
၁) စင်္ကာပူရောက် မြန်မာ့အရေးလှုပ်ရှားခဲ့သူများ
အခုတစ်လော ပါစင်နယ်ကိစ္စတွေနဲ့ ဘယ်ကိုမှ ခြေဦးမလှည့်နိုင်ခဲ့တဲ့ ကျွန်မအတွက် ကိစ္စတော်တော်များများကို နောက်ကျမှ သိလိုက်ရပါတယ်။ အကုန်လုံးကို သေသေချာချာ လေ့လာဖတ်ရှုပြီးတဲ့အခါမှ စိတ်မကောင်းခြင်းတစ်ဝက် အားမလို အားမရဖြစ်ခြင်းတစ်ဝက် ဖြစ်ခဲ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာ ရွှေဝါရောင် တော်လှန်ရေးအပြီး ဆက်လက်လုပ်ကိုင်ခဲ့တဲ့ မြန်မာ့အရေးများဟာ စင်္ကာပူနိုင်ငံအတွက် တော်တော်လေး ဂယက်ထခဲ့ပါတယ်.. ။ သေချာတာတော့ ထိုလူများဟာ ပျော်လွန်းလို့ အပျော်လုပ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံ အခြေအနေအရ ဘာတွေကို ဆက်လက်ရင်ဆိုင်နိုင်ရမှာလဲဆိုတာ အဆိုးဆုံးထိ တွက်ချက်ခဲ့ကြရပါတယ်။
ယခု လက်ရှိအချိန်မှာ အဆိုးဆုံးကို ရင်ဆိုင်ကာ ထွက်ခွာသွားရတဲ့ မျိုးချစ်မြန်မာများအတွက် စိတ်မှ ပြင်ဆင်ပြီးသား ဖြစ်ပေမယ့် လက်တွေ့ရင်ဆိုင်ရချိန်ကို ရောက်လာတဲ့အခါမှာ ပုထုဇဉ်လူသားပီပီ ကျွန်မ စိတ်ထိခိုက်ရတာတော့ အမှန်ပါပဲ။ ထွက်ခွာသွားရတဲ့လူတွေနှင့် ပြဿနာများ ရင်ဆိုင်နေရသူတွေအားလုံးကို နာမည်နှင့် လူတွဲပြီးတောင် ကျွန်မ သိပ်မသိပါဘူး .. ။ လူချင်းမသိကြပေမယ့် စိတ်သဘောထားချင်း သိနေပြီးသား လူတွေအတွက် အနည်းနှင့်အများတော့ စိတ်မကောင်းဖြစ်ရပါတယ် ။
ဒီလူတွေကတော့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် ၊ ဘ၀အချိုးအကွေ့တွေ တစ်မျိုးတစ်ဖုံ ဖြစ်နေချိန်မှာ ဘေးမှနားခါးစရာတွေကလည်း များပြားနေခဲ့ပါတယ်။ ဒီလူတွေအားလုံးဟာ မိမိအိတ်ထဲက မိမိစိုက်ထုတ်ပြီး ဘာကိုမှ မမျှော်လင့်ဘဲ လုပ်နေကြချိန် မဆီမဆိုင် အမြတ်ထုတ်သူများအကြောင်းနှင့် ရောမွှေပြောဆိုခြင်းများကလည်း ဒုနဲ့ဒေး ။
ဘ၀မှာ ဘယ်အရာမဆို မှန်ကန်ရဲရင့်သော ဆုံးဖြတ်ချက်များ ၊ လေးနက်သော စဉ်းစားဆင်ခြင်မှုများ ၊ သစ်လွင်သော ခြေလှမ်းများကို အမှန်တကယ် လုပ်ကိုင်နိုင်သူဟာ သီအိုရီစာအုပ်ကြီးတွေ ကိုင်ပြောကာ Analyse လုပ်နေသူများ မဟုတ် ၊ လေသေနတ်များ တဖောက်ဖောက် ဖောက်နေသူများ မဟုတ် … ၊ စာရွက်တွေပေါ်သာ ဖောင်တိန်တစ်ချောင်းနှင့် ပြောဆိုနေကြပြီး ပြင်ပကမ္ဘာတွင် မရင်ဆိုင်ဖူးသူများ မဟုတ်ကြပါ။ ပြင်ပတွင် လက်တွေ့ ရင်ဆိုင်လုပ်ကိုင်သူများသာလျင် အရာအားလုံးကို ထိုးထွင်းသိမြင် ၊ ရဲရင့်စွာ ဆုံးဖြတ်နိုင်ကြ ၊ အတွေ့အကြုံများ ကြွယ်ဝကြပါတယ်။
