတ် ပါဝင်ဖို့ လိုအပ်ပါတယ် .. ။ June လကုန်ထိ ဒီလက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာဖြစ်ပါတယ် .. ။

မိတ်ဆွေတို့အားလုံးရဲ့ အချက်အလက်တွေကို ၀န်ကြီးချုပ်ထံသို့သာ တင်ပြမှာဖြစ်ပါတယ် .. ။ မိမိရသင့်ရထိုက်တဲ့ တရားမျှတသော အခွင့်အရေးတစ်ခုကို တောင်းဆိုလှုပ်ရှားနေတဲ့ ဒီလှုပ်ရှားမှုကို အားလုံး ပါဝင်နိုင်ဖို့လည်း နှိုးဆော်ချင်ပါတယ် .. ။

အသေးစိပ်သိလိုသောအကြောင်းအရာများရှိခဲ့ရင် ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်။


ကိုတင်မောင်ဝင်း
Ø 9027 6087

ကိုခိုင် Ø 9780 2700

ကိုတေဇ Ø 9191 3702

ကိုကျော်ဇော Ø 9119 5800

ကိုနိုင်မိုးအောင် Ø 9871 0563

Download Signature File


Related Links


Khit Pyaing

DTASG Blog

Read More...

ကားပျက်၍ခြေလျင်လျှောက်ခဲ့သော ဗိုလ်ချုပ်



ကားပျက်၍ခြေလျင်လျှောက်ခဲ့သော ဗိုလ်ချုပ်

တစ်ခါက အထက်အညာဒေသ မြို့ရှစ်မြို့မှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားသခြင့် သွားရောက်ဟောပြောခဲ့ဖူးပါသည်။ ထိုအချိန်က စာဆိုလရာသီဖြစ်သော်လည်း မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားနေ့ အကြိုကာလလည်း ဖြစ်နေသောကြောင့် မြို့ခံစာပေသမားများက ကျွန်တော့်အား လူငယ်များဗဟုသုတအတွက် “လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပါရန် မေတ္တာရပ်ခံကြရာ ကျွန်တော်လည်းမငြင်းသာဘဲ သူတို့တောင်းဆိုသည့်အတိုင်း “လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း လှုပ်ရှားစွမ်းဆောင်မှုများအကြောင်း ကျွန်တော်က ဟောပြောသွားရင်း ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးအရှိန်အ၀ါကို ခုတုံးလုပ် အခွင့်အရေး မယူတတ်ပုံကို သာဓကများဖြင့် ပြောဆိုခဲ့ပါသည်။ တစ်နေရာတွင် ကျွန်တော်က “ဗိုလ်ချုပ်အောင်ဆန်းဟာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့) ခေါင်းဆောင်ဖြစ်ရုံမက ၀န်ကြီးချုပ် ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုပါ ထမ်းဆောင်နေပေမယ့် သူ့ဆီမှာ မော်တော်ကားတစ်စီးတည်းပဲ ရှိခဲ့ပါတယ်။ အဲဒီ ကားတစ်စီး ပျက်တဲ့အခါဆိုရင် ခြေလျင်လျှောက်သွားခဲ့တယ်”ဟု ပြောခဲ့ပါသည်။

ယင်းအကြောင်းနှင့် ပတ်သတ် ဟောပြောပွဲအပြီးတွင် လူငယ်စာပေသမားအချို့က “ဆရာက ဗိုလ်ချုပ်မှာရှိတဲ့ တစ်စီးတည်းသော မော်တော်ကားပျက်လျှင် ခြေလျင်လျှောက်သွားတယ်ဆိုတာ အဓိပ္ပါယ်လေးနက်အောင် ဥပမာအဖြစ် ပြောခဲ့တာ မဟုတ်လား။ တကယ်တော့ ဗိုလ်ချုပ်ဟာ ကားပျက်လို့ ခြေလျင်လျှောက်သွားခဲ့တယ်ဆိုတာ အမှန်မဟုတ်ဘူး မဟုတ်လား ဆရာ”ဟု မေးပါသည်။

တွင် ကျွန်တော်က ခေါင်းခါပြပြီး “ဥပမာအဖြစ် တင်စားပြောတာ မဟုတ်ဘူးဗျ။ အမှန်တကယ် ဖြစ်ရပ်ကို ပြောတာပါ”ဟု အစချီကာ ဟောပြောပွဲစင်မြင့်ပေါ်တုန်းက မပြောခဲ့သော တကယ့်ဖြစ်ရပ်များကို လူငယ်စာပေ၀ါသနာရှင်များအား ပြောပြခဲ့ရာ သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် အံ့သြနေကြပါတော့သည်။

အထက်ပါဖြစ်ရပ်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီဖြစ် ယနေ့မျိုးဆက်သစ်လူငယ်များ ဗဟုသုတရစေရန် ဆောင်းပါးဖြင့် ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။

အတိတ်ကိုဇတ်ကြောင်းပြန်ရသော် ၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၆ရက် ၊ ကြာသာပတေးနေ့မှ ပြန်လည်စတင်ရမည် ဖြစ်ပါသည်။

ထိုနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းမှ အရေးပါသော မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ အကြောင်းမူကား လန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်ခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တစ်နည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေးအာဏာရရှိကာ ၀န်ကြီးများအဖွဲ့ (ကတ်ဘိနက်) ခေါင်းဆောင်ဖြစ်လာသည့်နေ့ပင်ဖြစ်ပါသည်။

ထိုနေ့နံနက် ရန်ကုန်မြို့ အလုံလမ်းရှိ အင်္ဂလိပ်ဘုရင်ခံအိမ်တော် (ယနေ့ပြည်သူ့လွှတ်တော်တည်ရာ) သို့သွား ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို လက်မှတ်ရေးထိုးရယူပြီးနောက် ဗဟုန်းတာဝါလိန်းလမ်းရှိ သူ၏နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)သို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အားခေါ် အရေးကြီးစကားပြောခဲ့ပါသည်။

ဟေ့ကောင် ဒီနေ့စပြီး ငါဟာအစိုးရအဖွဲ့ (ကတ်ဘိနက်) ခေါင်းဆောင်ဖြစ်လာပြီး မင်းကလည်း ငါ့ရဲ့ပီအေအဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင်ပြန်တမ်းထွက်လာလိမ့်မယ်။ ဒီတော့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်။ အာဏာရလာတယ်ဆိုရင်ပဲ ငါတို့ကို ချဥ်းကပ်အကူညီတောင်းတာတွေ လာလိမ့်မယ်။ ငါ့ရဲ့ဆွေမျိုးတွေ ၊ ငါ့မိန်းမဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သတ်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့ အကူညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူညီမှ မယူရဘူး။ အခွင့်အရေး မယူရဘူး”

သို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တစ်နည်းအားဖြင့် သူ၏ သဘောထားဆန္ဒနှင့် လမ်းညွှန်ချက်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပေမည်။

ဘယ်သူ့ဆီကမှ အကူညီမယူရဘူး။ အခွင့်အရေး မယူရဘူး”ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့ထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေးညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ယင်းသို့ကြုံတွေ့ခဲ့ရပုံက သို့ပါတည်း။ ထိုအချိန်က “ဘုရင်ခံ၏ အမှုဆောင်ကောင်စီ”ဟု ခေါ်သော အစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆောင်ဝန်ကြီးအဖြစ် စီးခဲ့သော မော်တော်ယဉ်မှာ အင်္ဂလန်ပြည်လုပ် ”၀ူစလီ”အမျိုးအစား အနက်ရောင် စလွန်းကားအမှတ် အာအေ^၂၈၇၄ ဖြစ်ပါသည်။

ဗိုလ်ချုပ်၏အိမ်တွင် ထိုကားတစ်စီးမှလွဲ အခြားမော်တော်ကားမရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရအဖွဲ့တာဝန်အပြင် နိုင်ငံရေးအဖွဲ့အစည်း (ဖဆပလအဖွဲ့ချုပ်)၏ ဥက္ကဌအဖြစ်လည်း အလွန်အလုပ်များလေရာ သူလှုပ်ရှားသွားလာရာ အထက်ဖော်ပြပါ မော်တော်ကားနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများအနေဖြင့် မော်တော်ကားစီးခွင့် သိပ်မရကြရှာပါချေ။ ရံဖန်ရံခါ ရုံးပိတ်ရက်တနင်္ဂနွေနေ့ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများပါခေါ်ပြီး ကန်တော်ကြီးတစ်ပတ် ကားလျှောက်စီးသည့်အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

“ဗိုလ်ကြီး ၊ ကားဘာဖြစ်တယ်မသိဘူး။ စက်နှိုးလို့မရဘူး။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုးကြိုးစားပြင်ကြည့်တာပဲ။ ဘယ်လိုမှ နှိုးလို့မရဖြစ်နေတယ်”

“ဟေဟုတ်လား။ မင်းသေသေချာချာ လုပ်ကြည့်ပြီးပြီလား”

