Wednesday, April 25, 2007

TAG TAG တက်ကြစို့ ..

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အခုတစ်လော ဟိုဘလော့ခ်သွားလည်း တက် ၊ ဒီဘလော့ခ်သွားလည်း တက်ဆိုတော့ ဘာပါလိမ့်ဆိုပြီး အံ့သြမိပါတယ် .. ။ လင်းလက်နာမည်က ဟိုနေရာမှာ တက်ခိုင်း ၊ ဒီနေရာမှာတက်ခိုင်းဆိုတော့ မသိဘဲ လျှောက်တက်မိရင် ချော်ကျပြီး ငါတော့ အရှက်ကွဲရချည်ရဲ့ဆိုပြီး ပထမဆုံး လိုက်လေ့လာရပါသေးတယ် :D ။ ညလေးဘလော့ခ်မှာလည်းတက်ခိုင်း ၊ ကိုမျက်လုံးကလည်း တက်ခိုင်းဆိုတော့ ငါလည်းတက်မှပဲလို့ .. ။ 10 weird things about me ဆိုတဲ့ Tag ဂိမ်းအကြောင်း။ ကိုပြောတာပါနော် .. တမျိုးမထင်ကြပါနဲ့ … ။

၁) ကျောင်းစာကျက်ချိန်နည်းသလောက် မဂ္ဂဇင်း ၊ ၀တ္ထု ၊ ပုံပြင် ၊ ကာတွန်း အခြားစာအုပ်မှန်သမျှကို ဖတ်ရတာ ပိုကြိုက်ပါတယ် :D ။ စာရေး ၊ စာဖတ်ကို ၀ါသနာသိပ်ခုံမင်သလို အိမ်လှလှလေးတွေပုံစံကိုကြည့်ရတာ ကြိုက်ပါတယ်။

၂) စိတ်နည်းနည်းဆတ်ပါတယ် .. ။ တော်ရုံကိစ္စနဲ့ စိတ်မဆိုးတတ်ပေမယ့် ဒေါသထွက်အောင်လုပ်သူကိုတော့ စိတ်ထဲမှာ နာတတ်ပါတယ် ။

၃) အလှပတအားကြိုက်ပါတယ် ။ အလှပနဲ့ပတ်သတ်တဲ့စာတွေ ဖတ်ရမယ် ၊ ရှော့ပင်းထွက်ရမယ်ဆိုရင် တနေကုန် ထမင်းမစားရလည်း ပြဿနာမရှိပါဘူး ဟိးဟိး တကယ်ပါ မယုံရင် ကိုကို့ကိုမေးကြည့်။

၎) ညစ်ပတ်တာကို မကြိုက်ပါဘူး .. ။ အဆိုးဆုံးက လင်းလက်က တအားရွံတတ်ပါတယ် (အားနည်းချက်ပါ)။ စကားနဲ့တောင် စလို့မရပါဘူး .. ။ သာမန်ရွံစရာမဟုတ်တာကိုတောင် ရွံတတ်တဲ့အကျင့်ရှိပါတယ်။ အဲဒါကြောင့်လည်း ခဏခဏ အစခံရပါတယ်။

၅) ပန်းလေးတွေကို တအားကြိုက်ပါတယ် (ခွေးသေးပန်းမပါ)။ နှင်းဆီပန်း ၊ စံပယ်ပန်း ၊ ပိတောက် ၊ သစ်ခွ ၊ ခရေ အကုန်ကြိုက်ပါတယ်။ နှင်းဆီအဖြူကိုလည်း အေးမြစွာချစ်သလို ဆူးအပြည့်နဲ့ နှင်းဆီရဲရဲကိုလည်း သိပ်ကြိုက်ပါတယ် .. ။ သစ်ခွလေးတွေကို မြတ်နိုးသလို မွှေးပျံ့စွာကြွေပေးတဲ့ ခရေပန်းကိုလည်း ကြိုက်ပါတယ် ။။ စကားဝါဖြူဖြူလေးတွေကိုဆိုရင် သိပ်ချစ်ပါတယ်။