ယခုအချိန်မှာ Facts ကို မပြောဘဲ ခံတဲ့လူတွေက တကယ်ခံနေရချိန်မှာ သွေးစည်းမှုဆိုတာ ဝေလာဝေး .. အပေါ်ကနေ ထပ်ထောင်းဝေဖန်အပြစ်တင်ဖို့ စဉ်းစားတွေးခေါ်နေသူများကို အမှန်တကယ် စိတ်ကုန်ပါတယ်။ ဒါ `မြန်မာ´လားဆိုတောင် တွေးရမလို ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေခြင်းမှာ ပျော်လွန်း၍ မဟုတ် ၊ ဦးမင်းကိုနိုင်တို့လို လူစားမျိုးတွေ ဘ၀ကိုပေးဆပ် ထောင်နှင့်အိမ် ကူးနေရတာ လုပ်စရာမရှိ၍ မဟုတ်။ သူတို့၏ မှန်ကန်သော ယုံကြည်ချက်သစ္စာအတွက် ပေးဆပ်ထားသော ဘ၀များက ပြည်သူလူထုနှင့် အနောက်မှ ဆက်လက်တိုက်ပွဲဝင်နေသူများအတွက် ရှေ့ဆောင်လမ်းပြ အားမာန်တစ်ခု။
လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်စီရှိကြပါတယ်။ မိမိအတွေးအခေါ်ကို မှန်မှန်ကန်ကန် အကောင်ထည်ဖော်ချင်ကြလျင် ခြေလှမ်းတစ်ကို မိမိဘက်မှ စတင်ဆောင်ရွက်ပြရပါတယ်။ မိမိနိုင်ငံအတွက်ဆို ရောက်ရာနေရာမှ အကောင်းဆုံး ခြေလှမ်းတွေကို စတင်နိုင်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ တတ်နိုင်တဲ့ ဘောင်တစ်ခုထဲက အကောင်းဆုံးကို ကြိုးစားဆောင်ရွက်နေသူများကို ထိုင်ကာ အပြစ်တင်ဝေဖန်နေခဲ့လို့ နှစ်(၂၀)ပင် ကြာခဲ့ပြီ မဟုတ်လော ။
၂) စင်္ကာပူနှင့် မြန်မာနိုင်ငံသားများ
စင်္ကာပူမှာ ကျွန်မတို့မြန်မာတွေ ဒီလိုရင်ဆိုင်ရတော့ စိတ်ထဲမှာ တွေးမိခဲ့ပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်ရတာကို မြန်မာလူမျိုးတွေအားလုံးသိချိန်မှာ `ငါတို့တွေဟာ ဘယ်နိုင်ငံရောက်ရောက် ၊ ဘယ်လောက် ပညာတတ်တတ် … ဆင်းရဲဒုက္ခအတိရောက်နေတဲ့ နိုင်ငံကလာတဲ့ မြန်မာလူမျိုးတွေပဲဖြစ်တယ်။ ငါတို့ ပြည်ပမှာ ဒီလိုဒုက္ခတွေကို အမျိုးမျိုး ခါးသီးစွာ ရင်ဆိုင်နေရတယ်။ ငါတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အမြန်ဆုံး ပိုမိုလုပ်ဆောင်မှသာလျင် ငါတို့ရဲ့ အိမ်အစစ်မှာ ငါတို့နေရလိမ့်မယ်´ ဆိုသော အတွေးမက်ဆေ့ခ်ျလေး ၀င်သွားလျင် ဘ၀အကွေ့အကောက် ရင်ဆိုင်ရသော ပြဿနာများ တန်တယ်ဟု ကျွန်မ တွေးခဲ့မိပါတယ်။
ပြည်တွင်းရှိ မြန်မာများအတွက်လည်း အမှန်စင်စစ် လှုပ်ရှားလုပ်ဆောင်ပေးနေကြသော ပြည်ပရောက် မြန်မာများ၏ ကြိုးစားမှုကို အားရ၀မ်းသာမှုနှင့်အတူ စိတ်ဓါတ်များ ပိုမငယ်သွားစေချင်သော စေတနာဖြင့် ကျွန်မ တွေးခဲ့ပါတယ် .. ။ လက်တွေ့မှာ တော်တော်လေး လွဲသွားတာကို အခက်ခဲတွေ ရင်ဆိုင်ရမှပဲ လူတွေအကြောင်း သိရပါတော့တယ်။
