Thursday, February 15, 2007

ပြန်လာခဲ့မည်

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အနိုင်နိုင်အချိန်ကြားက လွန်ခဲ့တဲ့၂ရက်လောက်က မေးလ်စစ်လိုက်တော့ ဗိုလ်ချုပ်မွေးနေ့အတွက် ကျွန်မ ဘာမှစာမရေးနိုငတာတွေ ၊ အခုနောက်ပိုင်း ကျွန်မ ခြေလှမ်းတွေငြိမ်သွားတာတွေကို ရိသဲ့သဲ့စာတွေနဲ့အတူ ပို့ကြတာ ကျေးဇူးပါ … ။ ဖေဖော်ဝါရီ၁၂ရက်နေ့က ပြည်ထောင်စုနေ့ဆိုတာကို ကျွန်မ သိပေမယ့် အဲဒီမနက်ခင်းမှာ ကျွန်မမေ့သွားတယ် .. ။ ကျွန်မခေါင်းထဲ ကျွန်မကျောင်းစာနဲ့ သင်တန်းတွေကြားက ရတဲ့ Stress တွေပဲပြည့်နေတယ်.. ။ သံလွင်အိပ်မက်အမှတ်(၁၀)အတွက် ကျွန်မ စာတစ်လုံးတောင် မရေးရသေးသလို အသက်တောင်မရှုနိုင်ဖြစ်နေရတယ် … ။

ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျွန်မ အရေးကြီးကိစ္စရှိတာနဲ့ မြန်မာသံရုံးကို ချစ်ခင်စွာနဲ့ ရောက်သွားခဲ့တယ်.. ။ ကျွန်မလိုပဲ လာတဲ့လူတွေ တော်တော်များတယ် .. ။ အဲ သံရုံးရှေ့လည်းရောက်ရော ဒီစာတန်းကြီးက ကြိုဆိုနေတယ်။

”ပြည်ထောင်စုနေ့တွင် မြန်မာသံရုံးပိတ်ပါသည်”တဲ့။

တိန်တစ်ခွန်းပဲ ဟနိုင်တော့တယ် .. ။ ကျွန်မနေတာ ဘွန်လေးဘက် ။ မြန်မာသံရုံးက အော့ချပ် .. ။ ကားစီးတာနဲ့ လမ်းလျှောက်တာနဲ့ အားလုံးပေါင်း ၂နာရီလောက်သွားရတယ် .. ။ မောလိုက်တာ ဟိုလည်းရောက်ရော အဲဒီစာတန်းကြီးပဲ ဆောင့်ကန်လိုက်ရမလား .. ။ စင်ကာပူပိတ်ရက်ရော ၊ မြန်မာနိုင်ငံရဲ့ ပိတ်ရက်တွေရော ဘာမှမကျန်အောင် ပိတ်တဲ့သံရုံးကလူတွေကိုပဲ ခဲနဲ့သွားထုရမလား ဘာမှတွေးမရဘူး .. ။ ပိုဆိုးတာက ကျွန်မက ကျောင်းကနေ ခွင့်ယူရတာပဲ .. ။ အခုနောက်ပိုင်း လက်ချာတွေက သိပ်အရေးကြီးသလို ကျွန်မ ကျောင်းပျက်ချင်တာ မဟုတ်ဘူး .. ။ ကျွန်မ စိတ်ပျက်ပျက်နဲ့ Singapore ICA ကိုပဲ ကူးလိုက်ရတော့တယ်.။

မြန်မာသံရုံးက ရေလည်မိုက်တယ် … ။ ကုလားအစ်ဆိုလည်း လိုက်အစ်တယ် .. ။ တရုပ်နှစ်ကူးရင်လည်း လိုက်ကူးတယ်.. ။ မြန်မာနိုင်ငံရဲ့ သီတင်းကျွတ် ၊ တန်ဆောင်မုန်း ၊ သင်္ကြန်၊ ကထိန် ၊ တပ်မတော်နေ့ ၊ တောင်သူလယ်သမားနေ့ ၊ ရှိသမျှရက်အားလုံး အကုန်ပိတ်တယ် .. ။ ဘယ်လူမျိုးတွေပိတ်ပိတ် သူတို့အကုန်ပိတ်တယ်… ။ ကောင်းလိုက်တာ .. ။