၆) အတင်းပြောတဲ့မိန်းမတွေ ၊ မိန်းမလိုမိန်းမရ အကျင့်ရှိတဲ့ ယောက်ျားတွေ ၊ အမည်မထုတ်ဖော်ဘဲ တိုက်ခိုက်သူတွေ ၊ ရှေ့တစ်မျိုး နောက်တစ်မျိုးပြောတဲ့လူတွေနဲ့ မပေါင်းပါ။

၇) လူတွေတော်တော်များများကို နားလည်ပေးဖို့ ကြိုးစားနေပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ နားမလည်နိုင်သေးပါဘူး (မရူးဘူးနော် အကောင်းရှိသေးတယ်)။

၈) လူကြီးဆန်တယ် ၊ လူကြီးပုံစံနေတာကို နှစ်သက်ပေမယ့် အိပ်ခန်းထဲမှာ အရုပ်တွေအများကြီးထားရတာကို ကြိုက်ပါတယ် :D ၊

၉) ၀က်သား ၊ အမဲသား ၊ ဆိတ်သား အရမ်းမုန်းပါတယ်။ အသီးအရွက်သိပ်ကြိုက်ပါတယ်။ အဲဒီအသားတွေ စားထားပြီးချိန်လူတစ်ယောက်ကို သွားပြန်မတိုက်ရသေးဘဲ စကားမပြောပါဘူး။ အစပ် ၊ အငံ လုံးဝမကြိုက်ပါ။ အထူးသဖြင့် မြန်မာတအားဆန်သော အိမ်မှဟင်းတွေ မစားနိုင်ပါ။ အဲဒီဒဏ်ကို ခံရတာက လင်းလက်နားမှာရှိတဲ့ မိဘနဲ့ ကိုကို :D ၊

၁၀) မြန်မာဆန်သောအလှကိုသိပ်မြတ်နိုးပေမယ့် ကိုယ်တိုင်တော့ ထဘီစကပ်သာဝတ်လေ့ရှိပါတယ်။ ထဘီအစစ်ပတ်ရင် ကျွတ်ကျတတ်လို့ပါ။

၁၁) အမှန်တရားကိုမြတ်နိုးသလို ၊ တရားမျှတမှုကို လိုလားသူ … ။ ဘယ်သူ့ကိုမှ မကြောက်တတ်ပေမယ့် ချွင်းချက်အနေနဲ့ ဖခင်အရင်းကိုတော့ ယောင်လို့တောင် မော်မကြည့်ရဲတဲ့ မိန်းကလေးတစ်ဦးပါ … ။ (ကျန်တဲ့သူတွေတော့ ဆောရီးနော်)

၁၂) ဖြစ်သင့်တာတွေချည်း လုပ်ပေးနေရလို့ ဖြစ်ချင်တာတွေမြုပ်နေတော့ တခါတလေ သောင်းကျန်းတတ်ပါတယ်။ ( ဘယ်ပစ္စည်းမှ ရိုက်ခွဲတာမဟုတ်ပါဘူး။ သီချင်းတွေအော်ဆိုတာပါ)

၁၃) ဓါတ်ပုံရိုက်တာ ၊ မော်ဒယ်ရှိုးသွားရတွေကို သိပ်ဝါသနာပါတယ်။

၁၄) အစားစားတာ တအားနည်းပေမယ့် တနေ့ကို ၇နာရီမှ ၈နာရီကြားတော့ အိပ်တတ်တယ်။ ညခင်းဘက် နောက်ကျမှ အိပ်လေ့ရှိပြီး မနက်အစောကြီး မထတတ်ပါဘူး။

၁၅) ကျောင်းမှာ ထိုင်းကလာတဲ့ မိန်းကလေးတွေနဲ့ မကြာခဏ စကားများသော မြန်မာအဖွဲ့ဝင် ( နိုင်ငံချင်းစကားနိုင်လုရင်း)

၁၆) အလိုလိုက်နားလည်ပေး ၊ ဖြစ်ချင်တာအားလုံးကို ဖြည့်ဆည်းပေးပြီး အမြဲအနားမှာရှိပေးတဲ့ ချစ်သူကို တအားဆိုးနွဲ့အနိုင်ကျင့်တတ်တဲ့ မိန်းကလေး :D :D

