Wednesday, July 22, 2009

ဇူလိုင်မနက်ခင်း၏ … မိုးစက်များကြားမှ အလွမ်းသံစဉ်


ဖုန်းလေးထဲမှ နာရီနှိုးစက်သံသီချင်းလေး ထွက်ပေါ်လာချိန်မှာ မနက်(၆)နာရီတိတိ။ ညက ချစ်သူ အလုပ်တွေမပြီးမချင်း မအိပ်နိုင်ချိန် .. ကိုယ်လည်း စာဖတ်လို့ ထိုင်စောင့်နေခဲ့တာကြောင့် မျက်လုံးတွေက ခပ်ကျိန်းကျိန်း။ ပုခုံးပေါ် လက်ကလေးလာတင်တဲ့ ချစ်သူကို ကျီစယ်ရင်း အိပ်ယာထသွားချိန်မှာ မနက်စာအတွက် ကိုယ်သွားပြင်ဆင် ၊ ချစ်သူရုံးသွားဖို့ အ၀တ်တစ်စုံကို မီးပူတိုက်ပေးလိုက်တယ်။ သွားခါနီးမှ ကိုယ်က မီးပူတိုက်တာ ပိုသဘောကျတာကြောင့် ကြိုတင်မီးပူတိုက်လေ့ မရှိဘူး။ ခေါက်ရိုးမပြန့်မှာ ၊ အနည်းငယ်ကြေမွသွားမှာ စိုးရိမ်တာ ကိုယ့်အကျင့်တစ်ခု။

ဒီရက်ပိုင်းတွေ မဖြစ်မနေ ချစ်သူ ရုံးသွားရမှာမို့ ကိုယ့်စိတ်ထဲမှာ ကြိုလွမ်းနေမိသေးတယ်။ တမိုးအောက်မှာ နှစ်ယောက်အတူရှိရင်း တစ်ယောက်က အလုပ်တွေလုပ် ၊ တစ်ယောက်က ကျောင်းစာနှင့် အိမ်အလုပ်တွေ လုပ်ကိုင်ရင်း ခွဲခွာရသော အချို့ရုံးသွားရမယ့်ရက်တွေ ၊ အစည်းအဝေးရှိသောရက်တွေ ၊ စင်မနာတက်ရသောရက်တွေ ၊ ကိုယ်ကျောင်းသွားရသော အချိန်ပိုင်းလေးတွေကလွဲရင် မခွဲမခွာ ကိုယ်တို့ အတူတည်ရှိခဲ့တာ ကိုယ်ဟာ ဖျောက်မရတဲ့ အကျင့်တစ်ခုဖြစ်နေခဲ့ပြီ။ မြင်လွှာအောက်မှာ မြင်နေရမှ ပျော်ရွှင်တတ်သော ကိုယ့်အကျင့်ကြောင့် ချစ်သူဟာ ကိုယ့်ကို အမြဲအလိုလိုက်ခဲ့ပါတယ်။ တနင်္ဂနွေတစ်ရက် ကိုယ့်အတွက် မိသားစုအချိန်အဖြစ် သီးသန့်ပေးရင်း .. အလုပ်ကိစ္စအတွက် ခရီးထွက်ရရင်လည်း ဘေးနားမှာ အမြဲရှိနေတဲ့ ကိုယ့်ကို အပြုံးမပျက် ဂရုတစိုက်ခေါ်ဆောင်မှုတွေကြောင့် ကိုယ်ဟာ အချိန်ပိုင်းကျောင်းတက်ဖို့ပဲ ဦးစားပေးစဉ်းစားခဲ့တယ်။