ကျွန်တော်က သို့ပြန်မေးလိုက်ခြင်းမှာ ရဲဘော်ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူဖြစ် မေးလိုက်ခြင်းဖြစ်ပါသည်။

“ဟုတ်ကဲ့ ကျွန်တော်အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ၊ လုံးဝစက်နှိုးလို့မရပါဘူး။

ရဲဘော်ကျော်စိန်က ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကိုကြည့်လိုက်ရာ နံနက်၉နာရီခွဲကျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားပါသည်။ ထိုနေ့နံနက် ၁၀နာရီတွင် အတွင်းဝန်ရုံး ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့အရေးပေါ် အစည်းအဝေးခေါ်ထားသဖြင့် ကျွန်တော်တို့ရုံးသို့ ၁၀နာရီအရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်မိသွားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လျက် ဗိုလ်ချုပ်ရှိရာ အိမ်အောက်ထပ်ဧည့်ခန်းသို့ ခပ်သုတ်သုတ်သွားလိုက်ပါသည်။

ဗိုလ်ချုပ်သည်ကျွန်တော့်ကိုမြင်လျှင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ဘာလဲဟေ့ ၊ ငါတို့သွားကြတော့မလား”ဟု မေးရင်း ထိုင်ရာမှထလိုက်ပါသည်။

ဒီတော့မှ ကျွန်တော်လည်း မော်တော်ကားအခြေအနေကို ပြောပြလိုက်ရပါသည်။

“ဗိုလ်ချုပ်ရုံးသွားလို့ မဖြစ်သေးဘူး။ ဒီနေ့ မော်တော်ကား ပျက်နေတယ်။ ရဲဘော်ကျော်စိန် အမျိုးမျိုးကြိုးစားပြီး နှိုးကြည့်တာပဲ။ ဒါပေမယ့် ဘယ်လိုမှ စက်နှိုးလို့မရနိုင်ဘူး။ ကျွန်တော်တို့ ကားတွေ ပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန ၀ပ်ရှော့ကိုပို့ပြီး ပြင်မှဖြစ်မယ်”

“ဟုတ်လား ကားက လုံးဝမောင်းလို့မရဘူးလားကွ”

ဟုတ်ကဲ့ ၊ လုံးဝစက်နှိုးလို့မရဘူးဖြစ်နေတယ်။ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက ၁၀နာရီ စဖို့ရှိတယ်။ အခု၉နာရီခွဲကျော်နေပြီ။ ဒါကြောင့် ကျွန်တော်တို့ရုံးကို အချိန်မီသွားနိုင်အောင် တစ်ယောက်ယောက်ဆီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက်မယ်”ဟု ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ်တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

“ဟေ့ကောင် မင်းကတယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းမလို့ဟုတ်လား”

ဗိုလ်ချုပ်၏လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ်ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

“ဟုတ်ကဲ့ ၊ ဒါမှ ကျွန်တော်တို့ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား”

ကျွန်တော်က အမှန်အတိုင်းပြန်ဖြေလိုက်ရာ ဗိုလ်ချုပ်သည် ပိုလေသံပြင်းစွာဖြင့် ကျွန်တော်အား အပြစ်တင်ပါလေတော့သည်။

မင်းဟာ တော်တော်ညံ့သေးတာပဲ။ တယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းဖို့ တစ်ခုတည်းပဲ မင်းတွေးတာကိုး။ မင်းတို့ငါတို့အနေနဲ့ အခုနေအခါ မော်တော်ကားလှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘူး။ ဆယ်စီးလည်းရနိုင်တယ်။ အဲဒါဆက်စပ်ပြီး စဉ်းစားကြည့်မှပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငါတို့ကို မော်တော်ကားပေးကူညီတာကို အကြောင်းပြုပြီး သူတို့က ငါတို့ဆီက မတရားအခွင့်အရေးတွေ တောင်းလာမှာကိုတော့ မင်းမတွေးမိဘူးမဟုတ်လား။ မင်းကိုငါအစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား။ မင်းတို့ငါတို့အနေနဲ့ ဘယ်သူ့ဆီကမှ အကူညီမယူရဘူး။ အခုမင်းက မော်တော်ကားလှမ်းတောင်းတာဟာလည်း အခွင့်အရေးယူတာပဲ။ ဒါကြောင့် မင်းစောစောက စိတ်ကူးသလို တယ်လီဖုန်းဆက်ပြီး မော်တော်ကားမတောင်းရဘူး”

“ဒါဖြင့် ကျွန်တော်တို့ဘာလုပ်ရမလဲ ဗိုလ်ချုပ်”

ဘာမှမလုပ်နေနဲ့။ ငါတို့ကားပျက်နေတယ်မဟုတ်လား။ ဒီတော့ မင်းနဲ့ငါ ရုံးကိုလမ်းလျှောက်သွားကြမယ်။ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေးဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေလာဆွဲယူသွားပြီး ပြင်ပေးဖို့ပြောပေါ့ ။ ကဲ ပြောနေကြာတယ်ကွာ သွားကြစို့”

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူပီပီ သူကိုင်နေကျ မိုးကာအကျီကို လက်မောင်းတွင် ခေါက်တင်လျက် အိမ်ရှေ့လှေကားမှဆင်းလျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မှ မတတ်နိုင်ဘဲ သူ၏နောက်မှ ခပ်သုတ်သုတ်ပြေးလိုက်သွားရပါသည်။

သူအစိုးရအဖွဲ့အာဏာရယူသည့်နေ့က ပြောခဲ့သော “ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အခွင့်အရေးမယူရဘူး” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင်လိုက်နာကျင့်သုံး နေပါသည်ပါတကားဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှထွက်၍ နတ်မောက်လမ်း ၊ ဗဟန်းလမ်းအတိုင်း လျှောက်ပြီး ဗဟန်းအ၀ိုင်းကိုဖြတ်ကျော်ကာ တိရစ္ဆာန်ရုံဘေးရှိ ပလက်ဖောင်းပေါ်သို့ပင် ရောက်သွားကြပါသည်။

ဗိုလ်ချုပ်ကရှေ့က ခြေလှမ်းသွက်စွာနှင့် လျှောက်ပြီး ကျွန်တော်က နောက်မှလိုက်သွားရာ အော်စတင်အမျိုးအစား မော်တော်ကားငယ်တစ်စီး ကျွန်တော့်အနီးတင် ထိုးဆိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ထိုကားကလေးကို မောင်းလာသူက မြန်မာ့ရုပ်ရှင်စတင်တီထွင်သူ “ရုပ်ရှင်ဖခင်ကြီး” လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်ပါသည်။ ထိုအချိန်က သူသည် ဗဟန်းဝင်္ကဘာလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေဘုရားလမ်းရှိ သူ၏လန်ဒန်အတ်ဓါတ်ပုံတိုက်နှင့် ရုပ်ရှင်ကုမ္ပဏီရှိရာသို့ ကိုယ်တိုင်ကားမောင်းသွားခြင်း ဖြစ်ဟန်တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာပါသဖြင့် ရုပ်ရှင်စတူရီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုန်းမောင်နှင့် သိကျွမ်းနေပါသည်။

“ဟေ့မောင်ရင် ၊ ခဏလာပါဦးကွယ့်”

ဦးအုန်းမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် ကျွန်တော်လည်း သူခေါ်ရာသို့ ချဉ်းကပ်သွားပါသည်။ ဗိုလ်ချုပ်ကတော့ လုံးဝလှည့်မကြည့်ဘဲ ဆက်လျှောက်သွားနေပါသည်။

“နေစမ်းပါဦး ၊ မောင်ရင်တို့ဆရာတပည့် ဘယ်လိုဖြစ်လာတာလဲ ၊ လမ်းမပေါ် ခြေလျင်လျှောက်ရသလား ၊ မော်တော်ကားကောကွယ့်”

ဦးအုန်းမောင်က မေးသဖြင့် ကျွန်တော်ကလည်း

“ဗိုလ်ချုပ်ရဲ့ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာပဲ ထားပစ်ခဲ့ရပါတယ်”ဟု ပြန်ပြောလိုက်ပါသည်။

“ဖြစ်မှဖြစ်ရလေ မောင်ရင်ရယ် ၊ ကားပျက်ရင်လည်း တစ်ယောက်ယောက်ဆီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့၊ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေးပလက်ဖောင်းမှာ ခြေလျင်လျှောက်နေရတာ မသင့်တော်ပါဘူး”

ကျွန်တော်လည်း ဦးလေးပြောသလိုပဲ မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းမလို့ပါပဲ ၊ ဒါပေမယ့် ဗိုလ်ချုပ်က မတောင်းရဘူးတဲ့ ။ ဗိုလ်ချုပ်စီးဖို့ မော်တော်ကားကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ်။ စီးပွားရေးသမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ဆိုပြီး အတွင်းဝန်ရုံးရောက်အောင် ခြေလျင်လျှောက်ကြမယ်လို့ ပြောပါတယ်”

