Tuesday, January 05, 2010

သူတို့တွေနဲ့ မတူချင် (နန္ဒာသိန်းဇံ )

Photo: http://www.karis.biz/images/boat.jpg

ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။


ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ … ။

နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )

Typed By LLKS

6 comments:

Nge Naing said...

သိပ်ကောင်းတဲ့ ဆောင်းပါးလေးပဲ ပြန်ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။ နန္ဒသိန်းဇံပြောတဲ့ အထဲကအမျိုးအစားတွေထဲမှာ အတ္တကြီးတဲ့သူဦးရေက များနေရင်တော့ လောကကြီးက ပျက်စီးဖို့လမ်း ပိုများမှာပဲ။

မောင်ပါလ said...

စာလာဖတ်သွားပါတယ်ညီမ။

လေ့လာနေသူ said...

အခုလိုဒီဆောင်းပါးလေးကိုဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်မဆုံးပါ...ညီမရေ

ဂျေဂျူဝိုင် said...

မှတ်သားထားပါ့မယ်။

အနှစ် 20 ကျော်ပြီ ဘယ်လောက်ဖြစ်ထွန်းလဲ said...

www.sayloyarone.blogspot.com

aungaung said...

အမစာတွေဖတ်သွားတယ်ကြိုက်တာလေးတွေလဲကော်ပီယူသွားတယ်ဗျာနော်
ကျေးဇူးလဲတင်တယ်နောက်လဲအမရေးတာတွေအားပေးနေမယ်ဗျာနော်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။