မနက်ခင်း မိုးသောက်နေရောင်ခြည်အောက်မှာ ကိုယ့်ဘ၀ရဲ့ “အိမ်ထောင်ရေး”ဆိုတာကို ကိုယ် အတွေးပြန့်ပွားနေမိတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ မမောမပန်းပြင်ဆင်ခဲ့ရင်း ကိုယ်တို့ရဲ့ မင်္ဂလာအခမ်းအနား ၊ ဟန်းနီးမွန်းခရီးအားလုံးပြီးသွားချိန်မှ ကိုယ်တို့ရဲ့ “ချစ်ခြင်းမေတ္တာခရီးသစ်”တစ်ခု ထပ်မံဖွင့်လှစ်ခဲ့ရတယ်။ကိုယ့်ဘ၀ရဲ့ မင်္ဂလာဦးနေ့ရက်များမှာ ပျော်ရွှင်ခြင်းတစ်ဖက် ၊ ကြိုးစားခဲ့ရတဲ့ နားလည်မှုကတစ်ဖက် .. အမှန်အတိုင်းဝန်ခံရရင် ကိုယ် စိတ်အနည်းငယ်ပင်ပန်းခဲ့ရပါတယ်။ သိပ်ချစ်ကြတဲ့ နှစ်တွေချီ .. နားလည်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအတွက် .. အတူနေရမှ ပိုနားလည်ပေးရတဲ့ သေးသေးမွှားမွှားလေးတွေက ဒုနဲ့ဒေးဖြစ်ခဲ့တာမို့ ကိုယ့်အတွက် ပိုမိုရင့်ကျက်ပေးရတဲ့ နှလုံးသားတစ်စုံလည်း မွေးဖွားလာခဲ့ပါရဲ့။ တစ်ယောက် နေပုံထိုင်ပုံလေးတွေကို အပြန်အလှန် ဆွေးနွေးနားလည်ခဲ့ကြရင်း ကံကောင်းခြင်းတစ်ခုက ကိုယ်တို့က စိတ်ထဲမှာ ဒွိဟတွေ ထားခြင်းမရှိတာပဲ။



ကိုယ့်မှာ ချစ်သူကို သိပ်ချစ်တဲ့ ၊ အစွဲအလမ်းကြီးမားတဲ့ “နှလုံးသားတစ်စုံ”နဲ့ သင်ယူလေ့လာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ “ဆုံးဖြတ်ချက်”တစ်ခုပေါင်းပြီး လက်ထပ်ခဲ့ချိန်မှာ ပထမဆုံး ကိုယ်အခက်အခဲဖြစ် ရင်ဆိုင်ခဲ့ရတာက “ချက်ပြုတ်ခြင်းအတတ်ပညာ”။ လက်မထပ်ခင် ကိုယ်အနည်းငယ် ကြိုတင်လေ့လာထားပေမယ့် လက်တွေ့မှာ ကိုယ်အတော်လေးကြိုးစားခဲ့ရပါတယ်။ ဆေးကြောသန့်စင် ၊ သိမ်းဆည်းခြင်းလောက်ကိုပဲ ၀ါသနာပါတဲ့ ကိုယ့်အတွက် ချစ်သူရဲ့ တောင်းဆိုမှုအောက်မှာ ချက်ပြုတ်ခြင်းစိတ်မပါတဲ့ ကိုယ့်အကျင့်က ချက်ချင်းပြောင်းလဲသွားခဲ့ပါရဲ့။ နေ့နေ့ညည ကိုယ်အစွမ်းကုန်ကြိုးစားရင်း (၁)လကြာတဲ့အချိန်မှာ သာမန်အရသာလောက် ကိုယ်နိုင်နင်းခဲ့တယ်။ “အလေ့အကျင့်”က လူကိုပြောင်းလဲစေခဲ့ရင်း စာရေးဖို့ပဲ စိတ်ဝင်စားတဲ့ ကိုယ့်လက်ချောင်းတွေက “မီးဖိုချောင်”ကိုလည်း စာအုပ်တွေလို ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ အမြဲတမ်း ကိုယ့်ဘေးနားမှာ အားပေးရင်း ၊ ကိုယ်ချက်သမျှ ကျေကျေနပ်နပ်စားရင်း .. ပိုကောင်းမွန်ဖို့ အမြဲအကြံပေးတဲ့ ချစ်သူကြောင့် ကိုယ်လုံးဝမအားသောရက်များ ၊ နေမကောင်းသောရက်များကလွဲ … နေ့စဉ်ချက်ပြုတ်ကြိုးစားသမျှ ကိုယ်တိုင်ကျေနပ်ခဲ့ရတယ်။

