Tuesday, February 17, 2009

ချစ်သူများနေ့ ဒိုင်ယာရီ


(Photo : http://sexyinvancity.com/wp-content/uploads/2008/02/ist2_2463420_couple_in_love_mchipster220.jpg )

ချစ်တတ်သူများအားလုံးအတွက် နှစ်စဉ်ရောက်ရှိလာတတ်တဲ့ “ချစ်သူများနေ့” ..။ ဖေဖော်ဝါရီ (၁၄)ရက် မတိုင်ခင်ကတည်းက လက်ဆောင်ပစ္စည်းဆိုင်တွေမှာ ခြေလိမ်နေကြတဲ့ ကောင်လေး ၊ ကောင်မလေးတွေရဲ့ မျက်နှာပေါ်က ရွေးချယ်မှုအပျော်တွေဟာ ကျွန်မရင်ထဲကို နှစ်စဉ်ချိုမြစွာ ကူးစက်လာလေ့ရှိတယ်။ အမြဲတမ်း ပစ္စည်းလှလှလေးတွေကို သေချာရွေးချယ်ပေးနေတဲ့စိတ်ကူးအချို့က ကျွန်မရင်ထဲမှာ ဒီနှစ် အရောင်တစ်မျိုး ပြောင်းလဲသွားခဲ့တယ်။ တစ်အိမ်ထဲအတူနေရပြီဖြစ်တဲ့ “သူ”မသိအောင် ကိုယ်ပေးချင်တာလေး တိုးတိုးတိတ်တိတ်သွားဝယ်ရတာလည်း နည်းနည်းတော့ရီရပါတယ်။ ကြိုမသိစေချင်တဲ့စိတ်က တော်တော်လေး ဟန်ဆောင်ပေးခဲ့ရတယ်။


ချိုမြလှပတဲ့ “ချစ်သူများနေ့”မှာ နှစ်ယောက်တစ်ဘ၀ တည်ဆောက်ထားပြီဖြစ်တဲ့ ဒီမေတ္တာဘ၀အိမ်ကလေး ပိုမိုအသက်ဝင်သွားအောင် ဒီနှစ်မှာ ဆင်တူပစ္စည်းလေးတွေပဲ ကျွန်မရွေးချယ်ဖြစ်ခဲ့တယ်။


Precious Thots ဆိုင်က တွေ့လိုက်ရတဲ့ လက်ကိုင်ဖုန်းထည့်တဲ့ ဒီပစ္စည်းလေးကို သဘောကျတာနဲ့ ၂၀၀၉ခုနှစ် ချစ်သူများနေ့အတွက် တစ်စုံ ရွေးချယ်ပေးဖြစ်ခဲ့တယ်။


တစ်ခါမှ ဆင်တူ မ၀တ်ဖြစ်ခဲ့တာကို တွေးမိရင်း ဒီနှစ်အတွက် တီရှပ်ဆင်တူလေးကို အချိန်ပေးပြီး တော်တော်ရှာယူခဲ့ရတယ်။ ကျွန်မသွားရှာတဲ့အချိန်မှာ အတွဲတွေလက်သွက်ကြတာကြောင့် ကျွန်မသိတဲ့ဆိုင်တွေမှာ တီရှပ်တော်တော်များများ ကုန်နေခဲ့တယ်။ ဆိုင်ရှင်အမကြီးတွေက ကျွန်မကို ချစ်သူများနေ့မတိုင်ခင် (၁)ပတ် (၂)ပတ်အလိုလောက်လာဖို့ နောက်နှစ်အတွက် အကြံပေးလိုက်သေးတယ်။ စိတ်မလျှော့ဘဲ နေရာအနှံ့လျှောက်ရှာရင်း နောက်ဆုံးတော့ ဒီတီရှပ်လေး (၂)ထည်တွေ့လိုက်ရလို့ အရမ်းဝမ်းသာခဲ့မိပါတယ်။ လိုချင်တဲ့ အဖြူရောင်လည်းမရှိတော့ဘဲ (၂)စုံဘဲ ကျန်တော့တာမို့ ရှိတာကိုဘဲ ဝေးဝေးလံလံ မစဉ်းစားတော့ဘဲ ရွေးချယ်လိုက်ရပါတော့တယ်။


လက်ဆောင်ပစ္စည်းအရုပ်တွေက ကျွန်မတို့အိမ်မှာ တော်တော်များနေတာမို့ “အရုပ်ပေးခြင်း” အစီအစဉ်ကို နှစ်ယောက်ကြားမှာ သဘောတူညီစွာနဲ့ ရပ်တန့်ထားရတယ်။ ကျွန်မ သူ့ကို တစ်ခါမှ အင်္ကျီမ၀ယ်ပေးဖူးတာမို့ ဒီနှစ်အတွက် သူ့မှာ သိပ်မများတဲ့ အရောင်ကို ရှာဖွေပြီး ကျွန်မနှစ်သက်တဲ့ ဒီဇိုင်းကို ရွေးချယ်ဖြစ်ခဲ့တယ်။ “ချစ်ခြင်း”ကို ပိုအဓိပ္ပာယ်ဖော်ဆောင်တဲ့ “ချောကလက်”လေးတစ်ဘူးကို ထပ်မံဖြည့်စွက်လိုက်ပြီး ချစ်သူများနေ့အတွက် ကျွန်မလက်ဆောင်က ဒီလောက်ပါပဲ .. ။