အင်္ဂါနေ့ ဗီုလ်ချုပ်မွေးနေ့မှန်းသိတယ် ။။ မနက်စောစော သူငယ်ချင်းတွေကိုပဲ ဖုန်းနဲ့လှမ်းသတိပေးဖြစ်တယ် .. ။ ပြီးတော့ မနက်၈နာရီအိမ်ကနေ စထွက်တာ သံရုံးကိုရောက်တော့ ၉ခွဲကျော်ကျော် … ။ ပိုဆိုးတာက အခုက နှစ်သစ်ကူးဆိုတော့ ရန်ကုန်ကိုပြန်မယ့်သူ တအားများလွန်းတယ် ။။ တစ်ခါမှ အဲဒီလောက် လူများတာ မတွေ့ဖူးဘူ.. ။ သံရုံးက ညှောင့်စိသေးသေးလေး .. ။ လူတွေက တအားများတော့ ရပ်စရာနေရာတောင် မရှိတဲ့အပြင် လူတွေက အကုန်အပြင်ထွက်ရပ်နေရတယ် .. ။ နေကပူပူ ၊ သံရုံးမှာ လူတွေက အပြည့်နဲ့ မူးတောင်လဲချင်တယ် … ။ သံရုံးမှာ ပိုက်ဆံတစ်ခါပေးဖို့အရေး ကျွန်မ ဘယ်အချိန်ထိ စောင့်ခဲ့ရတယ်လို့ ရှင်တို့ထင်လည်း .. ။ ညနေ၅နာရီခွဲမှ ကျွန်မ သူတို့ကိုပိုက်ဆံပေးရတယ်။ ကျွန်မဘေးနားက ထိုင်တဲ့ ချင်းမလေးက ဘာပြောလည်းဆိုတော့ “ကိုယ်က ပေးရမယ့်ကိစ္စကို တစ်နေကုန် ခြေထောင့်တွေ တောင့်နေအောင် စောင့်ရတယ်”တဲ့ .. ။ ဟုတ်တယ်။ ပြီးတော့ အော်လည်းခံလိုက်ရသေးတယ် ဟူး။

ကျွန်မ နာမည်ခေါ်မလားလို့ စောင့်နေတာ ဗျိုင်းဖြစ်မတတ်ပါပဲ … ။ လူတွေကလည်း ကြာလွန်းလို့ ပွစိပွစိ ၊ နေကလည်းပူ ၊ နားလည်းပူ အကုသိုလ်အရမ်းများခဲ့တယ်.. ။ သူတို့ အလုပ်လုပ်တာက ကျွန်မကြည့်နေတော့ စစ်စတန်မကျဘူး.. ။ လူတစ်ယောက်ပိုက်ဆံပေးရတာ ဘာကြာလို့လည်း ။ ကွန်ပြူတာနဲ့ ၂ချက်လောက် ဒေါက်ဒေါက်ခေါက်လိုက်ရင် အကုန်ပြီးမယ့်ကိစ္စကို တစ်ယောက်ကိစ္စလုပ်ရင်မပြီးနိုင်ဘူး .. ။ စိတ်မရှည်လို့ ”ဦးလေး သမီးဝိုင်းကူညီရအုန်းမလား”လို့ ပြောလိုက်တော့ ရီပြတယ် ဟွန်း . ။

ကျွန်မပေးရမှာက တကယ်တော့ သက်တမ်းတိုးတဲ့ ၃၀၀တည်းပါ .. ။ အဲဒီနေ့က ၈၀၀ တောင်းတယ် .. ။ သူတို့ပြောတဲ့ ဥပဒေကိုတော့ ကျွန်မ မကြားဖူးပါဘူး .. ။ အလုပ်မလုပ်တဲ့အတွက် ၅၀၀ တောင်းတယ်တဲ့ .. ။ ကြားဖူးလားတော့ မသိဘူး .. ။ အလုပ်လုပ်လို့ အခွန်ဆောင်ရတ်ယပဲ ကြားဖူးတယ်။ အလုပ်မလုပ်လို့ ပိုက်ဆံပေးရတယ်ဆိုတော့ ကျွန်မက တမျိုးကြီးပါလားလို့ သူတို့ကိုပြန်ပြောတော့ ဘေးနားက လူတွေက “စင်ကာပူမှာ အလုပ်လုပ်လည်းဆောင် ၊ မလုပ်လည်းဆောင်ညီမရေ”တဲ့. ။ ဟုတ်ပါတယ်။ ဘေးနားက တိုင်းရင်းသူမလေးက စကားမပီတပီနဲ့ “ဘဘနေမကောင်းလို့ပိုတောင်းတာလား”လို့ ပြောတော့ အားလုံးက ၀ါးခနဲရီကြတယ်… ။