ကိုယ့်သူငယ်ချင်းတွေအားလုံး ကိုယ့်ကို “အိမ်ရှင်မကြီး”လို့ နောက်ပြောင်ကြပေမယ့် ကိုယ်ဟာ အရင်လို စိတ်မဆိုးဖြစ်တော့ဘူး။ ကိုယ်ပေးရတဲ့ ကြိုးစားမှုအချိန်တွေအားလုံးရဲ့ ရလဒ်အဖြစ် ကိုယ်ဟာ အရင်းနှီးဆုံးသော နှလုံးသားတစ်စုံကို အပြည့်အ၀ ပိုင်ဆိုင်ခဲ့ပြီလေ။ ကိုယ့်ရဲ့ငယ်ရွယ်စဉ်ဘ၀မှာ ဖခင်နဲ့ နှစ်ပေါင်းများစွာ ခွဲခွာရခြင်းတွေက “ဖခင်မေတ္တာ”ကို အနီးကပ်လိုအပ်သလောက် မရခဲ့တာကြောင့် ချစ်သူဟာ ကိုယ့်အတွက် “ဖခင်မေတ္တာ”ကိုလည်း သယ်ဆောင်လာပေးခဲ့ပါတယ်။ စိတ်မြန်တဲ့ ကိုယ့်အကျင့် ၊ စိတ်ကြီးတဲ့ ကိုယ့်ခံစားချက်တွေကို တော်တော်များများ သေချာနားလည်ပေးရင်း ဒေါသထွက်တတ်တဲ့ ကိုယ့်စိတ်နှလုံးသားကို အမြဲနှစ်သိမ့်ပေးခဲ့တဲ့ ချစ်သူကို စိတ်ဒေါသကြားက ပြန်သနားမိရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုထိန်းချုပ်သင်ကြားဖြစ်ခဲ့တယ်။

ကိုယ်လိုချင်သောအရာမှန်သမျှကို ချက်ချင်းမပေးနိုင်ရင်တောင် .. မဝေးသောအချိန်တစ်ခုမှာ ပေးတတ်တဲ့ ချစ်သူကြောင့် ကိုယ့်ရဲ့စိတ်ကြီးမှုတွေကို မိဘတွေကလည်း ချစ်သူဘက်မှ ဆုံးမပေးခဲ့တယ်။ ချစ်သူရဲ့ စရိုက်သဘာဝဟာ ကိုယ့်ထက်အများကြီး စိတ်ပိုကြီးပြီး ၊ သိပ် independent ဖြစ်လွန်းပေမယ့် ကိုယ့်အတွက် စိတ်အားလုံးလျှော့ပေးခဲ့တာ ကိုယ်တိုက်ရိုက် မပြောပေမယ့် စိတ်ထဲမှာ အမြဲတမ်း ကျေနပ်စွာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ အလုပ်အကိုင် စီးပွားရေးတွေမှာ အသေးစိပ် လက်တွေ့ကျကျ ၊ ပြတ်ပြတ်သားသား အကောင်းဆုံးလုပ်ကိုင်တတ်တဲ့ ချစ်သူရဲ့ စိတ်နှလုံးသားဟာ “အချစ်”နဲ့ပတ်သတ်လာရင် မထင်မှတ်ထားစွာ နူးညံ့မှုကို ချစ်ခင်မြတ်နိုးတတ်တာ ၊ စိတ်နှလုံးသားတခုလုံး ရင်းနှီးမြုပ်နှံပြီး ပါရမီဖြည့်ပေးတတ်တာတွေက ကိုယ်အမြဲအတုယူရပါတယ်။ စကားအပြောအဆိုလေး ကိုယ့်အကြိုက် လှအောင်မပြောတတ်ပေမယ့် စိတ်နှလုံးသားဟာ ကိုယ်နဲ့ပတ်သတ်ရင် ပျော့ပျောင်းညင်သာစွာ ဆက်ဆံပုံကိုပဲ ကိုယ့်မှာ ကျေးဇူးတင်ရပါတယ်။