ကဲ သူများတက်လို့ ကိုယ်လည်း သိသလောက် လိုက်တက်ပြီးပြီ .. ။ဒီစကားတွေအားလုံးက အပျော်လေးတွေလည်း ပါသလို ရင်ထဲကလာတဲ့ ခံစားချက်အစစ်တွေလည်း ပါပါတယ် … ။ သူများထက် ထူးပြီး ၁၀ခု မဟုတ်ဘဲ ၁၆ခု ဖြစ်သွားတယ် :P။ သူများတွေလို တအားနောက်ပြီး မေ၇းတတ်တာတော့ ခွင့်လွှတ်ပါ .. ။ ဘလောခ့်ဂါတွေ တော်တော်များများတော့ တက်ပြီးပြီမို့ ဘယ်သူတွေ ပြုတ်ကျ ကျန်ရစ်နေလည်း မသိပါ .. ။ ဒါကြောင့် သိသလောက်ထဲကနေ ဆွဲခေါ်လိုက်ပါတယ် .. ။ လာလာ လိုက်တက်ကြ

၁) ခင်ဖို့ကောင်းတဲ့ မမနေနေနိုင်နဲ့ အကိုသီဟကျော်ဇော

၂) မန်းမြို့တော်မှ ကိုမျိုးကျော်ထွန်း

၃)ရွှေမန်းမြို့တော်သား ကိုမျိုးဟန်ထွန်း

၎) ချစ်ဖို့ကောင်းတဲ့ ညီမလေး မအိမွန်စိုး

၅)ခင်ဖို့ကောင်းတဲ့ ကိုစစ်အိမ်

၆) သူငယ်ချင်း မောင်သင်္ကြန်

၇) ခင်မင်ရတဲ့ ဘော်ဒါကြီး ကိုပုထုဇဉ်

၈) သတင်းစုံတဲ့ ကိုစိုးဇေယျ

၉) မျိုးချစ်စိတ်နဲ့ ခင်မင်စိတ်ရှိသော ကိုရန်အောင်

ကဲ ဘော်ဒါ ၉ယောက်တို့ေ၇ … ။ လိုက်တက်ကြနော် … ။ မတက်ရင် လာဆွဲမယ် .. ။

Read More...

Saturday, April 21, 2007

Happy Birthday, Sweet

အခုတစ်လော အားလုံးသိကြတဲ့အတိုင်း မလင်းလက်တစ်ယောက် အလုပ်တွေရှုပ် ၊ အရှုပ်တွေလုပ်ရင်း အွန်လိုင်း သူငယ်ချင်းအားလုံးနဲ့ဝေး ၊ ဘယ်သူနဲ့မှလည်း စကားမပြောနိုင်ဖြစ်နေတာ အချစ်ဆုံးသူငယ်ချင်းလေး ဆွိသဉ္ဇာမွေးနေ့ကို မတော်တဆ မေ့သွားမိတယ် .. ။ သူဖုန်းဆက်မှ သိတော့ ရင်ထဲမကောင်းတော့ဘူး .. ။ အများကြီး တောင်းပန်ပါတယ် ချစ်သူငယ်ချင်းရယ် … ။

ဆွိသဉ္ဇာ … နာမည်လေး အေးသလို လူပုံစံလေးကလည်း မိန်းကလေးပီသစွာနဲ့ တော်တော်ကို ချောတဲ့ ၊ မြန်မာစာပေကို သိပ်မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက် … ။ သူနဲ့စခင်တော့ ပလန်းနက်မြေမှာပါ . ။ ရင်တွင်းဖြစ်တွေ ရေးရင်း ပထမဦးဆုံးစခင်တဲ့ရက်မှာပဲ ညီမတွေလို တအားရင်းနှီးသွားကြတာ .. ။ နောက်ပိုင်းတော့ ဘာမဆိုတိုင်ပင်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ် .. ။ စိတ်ချင်းကလည်းတူ ၊ အကြိုက်ချင်းကလည်းတူ ၊ မှန်ရာကိုမြတ်နိုး ၊ စာရေးတာချင်းလည်း ၀ါသနာတူ ၊ မြန်မာဆန်တဲ့အလှပကြိုက်တာချင်းလည်းတူ ၊ ပွင့်ပွင်းလင်းလင်း စကားကို ပြောတတ်ကြတာလည်းတူတဲ့ လင်းနဲ့ဆွိခင်မင်မှုက တော်တော်ကို လေးနက်ပါတယ် .. ။ ညီမသံယောဇဉ်လို ခင်မင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အကြံပေးတိုင်ပင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာတာ ကံတရားကိုရော ၊ ပလန်းနက်ကိုရော ကျေးဇူးတင်မိပါတယ်။