ကျွန်တော်က ရှင်းပြသည်ကို လန်ဒန်အတ်ဦးအုန်းမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်ပါသည်။

“အေးပါ ဗိုလ်ချုပ်ပြောတာကို ဦးလည်း သဘောပေါက်ပါတယ်။ ကိုင်း မောင်ရင်ဆရာ့ဆီ ခပ်မြန်မြန်ပြေးပြီး ပြောလိုက်စမ်းပါ။ လန်ဒန်အတ်ဦးအုန်းမောင်က မြို့ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံးပို့ပေးပါရစေလို့ ၊ ကျူပ်က ရုပ်ရှင်သမားမို့ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်တစ်ဦးက လမ်းမပေါ် ခြေလျင်လျှောက်နေတာလည်း ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့် ကျူပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက် ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်”

ဦးအုန်းမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာဗိုလ်ချုပ်ဆီသို့ ပြေးလိုက်ပြီး သူ၏ လက်မောင်းတစ်ဖက်ကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင် ၊ ဘာလုပ်တာလဲကွ”

ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော် ဦးအုန်းမောင်၏ မော်တော်ကားရပ်ထားရာသို့ ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

“ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ် မဟုတ်လား ။ ဆရာ ဒီးဒုတ်ဦးဘချိုရဲ့ မိတ်ဆွေကြီး လန်ဒန်အတ် ဦးအုန်းမောင်ပါ။ သူက ဆူးလေဘုရားလမ်းက သူ့ရဲ့အလုပ်တိုက်ကို သွားရင်း လမ်းကြုံလို့ ပြီးတော့ သူက ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီးတွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်။ နောက်တစ်ခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့ တို့ဗမာအစည်းအရုံးကို လျှို့ဝှက် ကူညီထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကားရပ်ပြီး ခေါ်တာကိုငြင်းရင် အားနာစရာကောင်းပါတယ် ဗိုလ်ချုပ်”

ကျွန်တော်၏စကားအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ်ဦးအုန်းမောင်ဘက်သို့ လှည့်ကြည့်လိုက်ပါသည်။

ဦးအုန်းမောင်သည် ဆရာဦးဘချိုနှင့် ခင်မင်ရင်းနှီးရသော မိတ်ဆွေဖြစ်သည့်အပြင် ဦးဘချိုကဲ့သို့ပင် ဆံပင်ရှည် သျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီးတစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်းဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်ကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်းမပြုဘဲ အော်စတင် ကားလေးရပ်ထားရာသို့ လျှောက်သွားကာ ဦးအုန်းမောင်အား ပြုံး၍နှုတ်ဆက်ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ်ဦးအုန်းမောင်၏ ကားကြုံစီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လေးစား၍တစ်ကြောင်း ၊ ၀ိသမလောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေးမတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍တစ်ကြောင်း ကားကြုံလိုက်စီးခဲ့ခြင်းပင် ဖြစ်ပါသည်။

တက္ကသိုလ်နေ၀င်း


Read More...

Wednesday, May 16, 2007

Double Taxation Avoidance 4








အခွန်နှစ်ထပ်မပေးဆောင်ရရေးလှုပ်ရှားမှုအကြောင်းကို အင်တာနက်မသုံးသူတွေနဲ့ တခြားသော မြန်မာများက ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်းမရှိသေးတာကို အကြောင်းပြုပြီး ခေါင်းဆောင်ပိုင်းအဖွဲ့ ကြိုးစားစီစဉ်ဆောင်ရွက်မှုတွေနဲ့ လက်ကမ်းစာစောင်တွေကို စင်္ကာပူရှိ နေရာအနှံ့အပြားမှာ ဖြန့်ဝေနေပြီ ဖြစ်ပါတယ် … ။ ဒီလက်ကမ်းစာစောင်လေးကို ကြည့်ရင်တော့ လွယ်လွယ်လေးပါ .. ။ အောင်အောင်မြင်မြင် ဝေေ၀ဆာဆာနဲ့ စနစ်တကျ ပြီးဆုံးသွားဖို့အတွက် အားလုံးက သူ့နေရာနဲ့သူ အများကြီး ကြိုးစားခဲ့ရပါတယ် .. ။

နောက်တစ်ဆင့်အနေနဲ့က စင်္ကာပူဝန်ကြီးချုပ်ကို စုပေါင်းလက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာဖြစ်ပါတယ် … ။ အဲဒီအတွက် ဒီလှုပ်ရှားမှုကို အားပေးထောက်ခံသူများအားလုံး ပါဝင်နိုင်မှာဖြစ်ပါတယ် .. ။ စတင် ကျင်းပတဲ့ နေ့ရက်မှာပဲ အားလုံးသိအောင် လင်းတို့အားလုံး သတင်းဖြန့်ဝေပေးမှာပါ .. ။ သိသူများကလည်း တဆင့်ပြီး တဆင့် အဆင့်ဆင့် လက်ကမ်းပြောဆိုကြဖို့ တိုက်တွန်းချင်ပါတယ်ရှင် ……. ။

Read More...

Friday, May 11, 2007

Flooded Yangon




















“ရန်ကုန်မှာရေကြီးနေတယ်”

ပြောသံကြားတာနဲ့ စိတ်ထဲမှာတော့ သိပ်မထူးဆန်းသလိုပါပဲ .. ။ စစ်အာဏာရှင်လက်အောက်မှာ အားလုံးက ခေတ်ပျက်နေတာ အဆိုးဆုံးတွေ တစ်ခုချင်းဆက်တိုက်ဖြစ်လာတာ အရေတောင်ထူချင်နေပြီ .. ။ ရန်ကုန်မှာ ရေကြီးနေတဲ့ပုံတွေကိုကြည့်ပြီး ကျမ ၄တန်းတုန်းက ကျမဇာတိမြို့မှာ ကမ္ဘာပျက်မတတ် ရေကြီးခဲ့ပုံကို ပြန်မြင်ယောင်မိပါတယ် .. ။ အဲဒီအချိန် ရေကြီးခဲ့ပုံက ကျမ ဒီနေ့ထိ အဆိုးဆုံးဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့သလိုပါပဲ .. ။ သေလိုက်တဲ့ လူသေအလောင်းတွေဆိုတာ လူတွေအတွက် ငှက်ကလေး ကြက်ကလေးတွေ သေတဲ့အတိုင်းပဲ … ။ ရေလှောင်ကန်ပေါက်သွားပေလို့ပါပဲ .. ။ အဲဒီအချိန်က ဆည်တာတွေများ ကျိုးသွားခဲ့ရင် ဒီနေ့ လင်းလက်ဆိုတာ ရှိမှာတောင်မဟုတ်ခဲ့ဘူး .. ။

ရေကြီးပြီး လူတွေ ဒုက္ခရောက်နေချိန်မှာ သတင်းတွေအမှောင်ချထားပြီး ရန်ကုန်ကလူတွေတောင် မသိခဲ့ကြဘူး .. ။ ကားလမ်းတွေပိတ်လို့ ကားသမားတွေပြန်ပြောတာလောက်ပဲ သိကြတော့ ပြန်ပြန်တွေးမိရင် ရင်သိပ်နာပါတယ်.. ။ အိမ်ခေါင်တွေထိရေတွေထိ ၊ တစ်မြို့လုံးရေပတ်လည်ဝိုင်းနေချိန်မှာ ဒုက္ခသည်များအတွက်ဆိုပြီး လာလှူတာတွေကို ဖြတ်ယူတဲ့အမှုတွေကလည်း တက်နေတော့ တကယ်ကို စိတ်ညစ်စရာသောကပင်လယ်ကြီးပါပဲ .. ။ ၀မ်းရောဂါတွေအဖြစ်များပြီး လူတွေ စားစရာမဲ့ဖြစ်ခဲ့တဲ့ နှစ်တစ်ခုပါပဲ။ စီးပွားတွေပျက် ၊ အိမ်တွေပျက်စီး ၊ ရောဂါနဲ့သေ …. ကပ်ဆိုးတွေနဲ့ ကြုံခဲ့ဖူးပါတယ် .. ။