အသေးစိပ် ခံစားတတ်တဲ့ ကိုယ့်စိတ်နှလုံးသားဟာ အတတ်နိုင်ဆုံး စိတ်လျှော့ရင်း ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုအိမ်လေးအတွက် အကောင်းဆုံးကြိုးစားခဲ့တာ “ချစ်သူ”ကလွဲရင် ဘယ်သူ့အတွက်မှ မဟုတ်ပါဘူးကွယ်။ စာတွေ့ ၊ လက်တွေ့ နှစ်ခုလုံး အရေးကြီးတာကြောင့် ချစ်ခြင်းမေတ္တာ ၊ အိမ်ထောင်ရေးအားလုံးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကို နှစ်နှစ်သက်သက် လေ့လာဖတ်ဖြစ်ခဲ့ရင်း ကိုယ်အများကြီး သင်ယူရပါတယ်။ ခိုင်မြဲသော ချစ်ခြင်းတွေ အခြေခံအဖြစ် တည်မြဲစွာ ရှိနေပေမယ့် “မယိုင်နဲ့သော .. မပြိုကွဲသော အိမ်ကလေး”အမြဲတမ်း အသက်ဝင်နေဖို့အတွက် အရေးကြီးသော အချက်တွေအားလုံးကို ကိုယ်အမြဲသတိပြုနေထိုင်ခဲ့ပါတယ်။



ကိုယ်နားလည်တဲ့ သီအိုရီတစ်ခုက အိမ်ထောင်ရေးတစ်ခုမှာ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ လက်ထပ်ထားပြီးရင် ထိုအိမ်ထောင်ရေး တည်တံ့ခိုင်မြဲဖို့ အချက်အလက် ၊ အနုပညာအားလုံးကို ဖန်တီး .. ထိန်းသိမ်းသွားဖို့ အခွင့်အရေးတွေအားလုံးက မိန်းမလက်ထဲမှာ အများဆုံးတည်ရှိပါတယ်။ ဒီအတွက် ကိုယ်တို့ကြားမှာ ကိုယ်ထင်ထားတဲ့ “မာန”တွေ မရှိခဲ့တာ အံ့သြခဲ့ရပါတယ်။ ကိုယ့်အကျင့်စရိုက် ၊ အကြိုက်အားလုံးကို လေ့လာပြီး ကြိုးစားဖြည့်ဆည့်ပေးတဲ့ ချစ်သူကို တခါတလေ ကိုယ်စိတ်အလိုမကျရင် အနည်းငယ်ခပ်ဆတ်ဆတ်ပြောမိတာလည်း မချစ်လို့ မဟုတ်ပါဘူးကွယ်။ ချစ်ခြင်းမေတ္တာတွေ ပေးလွန်းရင် .. ထုံသွားမှာ ၊ ရိုးသွားမှာစိုးလို့ ရံဖန်ရံခါ ခပ်အေးအေးနေရင်း ၊ လုပ်ချင်တာလုပ်နေတာလည်း မချစ်တော့လို့ မဟုတ်ပါဘူးကွယ်။

ချစ်သူနဲ့ပတ်သတ်ရင် ကိုယ့်အပေါ် ပါရမီဖြည့် ၊ ချစ်ခင်မြတ်နိုးမှုအရာအားလုံး စိတ်ကျေနပ်ပေမယ့် “စေတနာ”တစ်ခုကိုပဲ ကိုယ် မခံနိုင်သေးတာပါ။ ကိုယ့်ကိုဖြစ်ထွန်းစေချင်စိတ်တွေများတဲ့ ချစ်သူစေတနာတွေကို ကိုယ်ဟာ အမြဲခပ်လန့်လန့်နဲ့ “အဲဒီလောက် မဖြစ်နိုင်ဘူးနော် ကိုကို။ မီးမီးကို အများကြီးမျှော်လင့် မလုပ်ခိုင်းနဲ့”လို့ ကြိုတင်ကာကွယ်ထားရတယ်။ ကိုယ့်ကို အသိဥာဏ်ပညာတွေ ပိုမိုဖြစ်ထွန်းစေချင် ၊ ထူးချွန်ထက်မြက်အောင်မြင်စေချင် ၊ စိတ်ခံစားမှုတွေ ပိုမိုရင့်ကျက်စေချင် ၊ သူ့အပေါ်မှာလည်း ရင့်ကျက်မှုနှလုံးသားနှင့် သာယာပျော်ရွှင်ချစ်စဖွယ်ကောင်းတာတွေ ရှိစေချင် ၊ အချစ်နှင့် ပြုစုပျိုးထောင်သော ပါရမီဖြည့်ဖက် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်စေချင် ၊ အနာဂတ်မှာရှိလာမယ့် သားသမီးတွေအပေါ်လည်း အချိန်ပေး ပြုစုပျိုးထောင်နိုင်မည့် မိခင်ကောင်းတစ်ယောက်ဖြစ်စေချင် အစရှိတာတွေနဲ့ “ဖြစ်စေချင်သော စေတနာ”တွေများလွန်းလို့ ကိုယ်လည်း မျက်ခုံးတွေ တော်တော်လှုပ်မိတယ်။