တိုက်ခိုက်သူတွေ ဘယ်လောက်များပါစေ ။ မုန်းတဲ့သူတွေ များစမ်းပါစေ။ အချစ်ဆုံးသူငယ်ချင်းတွေ ၊ အားပေးတဲ့မောင်နှမတွေ ၊ ၀ါသနာတူ မိတ်ဆွေတွေ ၊ အမြဲတမ်း ဘေးနားမှာ ရပ်ပေးတဲ့ ချစ်သူ ၊ ဒါတွေအားလုံးရဲ့ ခွန်အားနဲ့ ရှေ့ဆက်ဖို့ အမြဲတမ်း အားအင်တွေအပြည့်ပါပဲ။

ဧပရယ်လ် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အချစ်ဆုံးသူငယ်ချင်းလေး ဆွိမွေးနေ့မှ အမြဲတမ်း ပျော်ရွှင်မှုတွေ အပြည့်အ၀ရနေပါစေလို့ လင်းဆုတောင်းပေးလိုက်ပါတယ်။

အောင်မြင်မှုတွေပြည့်ဝစွာနဲ့ ဘ၀မှာ လိုချင်တာအားလုံးကို ဆွတ်ခူးနိုင်ပါစေလို့ ချစ်သော ဆွိအတွက် လင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ချစ်သောဆွိ အမြဲပြုံးပျော်ရွှင်နေပါစေ။

Read More...

ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း


ဒီဆောင်းပါးကတော့ တက္ကသိုလ်နေ၀င်း ရေးခဲ့တဲ့ အမှတ်တရဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းပါ။

ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း

ထိုနေ့ကား ၁၉၄၆ ခု ၊ စက်တင်ဘာလ ၂၆ရက် ၊ ကြာသာပတေးနေ့ ဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား မူလပုံစံအတိင်း သူတို့လက်အောက်ခံ ကျွန်နိုင်ငံအဖြစ် ဆက်ထားကာ ဆန်စပါး ၊ ကျွန်းသစ် ၊ ရေနံ ၊ သတ္တုစသော သယံဇာတပစ္စည်းများကိုလည်း ဆက်လက်အမြတ်ထုတ်ခေါင်းပုံဖြတ်ရန် ရည်ရွယ်လျက် စစ်ကြီးမပြီးမီကပင် စီမံချက်သဘော “စက္ကူဖြူ”စာတမ်းကို ရေးဆွဲထားပြီး ဖြစ်သည်။

သို့ရာတွင် ဒုတိယကမ္ဘာစစ်အပြီး နိုးကြားတက်ကြွလာသော မြန်မာတိုင်းရင်းသားလူထု တစ်ရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းနောက်မှ တခဲနက်ထောက်ခံအားပေးကာ လွတ်လပ်ရေးပေးရမည်ဟု ကြွေးကြော်လာသောအခါ ထိုအချိန်က ဗြိတိန်နိုင်ငံတွင် အာဏာရနေသော လေဘာပါတီ ခေါင်းဆောင်များက အခြေအနေမှန်ကိုသုံးသပ်ပြီးနောက် ရန်ကုန်မြို့ရှိ ဗြိတိသျှဘုရင်ခံအား “အောင်ဆန်းကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တော့”ဟု ညွှန်ကြားလိုက်တော့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့အာဏာကို ဘုရင်ခံထံမှ လွှဲပြောင်းရယူခဲ့ပါသည်။