သူ့ထံက ကျွန်မရလိုက်တဲ့ လက်ဆောင်က သတင်းစာထဲမှာ ကြေငြာကတည်းက ကျွန်မလိုချင်နေခဲ့တဲ့ နာရီလေးပါပဲ .. ။ “ချစ်သူများနေ့”အတွက် အထူးသေချာလှလှပပလေး ထုတ်လုပ်ကြေငြာရောင်းချနေတဲ့ ဒီနာရီလေးကို ရလိုက်တဲ့အတွက် စိတ်ကျေနပ်မိတယ်။ နာရီပတ်လေ့မရှိတဲ့ ကျွန်မအကျင့်က လိုချင်တဲ့ နာရီလေးကို ရလိုက်တော့ အခု နေ့တိုင်း နာရီပတ်တဲ့အကျင့် ပြန်ပြောင်းသွားပါပြီ .. ။


မရှိမဖြစ် “နှင်းဆီပွင့်လေး”က အခုထိ မနွမ်းခြောက်ဘဲ ကျွန်မစားပွဲပေါ်မှာ လှပဖူးပွင့်နေဆဲ .. ။ ကျွန်မ မေ့သွားတဲ့ “ကဒ်”ကလေးကို သူက မမေ့မလျော့ ပေးလို့ “ဆောရီး”ပြောဖြစ်ခဲ့သေးတယ်။ တူညီတဲ့ ချောကလက်ဘူးကလေး တွေ့လိုက်ရလို့ အတူရီမောခဲ့မိပါသေးရဲ့ .. ။


အမှတ်တရလေးတွေ ဖလှယ်ပြီးချိန် .. နှစ်ယောက်လုံးအတူကြည့်ချင်တဲ့ The Curious Case of Benjamin Button ရုပ်ရှင်သွားကြည့်ဖြစ်ခဲ့တယ်။ အပြင်မှာ တကယ်မဖြစ်နိုင်ပေမယ့် ရုပ်ရှင်သဘောအရ ကြည့်လို့ကောင်းတဲ့ ထူးခြားဖွယ် အချစ်ရုပ်ရှင်ကားတစ်ခုပါပဲ။

ချစ်သူများနေ့မှာ Singapore Flyer ကို ကျွန်မတို့သွားခဲ့ပေမယ့် Full Car Park အခြေအနေကြောင့် လူမများနိုင်သော Fort Canning Park ဘက်မှာပဲ ခဏလမ်းသွားလျှောက်ဖြစ်ခဲ့တယ်။ ဒီလိုနေ့ရက်တွေမှာ နေရာတိုင်း လူတွေအမြဲတိုးကျပ်နေတာကြောင့် ရက်ပြောင်းကျင်းပရမှာလားတောင် စဉ်းစားမိပါတယ်။


လမ်းလျှောက်ပြီး ပြန်လာချိန်မှာ Esplanade ဘက် ကားမပြည့်တာကြောင့် လှည့်ဝင်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် Esplanade အပြင်ဘက်မှာ ရှိုးပွဲဆိုနေတာ တွေ့ရတာနဲ့ အတူဝင်ရောက်နားထောင်ခဲ့တယ်။ Singapore Idol မှ အဆိုတော်အမျိုးသမီးတစ်ယောက် သီဆိုနေတာကို နားထောင်ရင်း အားလုံးပြီးမှပဲ ပြန်လာဖြစ်ခဲ့ပါတယ်။