“အချစ်”ဆိုတာ ပြုစုပျိုးထောင်ရှင်သန်ရတာကြောင့် ချစ်ခြင်းအဆင့်လေးတွေလည်း လူသားတွေကြားမှာ ကွဲပြားနေတတ်ပါတယ်။ ကိုယ်နဲ့စတင်ခင်မင်သိကျွမ်းကတည်းက “ကိုယ်နဲ့တူသော သမီးလေးတစ်ယောက် လိုချင်မိတယ်”လို့ ရိုးသားစွာ ၀န်ခံကတည်းက ခပ်တင်းတင်းပုံစံကိုယ့်မှာ ခြေလှမ်းတွေတောင် မှားကုန်ခဲ့ရင်း ရင်ခုန်သံလေးတစ်ခု စတင်ဖြစ်ထွန်းခဲ့တယ်။ ဒီရင်ခုန်သံတွေ မပျောက်ဆုံးဖို့ … နှစ်တွေကြာလာရင် .. သံယောဇဉ်ကလွဲ ချစ်ခြင်းတွေ အေးခဲလို့ ကိုယ့်ဘ၀နဲ့ကိုယ် အလုပ်တွေရှုပ် ၊ ဖြတ်သန်းနေကြတဲ့ စုံတွဲစာရင်းထဲ ကိုယ်မပါဝင်ချင်တာကြောင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ .. ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှု ၊ ကြိုးစားမှုတွေကို ကိုယ်အသက်ရှင်နေသရွေ့ စိုက်ပျိုးသွားမှာပါ။

အတွေးလေးတွေကြားမှာ မိုးဖွဲဖွဲလေးတွေလည်း ကောင်းကင်တစ်ခုလုံးမှာ ညိုမှောင်ပြီး ရွာသွန်းလာပါရဲ့။ မိုးစက်တွေဟာ အလွမ်းတွေကို ပိုမိုဖြစ်ထွန်းစေတယ်ဆိုရင် … ဒီရက်ပိုင်းလေး မိုးမရွာပါနဲ့လားကွယ်။ ကိုယ့်အလွမ်းတွေကို ဖတ်မိသူတွေ မျက်လုံးနောက်ချင်နောက်နိုင်ပါတယ် .. ။ ဒါပေမယ့်လည်း … ရေမြေတွေခြား ခွဲနေသူတွေမှ လွမ်းခွင့်ရှိတာလားကွယ်။ ခေတ္တခဏလေး ခွဲခွာသူတွေလည်း လွမ်းခွင့်ရှိတယ်လို့ ကိုယ်ယုံကြည်တာကြောင့် …….. မြစ်နှစ်ခု၏ပေါင်းဆုံရာ သီချင်းလေးကို ခပ်တိုးတိုးညည်းဆိုရင်း ရောင်နီလာသော မနက်ခင်းမှာ အလွမ်းတွေက မိုးစက်တွေကြား ပြန့်ကျဲလျက် .. ။

မှတ်ချက်။ ဓာတ်ပုံများအား google မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

22 comments:

သက်ပိုင်သူ said...

this is really nice post..... about love,
but i couldnt feel a family here after ready it... may be there is a blank that u guys hevnt fill in yet... ;)
have a gd day

လင်းလက်ကြယ်စင် said...