သံရုံးကနေ အိမ်ကိုပြန်တော့ ကျွန်မ ခြေထောင်တောင် မလှုပ်နိုင်တော့ဘူး .. ။ အိမ်ကိုပြန်ပြီး နားတောင်မနားရဘဲ ၊ ရေချိုးပြီး မှန်ရှေ့ထိုင်တော့ လူက ငိုက်နေပြီ .. ။ သွားစရာရှိသေးတော့ အ၀တ်အစားလဲပြီး ကျွန်မ အိမ်ကနေထွက်တော့၈ခွဲနေပြီ … ။ ၀ယ်ခြမ်းစရာဝယ်ပြီး အိမ်ပြန်လာတော့ အိပ်ချိန်နဲ့ကွက်တိ ..။ ပင်ပင်ပန်းပန်းနဲ့ နာရီကိုကြည့်လိုက်တော့ ချစ်သူများနေ့ရောက်ပြီ … ။ ပါးစပ်ရော လက်ရော ခြေထောက်ရော မလှုပ်နိုင်တော့ပါဘူး … ။ နောက်တစ်နေ့မနက်ခင်းရောက်တော့ လက်ချာအချိန်တွေက ကျွန်မကို လှလှလေး ကြိုနေပြန်ရော … ။ ဟူးဟူး။

အရင်ကဆိုရင် ကျွန်မကို အွန်လိုင်းကနေ ပို့ပေးကြတာတွေ ၊ ကျွန်မ၀ယ်တာတွေ စာအုပ်တွေမျိုးစုံ လိုက်ရှာဖတ်တယ် …. ။ ကျွန်မ အားလည်းအားတာကိုး … ။ ဒုတိယနှစ်တုန်းက စာက မိုင်နာကေ့စ် ။ အဲ နောက်ဆုံးနှစ်လည်းရောက်ရော လျှာပါထွက်နေပြီ … ။ ကျွန်မ ခြေလှမ်းတွေငြိမ်သွားတာ မဟုတ်ပါဘူး … ။ ကျွန်မ ခဏအခြေခိုင်အောင်လုပ်နေတာလည်း ဖြစ်ပါတယ် .. ။ လက်ထဲက ကလောင်တံကို ခိုင်မြဲစွာ ကိုင်ဆောင်ပြီး ခွန်အားအပြည့်နဲ့ ဆန့်ကျင်ဖို့ဆိုတာ ကျွန်မခြေထောက်အောက်ခြေ ခိုင်နေမှဖြစ်မယ်လေ .. ။ အခြေမခိုင်ရင် ကိုယ်ပဲ ထိပ်ဆုံးကနေ ပြုတ်ကျမှာပေါ့ … ။

ကျွန်မစိတ်တွေ ၊ ခံစားမှုတွေ ၊ ရည်ရွယ်ချက်လေးတွေ ပြောင်းသွားပြီလားလို့ ကျွန်မကိုချစ်တဲ့ မိတ်ဆွေတွေက လာမေးတယ် .. ။ လင်းလက်ဘယ်တော့မှပုံစံမပြောင်းဘူး .. ။ ဒီအတိုင်းပါပဲ .. ။ တခုပဲ စိတ်ငြိမ်သွားတာ .. ။ အဲဒါ သူ့ကြောင့်ပါပဲ …. ။ စိတ်ငြိမ်သွားတာလောက်ပါပဲ .. ။ သွေးသိပ်မဆူတော့ဘူး … ။

၅ရက်ကျောင်းတက် ၊ ၂ရက်က သင်တန်းအပြည့်နဲ့ တခါတလေ အသက်ပါထွက်ချင်လာတယ် … ။ ဒီကြားထဲ ကျွန်မရဲ့ ကျေးဇူးရှင်ဒယ်ဒယ်ဘုရားက သူမှန်းထားသလောက် ကျွန်မ ဒီဖိုင်နယ်မှာ မရရင် ACCA ပေးမတက်ဘူးဆိုလို့ ကြောက်နေရတယ် ..။။ ၂ဆတိုးစာကြည့်နေရတယ်.. (သနားဖို့ကောင်းတယ်နော်ဟိဟိ)… ။ သြဂတ်စ်လောက်ဆိုရင် ကျွန်မ အေစီစီအေ တက်ရမယ်.. ။ သူ ပေးမတက်ရင် ကျွန်မတက်စရာ ပိုက်ပိုက်မရှိဘူး … ။ ကျွန်မ ACCA တက်ချင်တာ ရည်၇ွယ်ချက်တစ်ခုပဲ .. ။ ဒီဖိုင်နယ်ပြီးရင် ကျွန်မရန်ကုန်ပြန်ချင်သေးတယ် ။ အဲဒါလည်း ဒယ်ဒယ်က အမှတ်အရမ်းကောင်းမှ ပေးပြန်မယ်ဆိုလို့ …. ဟူးဟူး …. ။

