Tuesday, July 10, 2007

ရင်တွင်းဖြစ်


“မဖြစ်နိုင်ပါဘူး သမီးရဲ့ ”

တွေဝေစွာပြောဆိုလာသော ကျွန်မ ဒယ်ဒီ စကားအဆုံးမှာ ကျွန်မ တစ်စုံတစ်ခုကို နားလည်သဘောပေါက်ခဲ့ရပြီ။ ကျွန်မ အားလုံးကိုအပြစ်မတင်ပါ .. ။ ကျွန်မ မငိုပါ .. ။ ကျွန်မမှာ ငိုစရာမျက်ရည်လည်း မရှိတော့ပါ … ။ ကျွန်မမှာ ၀မ်းနည်းစရာ ဘာတစ်ခုမှလဲ မရှိတော့ပါ .. ။ ခံစားဖို့ နှလုံးသားပင် သေဆုံးသွားခဲ့ပြီ .. ။

မြန်မာလူမျိုးဖြစ်ရသည့်အတွက် ယခုထိ ကျွန်မ ဂုဏ်ယူနေမြဲပင်ဖြစ်သည် ။ ကျွန်မဂုဏ်ယူသော ထို ပါ့စ်ပို့လေးက မိသားစုတစ်ခုလုံးကို မြေလှန်အောင် လုပ်နေခဲ့တာကို သိလျက်နှင့် ကျွန်မ ခေါင်းထဲတွင် တွန်းလှန်နေဆဲပင် ဖြစ်သည် … ။

ကျွန်မ၀ါသနာတွေအားလုံးကို စွန့်လွှတ်ရတော့မည့် လမ်းစတွေကို တွေ့နေရချိန်မှာ ကျွန်မ လက်ထဲမှ ဖောင်တိန်ချောင်းလေးကို စွဲမြဲစွာ ဆုပ်ကိုင်ထားမိသည် .. ။ ကျွန်မဘ၀တွင် အလိုချင်ဆုံးသောအရာ (၄)ခု ရှိခဲ့သည်။ ထို (၄)ခုလုံးကို ကျွန်မ စွန့်လွှတ်ရတော့မည့်လမ်းစကို သဘောပေါက်လာချိန်မှာ ကျွန်မမှာ ငိုစရာ အသဲနှလုံးပင်မရှိတော့ပါ။ တစ်စုံတစ်ခုကို စွန့်လွှတ်ရတာထက် အရာအားလုံးကို စွန့်လွှတ်ရသော ကျွန်မရင်ထဲက အသဲနှလုံးမှာ ဘာကိုလက်ခံရမှန်းတောင် မသိတော့ပါ ။ အချိန်တစ်ခုကြာမှ ကျွန်မ ပြန်ကောက်ယူခွင့် ရမည်ဆိုတာတော့ သိပေမယ့် ကျွန်မလက်ချောင်းတွေကား ထိုအရာကို လက်ခံနိုင်ခြင်းမရှိခဲ့။

လူတွေက မိမိဘ၀အကြောင်း ၊ မိမိခံစားချက် တော်တော်များများကို သိမ်းဆည်းထားချိန်မှာ ကျွန်မက လွတ်လပ်စွာ ပေါက်ကွဲလေ့ရှိသည်.. ။ ထိုသံစဉ်စကားလုံးများနောက်ကွယ်မှာ ကျွန်မ မျက်ရည်တွေ ကပ်ငြိနေသည် . ။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကြား ဖြစ်ချင်တာတွေ သိုဝှက်ပြီး ဖြစ်သင့်တာတွေကြား အမြဲ လက်ပစ်ကူးနေရသော ဘ၀ကို ကျွန်မ တစ်ခါတစ်လေ စက်ဆုပ်မိသည် .. ။

ချစ်သူက ပြောခဲ့ဖူးသည် .. “ကျွန်မအတွက် အမြဲဂုဏ်ယူသည်”ဟု … ။ မောင်နှမတွေက ပြောဖူးသည် “ညီမလေးအတွက် ဂုဏ်ယူသည်”ဟု … ။ အားပေးသူတွေက ပြောဖူးသည် “လေးစားသည်”ဟု … ။ တကယ်တော့ ကျွန်မက တစ်စက်မှ အသုံးကျသူ မဟုတ်ပါ .. ။ ကျွန်မကိုကျွန်မ ဘယ်တုန်းကမှ ကောင်းသည်ဟုလဲ မမြင်ခဲ့ဖူးပါ .. ။ ဘာကောင်းကျိုးမှ ပေးတတ်သူ မဟုတ်ပါ .. ။ ကျွန်မကို ချစ်သောသူအားလုံးနှင့်ဆန့်ကျင်သောအရာကိုမှ လိုချင်တတ်သော မိန်းကလေးတစ်ယောက်သာ ဖြစ်သည် .. ။ ကျွန်မက တော်ဝင်သဇင် မဟုတ်ပါ .. ။ စံပယ်ဖြူလို အမြဲ မအေးမြနေပါ .. ။ ခရေပန်းလို အမြဲမမွှေးပျံ့နေပါ .. ။ မြက်ရိုင်းကြားမှ ကြိုးစားထိုးထွက်နေသော ပန်းရိုင်းတစ်ပွင့်သာလျင် ဖြစ်သည် .. ။