ကိုသက်ပိုင်သူ >> ဖတ်ပေးတာ ကျေးဇူးပါရှင်။ ကြည့်ရတာ .. ကိုသက်ပိုင်သူလည်း တူ ၊ တူမလေးတွေကို မြင်ချင်ပြီနဲ့တူတယ်။ လာမှာပေါ့ .. ခဏတော့နေပါဦး :)

thandar kyaw said...

အချစ်ကို နက်နက်ရှိုင်းရှိုင်း ခံစားတော့လည်း မိုးအေးအေးမှာ တစ်မျိုးလေးဖြစ်သွားတယ်။

Khyl said...

အကြိုက်ဆုံးပို့စ်လေးပါ လင်းလက်ရေ....


မခိုင်

Hnin said...

Deeply attack to heart. Wish u and ur lover happy.......eternally

GreenGirl said...

ညီမလေး လွမ်းနေတာလား... ချစ်တတ်တဲ့သူတွေအတွက် အလွမ်?ဆိုတာလည?း တွဲ?ါ?ာတ?်တာပါပဲ။

လွမ်းရတဲ့ရ?်တွေ မြန်မြန်ကုန်ပါစေ...

Lyn Lyn said...

အချစ်က တကယ်ပဲပြောင်းလဲသွားတာပေါ့..ဟုတ်လား သူငယ်ချင်း။
နောက်လဲ လာလည်ပါဦးမယ်။ ငါ့ဘလော့ခ်လဲ အားရင်လာလည်ပါဦး။
www.asiantraveler.co.cc

နှင်းဟေမာ said...

လင်းလတ်ရေ....ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ....

လင်းလက်ကြယ်စင် said...

အားလုံး ကျေးဇူးတင်ပါတယ်ရှင်။

Lyn Lyn >> သူငယ်ချင်းရေ “အချစ်”က လူကိုပြောင်းလဲစေပါတယ်။ ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ နင်လည်း သိချင်ရင် ချစ်သူထားကြည့်ပြီး အမြန်လက်တွဲပေါ့ :P

မနှင်းဟေမာ >> ကျေးဇူးပါရှင်။ လက်ရှိမှာလည်း ပျော်ရွှင်စရာကောင်းသော မိသားစုလေးကို ပိုင်ဆိုင်ထားတာကြောင့် ကျေနပ်မိပါတယ်။ ကိုသက်ပိုင်သူ ထင်သလို မိသားစုဆိုတာ (၃)ယောက်မှ ခေါ်လို့ရတာမဟုတ်ပါဘူးနော်။ မိသားစုဆိုတာ (၂)ယောက်က စတင်တာမို့ ထိမ်းမြားလက်ထပ်ပြီးရင် “မိသားစု”လို့ ခေါ်ခွင့်ရှိပါပြီရှင်။ Btw, ကျွန်မနာမည်က “လင်းလက်ကြယ်စင်”ပါရှင်။ ကကြီးနဲ့ “လက်”ပါတယ်။ ဘလော့ခ်ဘန်နာမှာ မြန်မာလိုပေါင်းပြထားပါတယ်ရှင်။ Shining Star လို့ အမည်ပေးထားတာပါ :)

PAUK said...

လင်းလက်လေးရေ...
ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်ရေးလေး..
သာယာချမ်းမြေ့ပါစေ..

Anonymous said...

one thing u should understand as a blogger is that when u give credits to others for photo or pic or anything, u should not give credit to google.

u should understand that google is just a search engine which search the data for u. so u should give credits to rightful owners.. not google..

why do i hv to explain this?

huh..burmese blogger!

လင်းလက်ကြယ်စင် said...