နှစ်စဉ်နှစ်တိုင်း ရေကြီးနေတာ လက်လုပ်လက်စားလူတွေအတွက်တော့ တကယ်ကို ဒုက္ခဆိုးပါပဲ .. ။ အခုလည်း ရန်ကုန်မှာ ရေကြီးနေတာ အားလုံး တော်တော်ဒုက္ခရောက်မှာပါ … ။ ကျမ တခါတလေ စဉ်းစားတယ် .. ။ ဒါတွေကို မပြောင်းလဲနိုင်တော့ဘူးလား .. ။ စိတ်ကူးတွေနဲ့ အသက်ပျောက်ကြတော့မှာလား .. ။ အစရှာမရတဲ့ ၀င်ကဘာလို ဖြစ်နေတာလား .. ။ အားလုံးကရော မသိသလို နေကြတော့မှာလား .. ။ နိုင်ငံရေးဆိုတာထက် မိမိတတ်နိုင်တာလေးတွေ မလုပ်ဆောင်ကြတော့ဘူးလား .. ။ ဘာဖြစ်လို့များ မတရားဖိနှိပ်ချုပ်ချယ်တဲ့ စစ်အာဏာရှင်က ကျမတစ်သက်ထက်မက ဦးနေ၀င်းလက်ထက်ကတည်းက သက်ဆိုးရှည်နေပါလိမ့် .. ။ တစ်ယောက်တစ်ပေါက် လက်ညိုးထိုးမှုတွေထက် လက်တွေ့လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ဘာလို့များ မထွက်လာကြတာပါလိမ့် .. ။ ထူးချွန်သူတွေ ၊ ထက်မြက်သူတွေ ၊ အတွေးအခေါ်ကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ပြင်ပက လူတွေထဲမှာမှ ဒါတွေကို အဆင်ပြေအောင် မဆောင်ရွက်နိုင်တော့ဘူးလား .. ။

“ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲရထားတယ်”လို့ ပြောရင်လည်း အားလုံးဝိုင်းရိုက်မယ့်ကိန်းပါပဲ .. ။ ဘယ်သူ့ကိုမှတော့ အပြစ်တင်စရာ မရှိပေမယ့် ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းကောင်းတွေကိုတော့ ကြိုဆိုအလိုရှိမိတယ် .. ။ စစ်အာဏာရှင်ခိုင်းစေသမျှကို ခေါင်းညိတ်ပြီး နောက်ကွယ်မှာ အတင်းပြောတဲ့လူတွေကိုတော့ တကယ်ရွံတယ် .. ။ မကျေနပ်ရင် ရှေ့တင်ဆန့်ကျင်ရဲရမှာပေါ့ .. ။ အစိုးရအမည်ခံပြီး သူခိုးဓါးပြလုပ်နေသူတွေစကားကို ဘာလို့များ နားထောင်နေကြတာပါလိမ့် .. ။

လူတွေရဲ့ အကြောက်တရား ပြင်းချက်ကတော့ တခါတလေ ကိုယ်တိုင်ပါစိတ်ဓါတ်ကျမိတယ် .. ။ မြန်မာပြည်နဲ့ ပတ်သတ်ပြီး ကြောက်နေရင်တော့ မှောင်ရိပ်ထဲထိုင်ရင်တောင် ကြောက်ရမယ့်ကိန်းပါ .. ။ မြန်မာပြည်ရဲ့ ကျေးရွာက အဖြစ်အပျက်တွေ ၊ အိမ်မဲ့ယာမဲ့လူတွေ ၊ အနာဂတ်မဲ့တဲ့ ကလေးတွေ … ဒီပုံရိပ်တွေမြင်ရင် မျက်ရည်ဝဲရပါတယ် .. ။ ကျမ အကုန်လုံးမကူညီနိုင်တဲ့အတွက်လည်း ရင်ထဲနာမိပါတယ် .. ။

ကျမ တစ်ခါတစ်လေ ကိုကို့ကိုပြောပြတယ် .. ။ “ကျမနားမှာ အကုန်ဖြည့်ဆည်းပေးတဲ့ မိဘနှစ်ပါး ၊ ဖြစ်ချင်တာကို ချက်ချင်းလုပ်ပေးတဲ့ ချစ်သူ … အကုန်ပြည့်စုံနေချိန်မှာ ကျမနဲ့ရွယ်တူလောက်ရှိမယ့် ဘ၀ပျက်နေတဲ့ မိန်းကလေးတွေ ၊ လမ်းဘေးက မိန်းကလေးတွေ .. သူတို့ကိုမြင်တိုင်း ကျမ တအားစိတ်မကောင်းဖြစ်မိတယ်”လို့ ပြောပြမိတယ် .. ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ တစ်ကယ်ကိုဖြစ်နေခဲ့ပြီ … ။ ခေတ်စပျက်ရင် ရဟန်းသာံတွေနဲ့ မိန်းမတွေ စတင်ဘ၀ပျက်ရတယ်ဆိုတာ အမှန်စင်စစ်ပါပဲ .. ။ ဒီလိုဖြစ်အောင် လုပ်ထားတဲ့ ဗိုလ်ချုပ်တွေ ရင်ကိုခွဲပြီး သူတို့အသဲနှလုံးတွေကို ထုတ်ကြည့်လိုက်ချင်မိတယ် .. ။

ကိုယ့်လူမျိုးအချင်းချင်း မညှာတာ ရက်စက်တဲ့နေရာမှာ မြန်မာလူမျိုးကို ပထမပေးသင့်ပါတယ် .. ။ မြန်မာပြည်က ဒုက္ခရောက်တဲ့ စာသင်ကျောင်းတွေ ၊ ကျေးရွာတွေကို ကူညီမယ်ဆိုပြီး အဖွဲ့တစ်ဖွဲ့က ဦးဆောင်ပြီး စင်ကာပူကမြန်မာတွေကို တစ်ယောက် ၂ ဒေါ်လာနှုန်းပဲ ကောက်အုန်း .. ။ စင်ကာပူမှာ မြန်မာလူမျိုးပေါင်း သိန်းဂဏန်းချီတော့မယ်ထင်ပါတယ် .. ။ လူဦးရေ ၆သောင်းရှိတယ်ဆိုရင် အားလုံးပေါင်း ၁သိန်း၂သောင်းရမှာပါ …. ။ ပျမ်းမျှ $ 100,000 ရရင်တောင် အများကြီး ကူညီလို့ရပါတယ် .. ။ ထမင်းတစ်ခါစားရင် အနိမ့်ဆုံး $ 2.50 ကျပါတယ် .. ။ ထမင်းတစ်ခါစားတောင် မရှိတဲ့ အလှူငွေထည့်ရမယ်ဆိုရင် လူတွေက လက်သိပ်တွန့်ပါတယ် .. ။ စေတနာ ၊ သဒ္ဓါတရား နည်းပါးကြပါတယ် .. ။ Night Club သွားပြီး အပျော်အပါးအတွက် အနည်းဆုံး ဒေါ်လာ ၁၀၀ကို မနှမြောကြပါဘူး .. ။ ရှိုးပွဲတွေ သွားပြီး ဒေါ်လာ ၆၀ကစပြီး ဖြုန်းတီးရမယ်ဆို လက်သိပ်မြန်ပါတယ်. . ။ ကိုယ်ရှာသမျှထဲက ရွေးစေ့လောက် လှူရမယ်ဆို မေးမြန်းခြင်းတွေအာပေါက်အောင် မေးပြီး လက်က ပြန်ပြန်ရုတ်သွားတတ်ကြတယ် .. ။ မြန်မာလူမျိုးတွေအားလုံး စေတနာထက်သန်တယ်လို့ ရှေးလူကြီးတွေပြောကြတာကို ကျမတော့ သိပ်မထောက်ခံချင်တော့ပါဘူး ..။ ကောင်းသူက နည်းနည်းလေးပါ .. ။

ကျမပတ်ဝန်းကျင်မှာ တစ်ဘို့တည်းကြည့်တဲ့ လူစားမျိုးတွေပဲ များပါတယ် .. ။ ဒီလိုလူတွေအများကြီးထဲက အများအတွက် အချိန်အား ၊ ငွေအား ၊ လူအင်အား အားလုံး ရင်းထားပြီး အမှန်တရားတစ်ခုအတွက် လုပ်ဆောင်နေသူကို ကျမဘ၀လက်တွဲဖော်အဖြစ် ရွေးထားတဲ့အတွက် အမြဲဂုဏ်ယူမိပါတယ် .. ။ နိုင်ငံရေးသမား မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်ဘ၀ထဲကနေ စာနာစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ “သူ့”ကို ကျမ လူချင်းမရင်းနှီးခင်ကတည်းက လေးစားပြီးသားပါ … ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်လို့ အများပြောမှာ မလိုလားလို့ ကျမသိပ်မပြောခဲ့ပေမယ့် ရင်ထဲမှာတော့ လေးစားစိတ်က ပိုတိုးလာမြဲပါ .. ။ သူသွားမယ့် ခြေလှမ်းတိုင်းမှာ အားပေးမှုအပြည့်နဲ့ ကျမလိုက်လျှောက်မှာပါ.. ။ ကျမသိတဲ့အရာက နည်းနည်းလေးပါ .. ။ လက်သည်းခွံသာသာလောက်ပဲ အသိရှိသေးတဲ့ ကျမစိတ်ကူးတွေထဲမှာ “သူ့”ကြောင့် အသိအားတွေ ပိုတိုးလာခဲ့ရတယ် .. ။ ကျမ ရဲရင့်တယ်ဆိုတာ သူနဲ့ယှဉ်၇င် အသေးအမွှားပဲရှိပါသေးတယ် .. ။ ကိုယ်ပိုင် စီးပွားရေးကတစ်ဖက် ၊ အများအတွက်လုပ်နေတာကတစ်ဖက် ၊ ဒီကြားထဲ ကျမနဲ့ပတ်သတ်ရင် အကုန်ဂရုစိုက်ရတာက တစ်ဖက်နဲ့ သူ့ကို တစ်ခါတစ်လေ သနားမိပါတယ် .. :D ။