တကယ်တော့ ကျွန်မ မထူးချွန်ပါ .. ။ ငွေကြေးတွေ တွက်ချက်ဖို့ထက် ကျွန်မလက်တွေက စာရေးဖို့ပဲ သိသည် .. ။ လူ့လောကထဲမှာ လူပီသစွာ အခြေအနေအလိုက် လှည့်ဖြားနေတတ်ဖို့ထက် ကျွန်မစိတ်ထဲရှိတာကို လွတ်လပ်စွာ ပြောဆိုဖို့ပဲ ကျွန်မ သိသည် .. ။ ဦးနှောက်တွေနှင့် တွက်ချက် လုပ်ယူနေသော လူ့လောကထဲမှာ ကျွန်မကတော့ နှလုံးသားက တောင်းဆိုချက်ကိုသာ နားလည်သည် .. ။ ကျွန်မ စိတ်ချမ်းသာဖို့ထက် ကျွန်မကို ချစ်သောသူများ စိတ်ချမ်းသာဖို့ကိုသာ ကျွန်မ သိသည် .. ။ ကျွန်မလိုချင်တာထက် အများလိုချင်တာကိုပဲ ကျွန်မ ခေါင်းညိတ်လေ့ရှိသည် .. ။ ဓနတွေထက် အနုပညာဖန်တီးမှုကိုသာ စိတ်ဝင်စားသည် .. ။ တကယ်တော့ ကျွန်မသည် လူမဖြစ်သင့်ဘဲ ကျောက်ရုပ်သာ ဖြစ်သင့်သည် .. ။

လက်ရှိအသိုင်းဝိုင်းကြားမှာ ကျွန်မ ဘယ်သူ့လုပ်ရပ်ကို သဘောကျလဲဟု ပြောရလျင် “အကိုညီလင်းဆက်” ဖြစ်သည် .. ။ ကျွန်မ သူနှင့်စသိချိန်က ကျွန်မ စင်ကာပူရောက်ပြီး သိပ်မကြာချိန် .. ။ “လိုချင်တာတစ်ခုရဖို့ထက် ဖြစ်သင့်တာတွေနောက် အရင်လိုက်ရင်း ဖြစ်ချင်တာတွေက ပျောက်ဆုံးကုန်ရော”ဟု သူပြောခဲ့သော စကားတစ်ခွန်းက ကျွန်မရင်ထဲတွင် ယနေ့တိုင် စွဲနေဆဲ .. ။ ကျွန်မ မလုပ်နိုင်သော အရာတော်တော်များများကို သူလုပ်ဆောင်နိုင်တာကြည့်ရင်း ကျွန်မ လေးစားနေမြဲ .. ။

ဖြစ်ချင်တာ (၄)ခုကြားမှာ တစ်ခုမှ မရနိုင်တာ သိလျက်နဲ့ ရှေ့ဆက်တိုးနေတာကို “အရူး”လို့ ခေါ်ခဲ့ရင် အဲဒီအရူးက ကျွန်မပဲ ဖြစ်မှာပါ .. ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်လို့ ပြောစမှတ်ပြုကြရင် တစ်သက်လုံး ဖြစ်ခွင့်မပေးတဲ့ ဒီရည်ရွယ်ချက်တွေကြားမှာ ကျွန်မက ဘာကိုများ ထပ်ပြီး မျှော်လင့်ရမှာလဲ ………. ။

2 comments:

ခင်မင်းဇော် said...

လင်းလက်ရေ
ကိုယ်လိုချင်တာအတွက် တခုချင်းအစကနေ ပြန်ကြိုးစားကြည့်လိုက်ပါ။
မျှော်လင့်ချက်တွေကတော့ တခုပြီးတခု ရှိလာမှာပါ။
အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲလိုက်ရတာတွေလည်း ရှိတာပဲမဟုတ်လား။
ဘယ်တော့မှ အားမငယ် စိတ်ဓါတ်မကျပါနဲ့။
အန်တီတို့တွေလဲ ဘ၀မှာ မျှော်လင့်ချက်တွေကို ခဏခဏ ပြောင်းလဲပစ်လိုက်ရတာ ခုချိန်ထိပါပဲ။

pandora said...

ညီမလေး လင်းလက်ရေ
စိတ်မလျှော့ပါနဲ့ကွယ်..

ဘာမှ မသိတတ်တဲ့အရွယ်က ကလေးတစ်ယောက် လမ်းလျှောက်တတ်ဖို့အတွက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လဲကျခဲ့ရတယ်။

ပြန်ထ ပြန်လျှောက်။ နောက်ဆုံးတော့ ရောက်ဖို့မရောက်ဖို့ထက် လျှောက်ရတာ သွားနေရတာကပဲ အဓိပ္ပာယ်လို့သတ်မှတ်ရမယ် ထင်တယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။