Anonymous >> ဒါက ရှင်ပြောမှ မဟုတ်ပါဘူး။ လူတိုင်းသိပါတယ်။ ချစ်စရာပုံလေးတွေမြင်တဲ့အခါ သိမ်းထားမိပြီး နောင်တစ်ချိန် .. သင့်တော်သော အကြောင်းအရာမှာ ပုံကိုထည့်တဲ့အခါ လင့်ခ် ပြန်ရှာရန် အချိန်မရလို့ အဆင်ပြေသလို credit ပေးထားတာပါ။ တခါတည်းရှာပြီး သုံးစွဲတဲ့အခါမှာ လင့်ခ်ကို အမြဲချိတ်ပေးပါတယ်။ ဒီအချက်ကို ရှင်တစ်ယောက်တည်း သိတာမဟုတ်ပါဘူး။ “မြန်မာ ဘလော့ခ်ဂါ”တွေဆိုပြီး မသုံးပါနဲ့။ အားလုံးက သူလိုကိုယ်လို လူတွေချည်းပါပဲ။ လူတော်တွေ မဟုတ်ရင်တောင် ငတုံးတွေ မဟုတ်ပါဘူး။ feedback ပေးသောနေရာမှာ “စေတနာ” နှင့် “အပြစ်ပြော ဆရာလုပ်ခြင်း” လေသံက ကွဲပြားတာကို သေချာပိုမိုလေ့လာဖို့ ပြန်လည်အကြံပြုပေးလိုက်ပါတယ်။ Have a good day :)

Anonymous said...

if its the case, then u hve to explain this properly. u should not do it so carelessly - to give credits to google in a very agnorant way.

linmgmg said...

လင်းလက်ရေ...လာလည်သွားပါတယ်။ အသစ်တွေတင်ဖို့အချိန်မအားဘူးထင်တယ်နော်။ အားတဲ့အခါငါ့ဆီလဲ လာလည်ပါဦး။

Lyn Lyn
www.asiantraveler.co.cc

LRDP said...

ညီမလေး လင်းလက် ရေ ရောက်တယ်နော့ ချမ်းမြေ့ပါစေ

LRDP said...

လင်းလက်ရေ ရောက်တယ်ညီမငယ်

ခင်မင်းဇော် said...

သမီးပို့စ်လေး ဖတ်ရတာ ကြည်းနူးစရာလေးးး
အန်တီကတော့ အမြဲသတိရလျှက်ပါ.....
တကယ့်မိသားစုလေး ပိုင်ဆိုင်ရပြီပေါ့....

Anonymous said...

တခါမှတော့မဖတ်ဘူးပါဘူး...ဘာကိုဆိုလိုချင်မှန်း မသိပါ
ထိုဋ္ဌေကာင့် ဆွေးနွေးစရာမရှိပါ....
this is my first and last time visit to this blog.

Anonymous said...

I don't know what U want to say!

wynntar said...

Ny ma yay, Please ignore all the comments who doesn't want to mentioned their real names and their bad/jealous comments. we love you.

tmwt, ny

Anonymous said...

အိမ်ထောင်ကျပြီးတဲ့သူတွေအတော်များများဆီကကြားရတာ စိတ်ညစ်စရာတွေ... စိတ်ကုန်စရာတွေ.. နောက်.. အိမ်ထောင်ပြုတာပဲ တကယ့်ဒုက္ခဘုံထဲဆင်းမိသလိုမျိုး သင်္ခန်းစာပေးကြတာချည်းပဲ။ ဒီစာလေးဖတ်ရတာ ကဗျာဆန်လိုက်တာ။ တကယ်တော့ အိမ်ထောင်တခု ပျော်ရွင်ခြင်း.. ပျော်ရွင်မှုမရှိခြင်းဆိုတာ.. တယောက်နဲ့တယောက် ဘယ်လို အပေးအယူရှိကြလဲ.. နားလည်မှုပေးနိုင်ကြလဲ.. နောက်.. ဘယ်လောက် ချစ်ကြလဲပေါ့လေ.. အဲဒါတွေနဲ့ အများကြီးဆိုင်မယ်ထင်တယ်နော်.. ..

လင်းလက်ကြယ်စင်တို့ ဇနီးမောင်နှံ ပျော်ပျော်ရွင်ရွင်နဲ့ တသက်လုံး နေသွားနိုင်ပါစေလို့.. ဆုတောင်းပေးပါတယ်..

GreenGirl said...

ဖတ်၇တာသဘောကျလို့ နောက်တစ်ခေါက် လာဖတ်သွားတယ် ညီမလေး :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။