တခါတလေ DVB သတင်းတွေ ဖတ်ရင်း ကွန်ပြူတာရှေ့ခေါင်းတင်ပြီး အိပ်ပျော်သွားလို့ ကျွန်မ ဘိုးတော်ဘုရားက ကွန်ပြူတာကို သူ့အခန်းထဲရွှေ့လိုက်တယ် .. ဟိး ။ တချိန်လုံးမြည်နေတဲ့ဖုန်းကိုလည်း အမြင်ကတ်လို့ဆိုပြီး ဟိုတခါတုန်းက ၁ပတ်သိမ်းထားလိုက်သေးတယ် ။။ လက်ကိုင်ဖုန်းမရှီတော့ လမ်းသွားရတာ တမျိုးကြီးပဲ .. ။ ဘာလိုနေမှန်းကိုမသိဘူး .. ။ နောက်တော့ မနည်းတောင်းပန်ပြီး ပြန်တောင်းလိုက်ရတယ် ..။ နောက်တခါဆို လင်းလက်သိသွားပြီ .. ။ ဖုန်းကို silent လုပ်ထားလိုက်တယ် .. ။ သူရှီနေရင် ဘယ်သူဖုန်းခေါ်ခေါ် မကိုင်ဘူး ဟဲဟဲ။

နိဂုံးပြောချင်တာ ကျွန်မ ပြန်လာခဲ့မယ် … ။ မဝေးတဲ့လအတွင်းမှာ ပြန်လာခဲ့မယ် …….. ။ စာမေးပွဲ သာမန်ရိုးရိုးပဲအောင်ရင် ပေးထားသမျှပစ္စည်းအားလုံး ဒယ်ဒယ်ပြန်သိမ်းရင် ကျွန်မလုပ်ချင်တာတစ်ခုမှ လုပ်ခွင့်တောင်ရမှာ မဟုတ်ဘူး …. ။

လင်းရဲ့ ဘလော့ခ်မိတ်ဆွေရင်းတွေ ၊ မောင်နှမတွေကို အကုန်သတိရပါတယ် … ။ ဘုရားရှိခိုးတိုင်းလည်း ဘဘကြီးတို့အိပ်နိုင်စားနိုင်ပျော်နိုင်ပါစေလို့ ဆုတောင်းပေးဖြစ်ပါတယ်.. ။ ရုရှားက ကိုကိုတို့လည်း မိန်းကလေးပုံတွေကို ကလိပြီး ဆိုဒ်တွေပေါ်လျှောက်လုပ်တဲ့အကျိုးကြောင့် ကျန်းမာချမ်းသာပါစေလို့ … ။ ပြည်ပရောက် မြန်မာတွေပေးရတဲ့ အခွန်တွေကြောင့် ချမ်းချမ်းသာသာနေနိုင်ပါစေလို့ …… ။

4 comments:

Anonymous said...

အေ လင်းညီမရေ ကြိုးစားထားကွ ကိုလဲနင်ပြောမှဘဲ မြန်မာပြည် လုပ်ထုံးတွေကို ပြန်မြင်လာတယ် ဟုတ်တယ် သူတို့က ပြနေကြမို့ပါကွာ ရှိစုမဲ့စု ပါဝါလေ ခုချိန် အသက်ငင်နေတာတောင် မှတ်သေးဘူးဟ အဲ့ကောင်တွေက

Anonymous said...

သေမှကျွတ်မယ့်လူစားတွေလေ .. အကိုရယ်.. လူစကားမှနားမလည်တာ ဘယ်လိုသွားပြောရမလည်း

Anonymous said...

မှန်တယ်။
ဒီစစ်သားစု ကိုဖြုတ်ရမယ်

http://yangoncityfm.ourtoolbar.com

http://zinyaw.wordpress.com

http://dassk.org

စိုးဇေယျထွန်း said...

အေးလေ ညီမရယ်။ အလူလုပ်တယ်လို့ပဲသဘောထားလိုက်ပါ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။