မြန်မာပြည်နဲ့ပတ်သတ်ရင် ဆရာတွေချည်း များနေတဲ့ လူတွေကြားထဲမှာ နောက်ဆုံးအဖြေထွက်နှေးတာလည်း မမှားပါဘူး .. ။ ခေါင်းဆောင်တွေ များနေပြီး နောက်လိုက်မှ မရှိတာ .. ။ သူတစ်ပါးစိတ်ကူး ၊ အတွေး ၊ လုပ်ဆောင်မှုထက်စာရင် မိမိ စိတ်ကူးအတွေးတွေကို အများကလိုက်လုပ်တာကိုပဲ အလိုရှိတဲ့ လူစုတွေကြားမှာ ဒီမိုကရေစီဆိုတာ အရမိနိုင်ဖို့ နည်းနည်းလှမ်းနေသလိုပါပဲ .. ။

အများကြီးမလုပ်နိုင်ရင် မိမိလုပ်နိုင်သလောက်ကို စေတနာသန့်သန့်နဲ့ ကူညီလုပ်ပေးလိုက်ပါ”လို့ ကိုကိုပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ကျမ သဘောကျပါတယ် .. ။ လေတွေပေါ်မှာ ကုန်ဆုံးသွားတာထက် တကယ်လုပ်နိုင်တာကို လုပ်လိုက်တာက ပိုမြန်ပါတယ် .. ။ အတွေးတွေချည်း ရှိနေပြီး လက်တွေ့လုပ်ဆောင်မှုနည်းနေရင်တော့ လိုချင်သောအရာဆိုတာ ဝေးသထက်ဝေးနေမှာပဲလေ .. ။ ကိုယ်တိုင်က ဘယ်လောက်တော်တော် ၊ ဘယ်လောက်မှန်မှန် ၊ နအဖလူတွေရှေ့ရောက်ရင် အားလုံးက ကုပ်ကုပ်လေးတွေ ဖြစ်သွားတဲ့ ပုံစံတွေကို ကျမ တော်တော်စိတ်ကုန်လှပါပြီ .. ။ ဘာလို့ စိတ်ထဲရှိတဲ့အတိုင်း မဖော်ထုတ်ကြတာလဲ .. ။

မြန်မာနိုင်ငံအကြောင်း စကားစလိုက်တာနဲ့ “အေးအေးဆေးဆေးနေပါရစေ”ဆိုတဲ့ စကားသံတွေပဲ ပြန်ကြားရပါတယ် .. ။ အမှန်တကယ်က အဲဒီလိုပြောတာကိုက မှားနေတာပါ .. ။ တိုင်းပြည်တစ်ခုလုံး ငြိမ်းချမ်းသွားမှ အားလုံးက အေးအေးချမ်းချမ်းနဲ့ အိမ်ပြန်လမ်းတွေလှနေမှာပါ . ။။ မြန်မာပြည်မကောင်းသရွေ့ အားလုံးက အပြင်မှာပဲ လွင့်နေမှာပဲ .. ။ ဆရာဝန်ပဲဖြစ်ဖြစ် ၊ အင်ဂျင်နီယာပဲဖြစ်ဖြစ် ၊ ပရိုဂရမ်မာတွေ ၊ အကောင့်သမားတွေ ၊ စီးပွားရေးသမားတွေ အားလုံး ဘယ်သူပဲဖြစ်ဖြစ် ယခုပြည်ပမှာလက်ရှိလုပ်နေတဲ့အရာတွေကို ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ပြီး အိမ်နဲ့မကွာ မနေချင်ကြဘူးလား .. ။ အားလုံး နေချင်ကြမှာပါ .. ။ မိမိသာ မှန်ကန်တဲ့နေရာမှာ ရှိနေပါစေ … ဘယ်သူ့ကိုမှ မကြောက်တဲ့ သတ္တိမျိုးမရှိချင်ဘူးလား .. ။ အိမ်တစ်အိမ်မှာ မိဘနှစ်ပါးက အလုပ်လုံးဝမလုပ်ဘူးဆိုရင် တစ်အိမ်လုံးငတ်မှာပဲ .. ။ ဒီလိုပဲ …. မိမိပိုင်တဲ့ တိုင်းပြည်ကောင်းဖို့ဆိုတာ မိမိတို့အားလုံး လုပ်ရမှာပါပဲ ( ကျမစကားကြီးစကားကျယ် ပြောတာမဟုတ်ပါဘူး။ ရင်ထဲကစကားပါ )။ ကိုမင်းကိုနိုင်တို့ ဒေါ်စုတို့ တော်နေရုံနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ မရနိုင်ပါဘူး .. ။

မြန်မာပြည်ဆိုတာ နအဖဗိုလ်ချုပ်တွေ ပိုင်ဆိုင်တာမဟုတ်ပါဘူး .. ။ ပြည်သူပြည်သားအားလုံး ပိုင်ပါတယ် .. ။ ခေါင်းဆောင်ဆိုတာ ပြည်သူက တင်မြှောက်တဲ့ ၊ အစိုးရနေရာနဲ့ထိုက်တန်သူပဲ ဖြစ်ရမှာပါ .. ။ ကလေကချေက တိုင်းပြည်ကို အုပ်ချုပ်ရင် ပြည်သူအားလုံးလည်း ကလေကချေဖြစ်ကုန်မှာပါ .. ။ ပြည်ပမှာနေတဲ့သူတွေ ဘ၀က ဘာပဲဖြစ်ဖြစ် မြန်မာပြည်က ဒုက္ခရောက်နေသူတွေထက်စာရင် ပိုတော်ပါသေးတယ် .. ။ အဲဒီလိုလူတွေက အမိမြေကို ကျောမခိုင်းသွားသင့်ပါဘူး .. ။ တစ်လက်စတည်း ပြောလိုတာက ဘယ်နိုင်ငံသားကို ခံယူထားသည်ဖြစ်စေ ၊ မြန်မာလူမျိုးက မြန်မာလူမျိုးပဲဖြစ်တဲ့အတွက် မိမိရဲ့ပြောင်းလဲမှုက မြန်မာပြည်အတွက် ပိုကူညီနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ .. ။ မြန်မာပြည်အတွက် လုပ်ပေးနိုင်သူတွေကို ထောင်ထဲမှာ မမြင်ချင်တဲ့အတွက် မိမိရဲ့လုံခြုံရေးအတွက် ထိန်းသိမ်းတဲ့သူများကို ကျမ အားပေးပါတယ် .. ။ တစ်ဖက်ကို ဆန့်ကျင်ဖို့ဆိုတာ ကိုယ်တိုင်က အားရှိဖို့လိုပါတယ် .. ။

မြန်မာပြည်နဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင် လုပ်နိုင်တာလေးတွေ ရှိနေပါတယ် .. ။ အစိုးရနဲ့ပတ်သတ်တဲ့ ခရီးစဉ်တွေ ၊ စီးပွားရေးတွေ ဘာဆိုဘာမှ အားမပေးနဲ့ .. ။ အနည်းဆုံး မြန်မာပြည်ပြန်ရင်တောင် အစိုးရဖွင့်ထားတဲ့ ခရီးစဉ် MAI လိုလေကြောင်းကို အားမပေးကြနဲ့ .. ။ ဟိုတစ်ခါ အစိုးရနဲ့ပတ်သတ်တဲ့ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေကို သပိတ်မှောက်သလိုမျိုးပေါ့။ ပြည်ပက မြန်မာတွေဆိုရင် မတရားအခွန်ပေးရတယ် .. ။ ဥပမာ စင်ကာပူမှာ နှစ်ထပ်ကွမ်းအခွန်မဆောင်ရရေး စာချုပ်ကြီးကို သူတို့သဘောနဲ့ သူတို့ချုပ်ထားပြီး မြန်မာတွေကို မတရားအခွန်ကောက်တယ် .. ။ ဒါဆိုရင် သိပ်ဘောင်ကျော်သွားပြီ .. ။ သူတို့ချုပ်ထားတဲ့ စာချုပ်ကိုကိုင်ပြီး အားလုံးက အမှန်တရားကို ဥပဒေနဲ့အညီတောင်းဆိုရဲရမယ် … ။ ပါဝင်ရဲရမယ် .. ။ ကူညီနိုင်ရမယ် .. ။ အားပေးထောက်ခံနိုင်ရမယ် .. ။ ဒါဟာ မြန်မာလူမျိုးတွေအများကြီးထဲက တစ်စုကို ကူညီခြင်းပဲ … ။

”ခြေလှမ်းအကြီး မလျှောက်လှမ်းနိုင်ရင် ခြေလှမ်းသေးကို စလျှောက်ကြပါ”

Read More...