စင်္ကာပူနိုင်ငံဟာ ကောင်းကွက် ၊ ဆိုးကွက်တွေ နှစ်ခုလုံး ရှိနေပါတယ်။ စီးပွားရေး တိုးတက်မှု ၊ ပညာရေး အတော်အသင့် ရင်ဘောင်တန်းနိုင်မှု ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု အစရှိသော ကိစ္စများကလွဲ၇င် ကျန်သောအရာများမှာ အများကြီး လိုအပ်ပါသေးတယ်။ ဒါဟာ ကျွန်မတို့ အလုပ်မဟုတ်ပါဘူး။ အဲဒီအတွက် နာစရာလည်း မလိုပါဘူး။ အရှေ့ ၊ အနောက်အတွက် ဆက်သွယ်ပေးထားသော နိုင်ငံတစ်ခုမှာ အာရှတိုက်က ပညာတတ်သူတွေရော ၊ မတတ်သူတွေရော အလုပ်လာလုပ် နေထိုင်ကြပါတယ်။ နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် လုပ်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူတိုင်း ပညာတတ်သည့်တိုင်အောင် အဆင်ပြေမှု ရခြင်းမရှိပါဘူး။
မိမိအရည်အချင်းကို အရင်းပြုကာ ဥစ္စာလာရှာကြတဲ့ နိုင်ငံခြားသားအားလုံးနှင့် စင်္ကာပူနိုင်ငံဟာ အပြန်အလှန် Contribute လုပ်နေကြခြင်းသာ ဖြစ်ပါတယ်။ နေဖို့ ၊ စားဖို့ အပါအ၀င် မိမိစရိတ်အားလုံးကို မိမိကပဲ အကုန်တာဝန်ယူပြီး မိမိအရည်အချင်းနှင့် လုပ်ကိုင်စားသောက်နေကြခြင်းပါပဲ။ `ကျေးဇူးရှင်´ဆိုသော စကားလုံးအတွက်ကတော့ မိမိကို ကူညီမှုတွေ ရှိမှသာလျင် ကျေးဇူးရှင်ဟု သတ်မှတ်ပါတယ်။ ဒုက္ခသည် မြန်မာတွေအတွက် ကူညီဆောင်ရွက်နေရာပေးနေတဲ့ နိုင်ငံများသာလျင် ကျေးဇူးရှိသော နိုင်ငံများ ဖြစ်ပါတယ်။
တလောက Strait Times သတင်းစာ ဖိုရမ်မှာ အမှန်တရားကို လက်တွေ့ကျကျ ပြောသွားသည့် ဆွီဒင်နိုင်ငံသားတစ်ယောက် ၊ ဆွီဒင်ကို ပြောင်းရွှေ့သွားသော စလုံးအမျိုးသမီးတစ်ယောက်နှင့် စလုံးမှ ၀န်ကြီးအမျိုးသမီး တစ်ယောက် ဆွေးနွေးခန်းကို ဖတ်မိသူများ ဆက်လက်နာနေနိုင်သေးလော စဉ်းစားခန်းဖွင့်ကြပေတော့ ..။
၃) ကျွန်းပေါ်ရောက် အတွေးများ
ဤမြေပေါ်နေလျင် ဤမြေ၏ စည်းကမ်းကိုတော့ လေးစားရမယ်ဆိုတာ သင့်လျော်ပါတယ်။ လူ့လောကကြီးမှာ လူတွေရဲ့ ကိစ္စအားလုံးကို တသမတ်တည်းတော့ ထားလို့မရပါဘူး .. ။ တခါတလေ မတူညီတဲ့ အခြေအနေတွေမှာ ၊ လူတွေမှာ ရွေးချယ်မှု မရှိတော့တဲ့အခါ လူသားတစ်ယောက်ရဲ့ ခံစားမှုလှုံ့ဆော်မှုဖြင့် မည်သူ့ကိုမျှ ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာခြင်းမရှိဘဲ လုပ်ဆောင်လိုက်တဲ့ ကိစ္စတွေအတွက် တုံ့ပြန်မှုဆိုတာကလည်း မျှမျှတတ ဖြစ်ဖို့လိုပါတယ်။
တစ်ဖက်နှင့်တစ်ဖက် အမုန်းပွားဖို့လည်း မလို ၊ မနှစ်သက်ခြင်းအချို့လည်း ဖျောက်ရန်မလွယ်တဲ့ အခြေအနေမှာ တိုးတက်သော နိုင်ငံတစ်နိုင်ငံရဲ့ လေးစားမှုဂုဏ်ဆိုတာကတော့ တော်တော်များများကျဆင်းသွားတာ အမှန်ပါပဲ။