ရောင်စုံဘောလုံးတွေ ၊ ပန်းပွင့်လေးတွေ ၊ လက်ဆောင်ပစ္စည်းလေးတွေ ကိုင်ဆောင်ရင်း ပျော်ရွှင်စွာ သွားလာနေကြတဲ့ စုံတွဲတွေအားလုံးကိုကြည့်ရင်း ကျွန်မတို့လူတွေအားလုံး “အချစ်”နဲ့ပတ်သတ်ရင် ကျွန်မအပါအ၀င် အားလုံး တော်တော်ရူးသွပ်ကြပါလား စဉ်းစားမိပါတယ်။ အရင်နှစ်တွေ ချစ်သူများနေ့ ကျွန်မ အပြင်မှာ ပျော်ရွှင်စွာ သွားလာနေချိန် အိမ်ပြန်နောက်မကျဖို့ အမြန်သွားလာခဲ့ရတာတွေ ပြန်စဉ်းစားရင်း နှစ်ယောက်သဘောတကျရီခဲ့ရသေးတယ်။ တကယ်တော့ .. ရင်ခုန်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာဖလှယ်မှုလေးတွေ လိုအပ်သလို ဘ၀မှာ တကယ်ဖြစ်ပျက်လာမယ့် လက်တွေ့အခက်အခဲတွေကို “မေတ္တာ”အပြည့်နဲ့ အဆင်ပြေပြေ ပျော်ရွှင်စွာ ရင်ဆိုင်ကျော်ဖြတ်ရင်း ချစ်ခြင်းမေတ္တာတွေ ခိုင်မြဲဖို့ကလည်း သိပ်အရေးကြီးတယ်ဆိုတာ ချစ်သူစုံတွဲတွေအားလုံး မမေ့ဖို့တော့ အမြဲလိုအပ်လျက်………. ။

14 comments:

MANORHARY said...

ကြည်နူးစရာလေး...း)
အမြဲတမ်းနှစ်တိုင်းအဲလိုကြည်နူးပျော်ရွှင်ပါစေလို့..

မီးငယ် said...

ပျော်စရာကောင်းတဲ့နေ့ရက်တွေကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ....

Kaung Kin Ko said...

အပြန်အလှန် လက်ဆောင်လေးတွေ ပေးကြတာ ကြည်နူးစရာပါပဲ ။ ကြည်နူးစရာ နေ့ ရက်တွေကို ထာဝရ ပိုင်ဆိုင်ပါစေနော်း-)

Anonymous said...

ညီမလေး ချစ်ချစ်ခင်ခင်ပျော်ရွှင်နေကြတာ ကြည်နူးစရာ။ အားတောင်ကျသွားတယ်။ :P ချစ်သူများနေ့လက်ဆောင်ဆိုတာ တစ်ခါပဲရဖူးတယ်။ တန်ဖိုးမထားခဲ့မိဘူး။ မနှစ်ကချစ်သူများနေ့မှာ အနီးအနားက ကလေးတွေကိုချောကလက်ဝယ်ကျွေးဖြစ်တယ်။ ဒါလောက်ပဲ။ ချစ်သူများနေ့က အစ်မအတွက်တော့ သိပ်မထူးခြားဘူး။ သူများတွေ ပျော်နေကြတာပဲကြည့်ပြီး မုဒိတာပွားရတယ်။

Anonymous said...

ညီမလေးပျော်နေတာကိုပဲ မုဒိတာပွားသွားပါတယ်။ အစ်မတို့အတွက်ကတော့ ဘာမှမဆိုင်သလိုပါပဲ :P
အမြဲတမ်းပျော်ရွှင်ပါစေ ညီမလေးရေ

ကလိုစေးထူး said...

ညီမတော်ဆီ အခစားရောက်သွားပါကြောင်း။ :D

Aung Phyoe said...

မင်္ဂလာပါ အမရေ ။ အစအစ အရာရာ အဆင်ပြေပါစေ ။

LRDP said...

လင်လက် ရေ အမစာဝင်ရေးတိုင်အဆင်မပြေဘူး ခုကော

Unknown said...

Nyi Ma Lin let,
What a lovely life? I am so glad for both of you.

Unknown said...

Nyi Ma Lin let,
What a lovely life? I am so glad for both of you.

Anonymous said...

အမရေ... အိမ်ထောင်ကျသွားတာနဲ့ ဘလော့ဂ်လေးလည်း အဆုံးသတ် သွားတော့တာပဲနော်...

GreenGirl said...

ညီမလေး ပျောက်နေတာကြာပြီ။ ပျော်ရွှင်အဆင်ပြေပါစေ...

Phyo Maw said...

:D

တောသားကြီး said...

ဘ၀မှာအမြဲတမ်းပျော်ရွှင်နိုင်ပါစေ. သို့သော် လောကဓံဆိုတာ ရှိတယ်ဆိုတာမမေ့ပါနဲ့။ လောကဓံနဲ့ ကြူံတွေ့တဲ့အခါ အချစ်ဟာ အားဖြစ်ပါစေ။
ဘေးမဖြစ်ပါစေနဲ့။ လောကဓံနဲ့ကြုံတဲ့အခါ အချစ်ကို ပျော်စရာ သာဖြစ်ပါစေ။ စိတ်ညစ်စရာမဖြစ်ပါနဲ့။ လူသားအားလုံး လောကဓံနဲ့ ကြုံတွေ့ကြရတာပဲ။ ဒါကြောင့် လောကဓံကို ကြံကြံ့ ခံနိုင်တဲ့ အချစ်မှသာ အချသ်စစ် မည်တာပါ။
ချသ်သူတိုင်းပေါင်းကြပါစေ။ အချစ်စစ် တွေခိုင်မြဲပါစေ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။