ထိုနေ့ကား ၁၉၄၆ခု၊ စက်တင်ဘာလ ၂၆ရက်နေ့ပင်တည်း။

ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရသေး။ ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ ( ၀န်ကြီးအဖွဲ့ Cabinet )ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။

သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိအမည်ဖြင့် ၀န်ကြီးအဖွဲ့ကို ဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံသည် နာမည်ခံ “သဘာပတိ”သာဖြစ်ပြီး နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ၀န်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၀န်ကြီးချုပ်အာဏာကို ရရှိထားပြီးဖြစ်သည်။ တရားဝင်လွတ်လပ်ရေးမရသေး၍သာ ၀န်ကြီးအဖွဲ့ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းက (ယခု နတ်မောက်လမ်းသွယ်)နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့်အားခေါ်၍ နှစ်ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။

“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာအစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးဖြစ်လာပြီ ၊ မင်းကလည်း ငါ့ရဲ့ပီအေ ( အပါးတော်မြဲအတွင်းဝန်)အဖြစ် တစ်ရက် နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါအခုပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း။ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူညီတောင်းတာတွေလည်း လာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ဆွေမျိုးတွေ ငါ့မိန်းမဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သတ်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့အကူညီတောင်းတာတွေကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အဲဒါအိမ်မှာ အားလုံးကိုပြောထားလိုက်။ ငါအခု ပြောတဲ့အတိုင်း မလိုက်နာရင် မင်းနဲ့ငါအသိပဲ”

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။

ကျွန်တော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီးဒေါ်ခင်ကြည်ကိုလည်း

“မမကြည် အိမ်မှာချက်ဖို့ဆန်မရှိရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော်တို့ ရဲဘော်တွေ ကြံဖန်ရှာပေးပါ့မယ်။ ဆန်အိတ်တွေ ၊ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသမားတွေကိုတော့ လုံးဝလက်မခံပါနဲ့။ ဗိုလ်ချုပ်ကဒီအတိုင်း ကျွန်တော့်ကိုပြောထားလို့ပါ”ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။

ထို့နောက်မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးတော်စပ်သူအချို့ ရန်ကုန်ကိုရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က “အောင်ဆန်းဟာ ထောင်နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ”ဟု ပြောတတ်ကြပါသည်။ ယခုအစိုးရအာဏာရလာမှ အခွင့်အရေးရလိုရငြား လာကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်း ပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူးကျွမ်းကျင်အောင် လေ့လာထားသကဲ့သို့ ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လိုပြောတတ်သည်။

၂၆-၉-၄၆နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျွန်တော့်အား ညွှန်ကြားချက်ပေးပြီးနောက်

Remember that I practice what I preach! ဟုအင်္ဂလိပ်လိုအဆုံးသတ်ခဲ့ပါသည်။

အဓိပ္ပာယ်ကတော့ “ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ်ဆိုတာ မှတ်ထားပါ”ဟူ၍ပင်ဖြစ်ပါသည်။

ယင်းသို့ ၂၆-၉-၄၆နေ့က ဗိုလ်ချုပ် အင်္ဂလိပ်ပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှ ပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။

ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ် နေ့စဉ် ရုံးထိုင်နေပြီ ဖြစ်သည်။ ကျွန်တော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျွန်တော်လည်း ဘေးပေါက်မှ သူထိုင်ရာစားပွဲဆီသို့ သွက်လက်စွာ ၀င်သွားရပါသည်။

တစ်နေ့ မွမ်းလွဲသုံးနာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာပြေးဝင်သွားရာ

“ဟေ့ ဒီနေ့ညဘက် ငါတို့ချိန်းထားတဲ့ အစည်းအဝေးရှိသေးသလား။ တခြားဘာကိစ္စတွေရှိသလည်း” ဟု ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အသင့်ပါလာသော ဒိုင်ယာရီမှတ်တမ်းစာအုပ်ကို ကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။

“အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်။ တခြားဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ညအားပါတယ်”

“ဟုတ်လား။ ဒါဖြင့်ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ”