Tuesday, May 08, 2007

ကျမကိုယ်ကျမမုန်းသောအချက်များ


၁) ပထမဆုံးအချက်က မိဘဖြစ်စေချင်တာနဲ့ ကျမဖြစ်ချင်တာ အမြဲမတူညီတဲ့အတွက် လူဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိပါသည်။

၂) ရွေးချယ်မှု ၂ခုကြားမှာ လွန်ဆွဲနေတတ်သော ကျမစိတ်ကျမ မုန်းမိပါသည်။

၃) အားနာတတ်သော ကျမစိတ်ကို ကျမ မုန်းမိပါသည်။

၎) ကိုယ်ချင်းစာငဲ့ညှာပြီး နောက်ဆုတ်ပေးတတ်သော ကျမနှလုံးသားအား ကျမမုန်းမိပါသည်။

၅) ပတ်ဝန်းကျင် အသိုင်းဝိုင်းကို တစ်ခါတစ်လေ ဂရုစိုက်ပြီး မလိုအပ်တာကို သတိပြုမိသော ကျမနားတွေအား ကျမ မုန်းမိပါသည်။

၆) ကူညီတတ် ဒုက္ခမကြာခဏရောက်ရသော ကိုယ့်ကိုယ်ကိုယ် မုန်းပါသည်။

၇) အကောင်းဆုံးထက်ပိုကောင်းသော ၊ အလိုလိုက်နားလည်ဖြည့်ဆည်းပေးတတ်သော ချစ်သူကို မကြာခဏ စိတ်ဒုက္ခပေးမိတဲ့အတွက် ကျမကိုယ်ကျမ အလွန်မုန်းပါသည်။

၈) ရှင်းပြချက်မထုတ်ချင်သော ကျမအကျင့်အား ကျမမုန်းပါသည်။

၉) မရည်ရွယ်ဘဲ မှားတတ်သော ကျမအပြုအမူများအား ကျမ မုန်းမိပါသည်။

၁၀) စကားတွေအပိုပြောပြီး လူတွေအကြိုက် လိုက်မပြောတတ်သော ကျမအကျင့်အား ကျမ မုန်းပါသည်။




Read More...

အောင်မြင်သူများ၏ အောင်မြင်မှုလမ်းညွှန်ချက်များ


အောင်မြင်သူတွေ ဘယ်လိုစဉ်းစားမလဲ ။ သူတို့ကို ဘယ်ပုံဘယ်နည်းအောင်မြင်စေတဲ့ မောင်းနှင်အားတွေ ရစေတာလဲ။ စကားပြောအကောင်းဆုံးလူများနဲ့ အောင်မြင်မှုနဲ့ပတ်သတ်တဲ့ ရောင်းအကောင်းဆုံး စာအုပ်တွေရေးတဲ့ စာရေးဆရာများကို တွေ့ဆုံခဲ့ပါတယ်။ ဒီဆောင်းပါးမှာ အောင်မြင်ဖို့အတွက် သော့ချက်များကို တင်ပြထားပါတယ်။

တာဝန်အပြည့်ယူပါ

လူမှုအသိုင်းဝိုင်းမှာ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတယ်။ မိဘက သားသမီးတွေကို အပြစ်တင်တယ်။ အပြန်အလှန်အားဖြင့်လည်း သားသမီးတွေက မိဘကို အပြစ်တင်ကြတယ်။ ဘာကြောင့် ဒီလိုအပြစ်တင်ကြတာလဲ။ သူတို့ဆုံးရှုံးတဲ့အခါ တစ်စုံတစ်ယောက်ရဲ့ အပြစ်ဆိုပြီး ပုံချတတ်ကြတာ ဖြစ်လို့ပါပဲ ။ သို့သော် အောင်မြင်သူများကတော့ မိမိတို့ ဆုံးရှုံးမှုနဲ့ပတ်သတ်ပြီး ကိုယ်တိုင်တာဝန်ယူတတ်သူများ ဖြစ်တာကို တွေ့ရတယ်။ သူတို့ဟာ “ဒီလိုဖြစ်တာ ဖြစ်သင့်လို့ပဲ။ ဒီလိုဆုံးရှုံးတာဟာ ငါ့ကြောင့်ပါပဲ”လို့ လက်ခံကြတယ်။

သူတို့အနေနဲ့ တစ်စုံတစ်ယောက်ကို အပြစ်တင်လိုက်ရင် ဆုံးရှုံးဖို့ အခွင့်အလမ်းများတယ်ဆိုတာကို သဘောပေါက်ထားကြလို့ပါပဲ။ သူများကို အပြစ်တင်လိုက်တဲ့အခါ သင့်ရဲ့သြဇာသက်ရောက်မှုကို စွန့်လွှတ်လိုက်ကြတယ်။

သူတို့အနေနဲ့ တစ်စုံတစ်ယောက်ကို အပြစ်တင်လိုက်ရင် ဆုံးရှုံးဖို့အခွင့်အလမ်းများတယ်ဆိုတာကို သဘောပေါက်ထားကြလို့ပါပဲ။ သူများကို အပြစ်တင်လိုက်တဲ့အခါ သင့်ရဲ့ သြဇာသက်ရောက်မှုကို စွန့်လွှတ်လိုက်တာနဲ့အတူတူပါပဲ။

လူတစ်ယောက်ကို အပြစ်တင်တယ်ဆိုတာ “သင်ဟာ ငါ့ထက်ပိုပြီး ငါ့ကိုစိုးမိုးထားတယ်”ဆိုတဲ့ သဘောသက်ရောက်နေတာပဲ။

လက်စ်ဘရောင်း ( Les Brown ) အကြောင်း စဉ်းစားကြည့်ရအောင်။ မွေးလာကတည်းက မိဘနှစ်ပါးနဲ့ စွန့်ပစ်ခြင်းကို ခံရတယ်။ သူ့ကို “ပညာသင်ဖို့အတွက် ဥာဏ်ရည်ဥာဏ်သွေးမပြည့်မီ”လို့ ကမ္ပည်းတပ်ထားတယ်။

ဒီတော့ ကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ဘ၀ကို ရွံရှာမုန်းတီးတော့မှာပေါ့။ သူ့မှာ မျှော်လင့်ချက်တွေ ဆုံးရှုံးသလို ခံစားရမှာပေါ့။

သို့သော် အထက်တန်းကျောင်းရောက်တော့ သူ့ရဲ့ဆရာက သူ့ကိုပြောတယ်။ အခြားလူတစ်ယောက်ယောက်ရဲ့ ပြောစကားကြောင့် မင်းအဲဒီလိုပြောတဲ့အတိုင်း ဖြစ်ရမယ်ဆိုတာ မဟုတ်ပါဘူးတဲ့။

လက်စ်ဘရောင်းဟာ ဒီတော့မှ သဘောပေါက်တယ်။

“အနာဂတ်ဆိုတာ ငါ့လက်ထဲမှာရှိတယ်”

“ငါ့ရဲ့အနာဂတ်ကို ငါသာလျှင်ပိုင်စိုးတယ်”

အဲဒီတေနာက် သူဟာ နိုင်ငံေ၇းသမားတစ်ယောက် ဖြစ်လာတယ်။ စာရေးဆရာလည်း ဖြစ်လာတယ်။ သူဟာ စကားပြော အင်မတန်ကောင်းတယ်။ တစ်နာရီစကားပြောရင် ဒေါ်လာ (၂၀၀၀၀)ရတယ်။ အမေရိကန် ပြည်ထောင်စုမှာ ထိပ်တန်းဟောပြောသူဖြစ်တယ်။

လက်စ်ဘရောင်း သိထားတာတွေရှိတယ်။ သင်ဟာ ရာသီဥတုကို ထိန်းချုပ်လို့မရဘူး။ အတိတ်ကိုလည်း ပြန်ပြောင်းလို့မရဘူး။ ဒီလိုပါပဲ။ လူတွေကိုလည်း ထိန်းချုပ်လို့မရဘူး။ အကောင်းဆုံးက မိမိဘ၀ကို မိမိတာဝန်ယူနိုင်ဖို့ပါပဲ။ မိမိသာလျှင် မိမိဘ၀ကို တာဝန်အယူနိုင်ဆုံးလူသားလည်းဖြစ်တယ်။

ရည်ရွက်ချက်နဲ့အသက်ရှင်ပါ

ထိပ်တန်းေ၇ာက်နေတဲ့ အောင်မြင်သူတွေဟာ သူတို့ရဲ့ဘ၀ကို ရည်ရွယ်ချက်များနဲ့ နေထိုင်ကြတယ်။ သူတို့ဟာ သူတို့ယုံကြည်ချက်တွေကိုသာ ဆောင်ရွက်ပါတယ်။