မိမိနှင့် လိုက်လျောညီထွေစွာ ဖြစ်နိုင်တယ်ဟု ယူဆသော လူတွေကတော့ long term မှာ အသိဥာဏ်ပညာကို အပွင့်လင်းဆုံးဖြစ်အောင် သင်ကြားခွင့် မရသော မြေပေါ်မှာ မိမိရွေးချယ်မှုဖြင့် ရာသက်ပန် ရှင်သန်နိုင်ကြသလို ၊ အသိဥာဏ်ပညာနှင့် လူတစ်ယောက်၏ အခွင့်အရေးကို ဟန့်တားခြင်းမရှိဘဲ သဘာဝတရားကြီး ပေးအပ်ထားသည့်အတိုင်း သိမြင်ထိုးထွင်း တတ်မြောက်ချင်သူများကတော့ မိမိရွေးချယ်မှုနေရာများမှာ ဆက်လက်ရှင်သန်နိုင်ကြပါတယ်။
ပစ္စည်းဥစ္စာများဖြင့် ပျော်မွေ့နိုင်သော Materialism လူတွေတောင်မှ မိမိဘ၀မှာ တစ်ခုခုသာ ရင်ဆိုင်လာရပါက မျှမျှတတ ဖြစ်ချင်ကြတာ လူတိုင်း၏ဆန္ဒပါပဲ .. ။ မိမိကို မထိမချင်းတော့ မကောင်းတဲ့ လူ့သဘာဝအတိုင်း ပြောဆိုကျင့်ကြံနေကြတာတော့ မကောင်းတဲ့လူတွေရဲ့ အကျင့်တစ်ခုပါပဲ။
သေချာတာတော့ မှန်ကန်ခိုင်မာသော ယုံကြည်ချက်ကို စေတနာဖြင့် ပိုင်ဆိုင်ထားသူများက မပြီးဆုံးသော လမ်းခရီးကြီးကို ရှေ့ဆက်ချီတက်ကြလျက် .. ။
ဘ၀မှာ လူတစ်ယောက်၏ ရှင်သန်မှုမှတ်တမ်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ဆိုတာ အချိန်အတိုင်းအတာတစ်ခု ရောက်သည့်အခါ သမိုင်းကသာလျင် အဓိက သက်သေပြသွားမှာပါပဲ။
“A most insidious form of fear is that which masquerades as common sense or even wisdom, condemning as foolish, reckless, insignificant or futile the small, daily acts of courage which help to preserve man's self-respect and inherent human dignity.”
Aung San Suu Kyi
“အကြောက်တရားရဲ့ တဖြည်းဖြည်းနဲ့ မသိမသာ အန္တရာယ်အပေးဆုံး အသွင်သဏ္ဍန်တမျိုးကတော့.....
လူ့တန်ဘိုးနဲ့ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းရလေအောင် ထိန်းသိမ်းစောင့်ရှောက်ဘို့အတွက် သတ္တိစွမ်းပြတဲ့ နေ့စဉ် စွမ်းဆောင်ချက်ကလေးတွေကို မိုက်မဲတဲ့လုပ်ရပ်၊ မဆင်မခြင်လုပ်ရပ်၊ မပြောပလောက်တဲ့လုပ်ရပ် (ဒါမှမဟုတ်) အကျိုးမဲ့တဲ့လုပ်ရပ်ရယ်လို့ ပြစ်တင်ရှုတ်ချပြောဆိုတတ်ပြီး ကျိုးကြောင်းဆင်ခြင်ဉာဏ် ဖြစ်လေသယောင် (သို့မဟုတ်) ပညာဉာဏ်ပင်ဖြစ်လေသယောင် အရေခြုံဟန်ဆောင်တတ်တဲ့ အကြောက်တရားမျိုးဘဲ ဖြစ်ပါတယ်။”
-ဒေါ်အောင်ဆန်းစုကြည်-
Read More...
Collapse...
http://www.yoma3.org/ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Read More...
Collapse...
ပြဇာတ်တစ်ခုမဟုတ်ခဲ့သော ၊ ရုပ်ရှင်တစ်ခု မဟုတ်ခဲ့သော … စစ်မှန်သော ယုံကြည်ချက်များကို ခိုင်မာစွာ ဆုပ်ကိုင်ကြရင်း သွေးမြေကျ ပေးဆပ်ခဲ့ရသော လွန်ခဲ့သော အနှစ်(၂၀)ခန့်က ပေးဆပ်သူရဲကောင်းများအားလုံးအား လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏။
Read More...
Collapse...