“ဘ၀မှာ ရည်ရွယ်ချက်ထားကာ နေထိုင်ခြင်းက အရေးပါဆုံးပါပဲ”လို့ ၀န်းဒိုင်ယာ ( Wayne Dyer )က သူ့ရဲ့ အရောင်းကောင်းဆုံး စာအုပ်ဖြစ်တဲ့ Your Errroneous Zone ထဲမှာ ရေးသားထားပါတယ်။

ဘ၀မှာ ဘာရည်ရွယ်ချက်မှ မထားဘူးဆိုရင် ဘာကိုမှ ကြိုးစားပမ်းစား မလုပ်ချင်ဘဲ ဘယ်ပြဿနာကိုမှ ဖြေရှင်းလိုတဲ့ဆန္ဒ ရှိမှာမဟုတ်ဘူး။ ရည်ရွယ်ချက်ထားသူတွေဟာ အလုပ်ကောင်းကောင်းလုပ်တယ်။ မိမိလုပ်နေတဲ့ အလုပ်ကိုလည်း ချစ်မြတ်နိုးတယ်။ ဒါဟာ သိသာထင်ရှားပေါ်လွင်နေတယ်။ သင့်ကို လုပ်ငန်းတွဲဖက်လုပ်ဖို့ လူတွေစိတ်ဝင်စားမှာပဲ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ အလုပ်ကို စိတ်ဝင်စားတာကိုး။

ဘ၀မှာ ရည်ရွယ်ချက်နဲ့ ဘယ်လိုနေမလဲ။

သင်ဘာလုပ်ချင်သလဲဆိုတာ ပထမဆုံး စဉ်းစားရှာဖွေပါ။ သင်လုပ်ချင်တဲ့ လုပ်ငန်းကို ယုံကြည်ပါ။ ပြီးတော့ ဒီလိုလုပ်ငန်းကို ဖန်တီးကြည့်ပါ။ မိုက်ဖယ်ရီအကြောင်း ပြောပြမယ်။ သူဟာ ကက်ဆက်တိပ်ခွေ ရောင်းသူပါ။ ဒီအခွေတွေအတွက် ပရိုဂရမ်တွေ လုပ်ပေးရတယ်။ သူကွန်ပြူတာကျွမ်းကျင်လာတယ်။

ဒီတော့ သူစဉ်းစားတယ်။ ဘယ်သူ့ကို ကူညီရမလဲလို့။ ဒီလိုကူညီပြီး သူ့ဘ၀ကို မြှင့်တင်နိုင်မယ်လို့ သူယုံကြည်တယ်။

ဒါကြောင့်ပတ်ဝန်းကျင်ကို လေ့လာတဲ့အခါ အိမ်ရောင်း ၊ အိမ်ဝယ် ( အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်း)ကို မြင်တယ်။

အဲဒီမှာ သူဟာ အကျိုးဆောင်ကုမ္ပဏီထောင်တယ်။ သူတတ်တဲ့ ကွန်ပြူတာပရိုဂရမ်တွေဟာ အိမ်မြေ၀ယ်လိုသူတွေအတွက် အလွန်အသုံးဝင်တယ်။

သူက တကယ့်အိမ်တွေကို လိုက်မပြခင် ကွန်ပြူတာနဲ့ အရင်ပြတယ်။ အနီးစပ်ဆုံးဈေးနဲ့ အကောင်းဆုံးအိမ်တွေကို ကွန်ပြူတာကနေ ပြနိုင်တာပဲ။ ဖောက်သည်တွေဟာ အတော်ကျေနပ်တယ်။ အရောင်းအ၀ယ်တွေ အများကြီးဖြစ်တယ်။ မိုက်ဖယ်ရီဟာ တစ်နှစ်ကို ဒေါ်လာသန်း (၂၀) ၀င်ငွေရှိတဲ့ ကုမ္ပဏီပိုင်ရှင်ဖြစ်လာတော့တာပဲ။

စီမံချက်ချပါ

မိမိရဲ့အနာဂတ် လိုအပ်တာတွေကို ရေးပါ။ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲဆိုတဲ့ စီမံချက်ကိုချမှတ်ပါ။ စီမံချက်ကို ချမရေးထားသူတွေဟာ လမ်းပြမြေပုံမရှိဘဲ မရောက်ဖူးတဲ့ဒေသကို ခရီးသွားသလိုပါပဲ။

သင့်ရဲ့အနာဂတ်ခရီး မိမိမရောက်ဖူးတဲ့အရပ်ကို (မော်တော်ကားတစ်စီးမောင်းပြီး) ခရီးသွားတဲ့ ပုံစံမျိုးနဲ့ တူတယ်။ မြေပုံမရှိရင် အချိန်ကုန်မယ်။ ပင်ပန်းမယ်။ ခရီးမတွင်ဘူး။ တစ်ခါတစ်ခါ လှည့်ပြန်ရတာမျိုးတွေလည်း ရှိတတ်တယ်။

ပညာရှင်တစ်ယောက်ကပြောတယ်။ ပန်းတိုင်ကိုချရေးထားပါတဲ့။ ချမရေးထားတာက ပန်းတိုင်မဟုတ်ဘူး။ အပျော်တမ်းခရီးထွက်နေသလို ဖြစ်မယ်တဲ့။

ဒီတော့ သင်အောင်မြင်ချင်တယ်။ ထိပ်ဆုံးက အောင်မြင်ချင်တယ်ဆိုရင် တိကျပြတ်သားတဲ့ ပန်းတိုင်ထားပါ။ အချိန်ကန့်သတ်ထားပါ။ ထိပ်ဆုံးရောက်တယ်ဆိုတာက အလကားရတာမဟုတ်ပါဘူး။

ပေးဆပ်ပါ

ဘ၀အတွက် အောင်မြင်မှုကိုလိုချင်ရင် ပေးဆပ်ရပါတယ်။

အိမ်ကြီးကြီးတစ်လုံးလောက်လိုချင်သလား။ ဒေါ်လာတစ်သန်းလောက် လိုချင်သလား။ ဒီအိပ်မက်တွေဟာ ဖြစ်လာနိုင်တဲ့ အိပ်မက်တွေပါ။ လိုချင်ရင် ထိုက်တန်တာကို လုပ်ရမှာ ဖြစ်တယ်။ ဒါအပြင် လူတော်တော်များများဟာ တစ်ခါရတာနဲ့ ရပ်မသွားပါဘူး။ နှစ်စဉ် နှစ်စဉ် ထပ်လိုချင်နေကြတာပါပဲ။

ဒီတော့ ဘာကိုမှ ဆင်ခြေမတက်ပါနဲ့။ လုပ်စရာရှိတာကိုလုပ်ပါ။ လက်စ်ဘရောင်းက ပြောပါတယ်။ သူ့အနေနဲ့ နေ့စဉ် ဖုန်းပြောမှုတွေ ရာချီပြီး ပြောနေရတယ်။ လူတွေနဲ့တွေ့မှ အလုပ်ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် သူ့ကို ဘယ်အုပ်စုကမှ စကားပြောဖို့ ငှားမှာလဲ။

“ခုလို လူတွေနဲ့ပြောရတာ ဒေါ်လာသန်းချီတန်ပါတယ်”လို့ သူကပြောပါတယ်။

နိဂုံး

အောင်မြင်သူဖြစ်ဖို့ အောင်မြင်သူတွေကို အတုယူရပါတယ်။ သူတို့ပြောတာ ဆိုတာတွေကို မှတ်သားရပါတယ်။ စာတွေကို ဖတ်ရပါတယ်။ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးပါနဲ့။ Chicken Soup For Soul ဆိုတဲ့ စာအုပ်ဟာ ဒီနေ့မှာ လူသိများပါတယ်။ ဒါပေမဲ့ အကြိမ်ကြိမ်ပယ်ချခံရပါတယ်။ အကြိမ်ကြိမ် ကြိုးစားရတာကို လူတွေမသိကြဘူး။ ဒီနေ့ ဒီစာအုပ် (၁၂)သန်းရိုက်ရပါတယ်။

နောက်ဆုံးအနေနဲ့ ဘယ်တော့မဆို လုပ်စရာရှိတာကိုလုပ်ပါ။ ကျွန်တော်တို့ဟာ ထာဝရ အသက်မရှင်နိုင်ဘူး။ အောင်မြင်မှုဟာ အသက်ရှင်စဉ်မှာဖြစ်တာ ပိုပြီးကောင်းတာပါပဲ။

ဒေါက်တာခင်မောင်ညိုဆောင်းပါးများကိုပြန်လည်ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

Read More...

Thursday, May 03, 2007

Political Songs

လင်းဘလော့ခ်က သီချင်းတွေ ယူမရတဲ့ သူငယ်ချင်းတွေအတွက် ဒီလင့်ခ်တွေကနေ ယူလိုက်ကြပါရှင်။

National Destroyer

8888 Mission

ငြိမ်းချမ်းရေးတိုက်ပွဲ

Union Day

Than Shwe Final

လှောင်ချိုင့်ထဲကတေး (၁)


လှောင်ချိုင့်ထဲကတေး (၂)


ကမ္ဘာမကြေဘူး

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်



ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်

“ကြည်

ပဲပြုတ်နဲ့ နံပြားစားချင်တယ်”

အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း”ဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။

တစ်ခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော “ပဲပြုတ် နံပြား” စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။

“ပူဆာ”သည်ဟု ဆိုရခြင်းမှာ “ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ် ၊ မနက်စောစော အသင့်ဝယ်ထားလိုက်”ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။

အထက်ဖော်ပြပါ စာတိုကလေးကို ဗီုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ ၊ လေ့လာသူ ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။

သို့သော် ယင်းစာတိုကလေးနှင့် ပတ်သတ် သဘောထားကွဲလွဲမှု ၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။

သဘောထားကွဲလွဲမှု ၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။

ယင်းစာတိုကလေးနှင့် ပတ်သတ် အငြင်းပွားမှုအကြောင်း အနည်းငယ်မျှရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး ၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနာဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း ၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။

ဥပမာ ဇူလိုင် ၊ ၉၄ထုတ် “နွယ်နီ” မဂ္ဂဇင်းမှ ကျွန်တော်၏ “ငါးမူးတန်းမှ ရုပ်၇ှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။

“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Character ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲ့ကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”

သို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော်ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း ရနိုင်မည့် ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင် ----

၁၉၄၆ခုနှစ် ၊ စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံး) သို့ နေ့စဉ်ရုံးတက်ခဲ့ရပါသည်။

သူ၏ ရာထူး (တရားဝင် အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။ (ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိအဖြစ် ဦးဆောင်စည်းဝေးရပါသည်။ လွတ်လပ်ရေးမရသေးမီ ကာလဖြစ် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာန သုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။

တစ်နေ့သ ဗိုလ်ချုပ်သည် မွန်းလွဲသုံးနီာခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး ခေါ်သဖြင့် ကျွန်တော်လည်း ချက်ချင်းပင်သူ၏ ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။

ထို့နေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတန်းများ ၊ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

“ဘာများလဲ ဗိုလ်ချုပ်”

ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်သလို ဟန်မျိုးဖြင့်

“ငါအခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ”ဟု ပြောပါသည်။

ဗိုလ်ချုပ်က ဘာကြောင့် သို့ပြောသည်ကို ကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါပြီ။

ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့်နှစ်ဦးအား နံနက်စာ ထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခုဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လားမသိ။ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာလက်ဆေး ရုံးသွားရန် ပြင်ဆင်ခဲ့ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက်အလုပ်လုပ်နေရချိန်တွင် ဘာမျှ မစားသောက်ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။

(မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရေသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ)

ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင် ပြောမှန်းသိလည်း တစ်ခုခုဝယ်ကျွေးစိတ် ဖြစ်ပေါ်လာမိပါသည်။

“ဗိုလ်ချုပ် ဘာများစားချင်လို့လဲ”

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

“ဘာလဲ ၊ မင်းက ငါ့ကိုဝယ်ကျွေးမလို့လား။ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကော ရှိလို့လား”

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။ သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူဖြစ် ကျွန်တော်တို့လူငယ်တွေကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတါင် ထိုနေ့ကတော့ သူဗိုက်ဆာ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကိုမပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ”

ကျွန်တော်က ခပ်တည်တည်နှင့် အကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်ပါသည်။ အမှန်က ကျွန်တော်၏ အကျီအိတ်ထဲတွင် ငွေငါးကျပ်တန်တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက် ၊ စုစုပေါင်းငွေ ခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။

“ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း ( ရွှေဘုံသာလမ်း)က ပလာတာနှင့် ခပတ်စားချင်တယ်ကွာ”

“ဟုတ်ကဲ့ ၊ ဒါဆိုရင်လဲရပါတယ်။ ကျွန်တော့်မှာ ပါတဲ့ ငွေနဲ့လုံလောက်ပါတယ်။ ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့ ။ ကိုင်းလာပါ ဗိုလ်ချုပ်”

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

“ဟေ့ ငါတို့ရုံးဆင်းတော့မယ်။ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”ဟု ညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ် ရုံးအောက်သို့ ဆင်းခဲ့ပါသည်။

ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင် မဂိုလမ်း (ရွှေဘုံသာလမ်း) ၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ် အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွားလိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကို ကျွေးရန် မည်သို့မည်ပုံပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီး ဖြစ်သည်။

မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် လွန်စွာဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။

ဒီမယ် ခင်ဗျား ၊ ကျုပ်ကိုသိတယ်မဟုတ်လား ၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ။ ဟိုမှာ ထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်။ ခက်တာက ကျူပ်မှာ ပိုက်ဆံအလုံအလောက်မပါဘူး။ ဒါကြောင့် ကျူပ်တို့အခုစားလို့ ကျသင့်တဲ့ ငွေကို နက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ။ နောက်ပြီး ကျူပ်တို့ပြန်ခါနီး ဗိုလ်ချုပ်က မေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ။ ကျူပ်မှာ ပိုက်ဆံမပါလာတာကို သူ မသိစေချင်ဘူး

ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှလှမ်းကြည့်လိုက်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

“စိတ်ချပါ ဆပ် ။ ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ။ ရပါတယ်။ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပါပြီလို့ ဖြေပေးပါ့မယ်”

သို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။

ပလာတာနှင့် ခပတ်နှစ်ပွဲရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကိုကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါတကားဟု စိတ်ထဲမှကျိတ် မှတ်ချက်ချမိသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင်စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

“ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်”ဟုပြောရာ ကျွန်တော်လည်း

“ရှင်းပြီးပါပြီ ဗိုလ်ချုပ်။ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ်”ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း အချက်ပြခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အားရိုသေစွာ ဆလံပေးအလေးပြုရင်း

“ပိုက်ဆံရှင်းပြီးပါပြီ”ဟု ပြုံး ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

“ဘယ်နှယ့်လဲ ဗိုလ်ချုပ် ။ စားလို့ကောင်းပါရဲ့လား”

ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း “အေးကွ မစားရတာ ကြာလို့လား မသိဘူး။ အလွန်စားလို့ကောင်းတယ်” ဟု ပြုံးပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။

ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်းတာဝါလိန်းလမ် (နတ်မောက်လမ်း) နေအိမ်သို့မောင်းပြန်လာခဲ့ပါသည်။

နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း(ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

၁၉၄၆ခုနှစ် ၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ ၊ ဟင်္သာတဦးမြ ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့် ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။

ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ် ၊ မော်တော်ယာဉ် ၊ မီးရထား ၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမည်းညူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် “မောရစ်၂၅” အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း ၊ ရခိုင်ဖက်တွင်လည်း နွားလှည့်တစ်လှည့် ၊ ခြေကျင်တစ်ခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓါတ်မကျဘဲ ပျော်ရွှင်ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။

[မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတါင်လည်း စစ်ဖက်ရာထူးမေဂျာဂျင်နရယ် (ဗိုလ်ချုပ်)အလံ ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး အလံဟူ အလံသုံးခုဆင့် လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည် ]

ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင် တစ်ဝိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ် သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ် ၊ သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။

သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ် ခပ်တိုးတိုးမေးပါသည်။

ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”

“ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ”

ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။

ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆို၇င် မဖြစ်ဘူးထင်တယ်ကွ”

“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်”

“ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။

ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့် ဝေးဝေးပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။

သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေုငာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့်

“ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်” ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာ စိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံးခေါင်းညိတ်ပြပါသည်။

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ်ပြန်လျှောက်သွားလိုက်ပါသည်။

“ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်”

သို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး “ပေါင်းမိုး” လှေဝမ်းအပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။

လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။

လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည်ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်

“ဗိုလ်ချုပ် အခုသွားရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း ၊ ညတုန်းကလဲ စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တစ်ရေးလောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ်” ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ် ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး ၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ့လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့်

“ဟေ့ကောင် လုပ်စမ်းပါဦးကွ ၊ ငါဘယ်လိုဝတ်ရမှာလဲ”ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ “နက်ကတိုင်” လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။

ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်းလား မပြောတတ် ၊ ချက်ချင်းလိုပင် အိပ်ပျော်သွားရှာပါသည်။

သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ် လှော်ခတ်သွားကြရပါတော့သည်။

ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။

မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား ၊ အင်းအိုင်မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန် ၊ ရေကူးအသင်း ( swimming club ) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမ၈္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသားကိုအောင်ဆန်းအနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။

ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ် ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။

တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်မရပါ။ ယင်းကိစ္စနှင့် ပတ်သတ် ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော

“လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ်” ဟူသော သွန်သင်ဆုံးမချက် ၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and Love Of Truth) ဟု ပြောခဲ့သည့်အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူပင် ဖြစ်ပါသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။

တက္ကသိုလ်နေ၀င်း


Read More...