“ဘယ်ရုံကဇတ်ကားကြည့်ချင်တာလည်း ဗိုလ်ချုပ်”

“ပလေဒီယံရုံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ”

“ဒါဆိုရင်လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျွန်တော်သိတယ်။ အခု ကြိုတင်ပြီး ဖုန်းလှမ်းဆက်ထားလိုက်မယ်”

ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက်ကို ကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဟန့်တားပါသည်။

“ဟေ့ကောင် တယ်လီဖုန်းကိုပြန်ချလိုက်စမ်း”

ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက်တော့မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။

“ဘာလဲ။ မင်းက ရုံးမန်နေဂျာကို တယ်လီဖုန်းဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့ မဟုတ်လား။ မတောင်းရဘူး။ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ် ၀ယ်ကြည့်ရမယ်။ မေတ္တာလက်မှတ် တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တစ်မျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တစ်မျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင်မဟုတ်ဘူး။ ဆယ်စောင်လည်း ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ ရုပ်ရှင်ရုံပိုင်ရှင်တို့ ၊ မန်နေဂျာတို့ဆိုတာ စီးပွားရေး သမားတွေကွ။ အာဏာရှိတဲ့လူဆိုရင် မျက်နှာလိုမျက်နှာရလုပ်တတ်တယ်။ သူတို့က အခွင့်အရေး တစ်ခုပေးပြီးရင် ဆယ်ခု ပြန်တောင်းလိမ့်မယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ မင်းမှာ အခု ပိုက်ဆံ ဘယ်လောက်ရှိသလဲ”

ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန်သုံးရွက် ထွက်လာပါသည်။

“ဘယ်လောက်လဲကွ ၊ သုံးကျပ်မဟုတ်လား ။ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေက လိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ နှစ်ယောက်ပဲ ညနေခြောက်နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်ကြမယ်။ ငါးမူးတန်း လက်မှတ်နှစ်စောင်ဆိုတော့ တစ်ကျပ်ပဲကုန်မှာမို့ မင်းမှာ ငွေနှစ်ကျပ်တောင် ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်တော့”

ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှပြန်မပြောသာတော့ပါ။

(မှတ်ချက်။ ၁၉၄၆ခုနှစ်က ရုပ်ရှင်ကြည့်ခနှုန်းမှာ စစ်ကြိုခေတ်ကအတိုင်း ရှေ့ဆုံးကတစ်မတ် ၊ ထို့နောက် ငါးမူးတန်း ၊ စတောလ်ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ် ၊ ဒီစီဟုခေါ်သည့် အပေါ်ထပ်က နှစ်ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ ၊ တစ်ကျပ်စနစ်မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်း ၊ တို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာ နေခဲ့စဉ်က ရံဖန်ရံခါ အင်္ဂလိပ်ရုပ်ရှင်ကားများ ကြည့်တတ်သည်။ ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော ဈေူးအနည်းဆုံး တစ်မတ်တန်းက ကြည့်လေ့ရှိသည်။ ယခု သူဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှ ကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း ( ရှစ်ပဲ ) တန်းမှ ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်)

ထိုနေ့ ညနေက ပလေဒီယံရုံသို့ ကျွန်တော်တို့ ရောက်သွားသောအခါ အနည်းငယ်နောက်ကျနေသဖြင့် ငါးမူးတန်း၏ ရှေ့ဆုံးတန်းမှသာ လက်မှတ်ရပါသည်။ ငါးမူးတန်း၏ ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏ နောက်ဆုံးတန်းနှင့် ဘာမျှမခြားတော့။ သို့သော် ဗိုလ်ချုပ်က ဘာမှမပြော။ ထိုင်ကြည့်ရရင် ပြီးတာပဲဟုဆိုကာ ခပ်တည်တည်ပင် ၀င်ထိုင်ကြည့်လိုက်ပါသည်။

ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂နာရီခွဲ ၊ မွန်းလွဲသုံးနာရီခွဲ ၊ ညနေခြောက်နာရီခွဲနှင့် ညကိုးနာရီခွဲ စုစုပေါင်း လေးပွဲပြသည်။ ယခုလည်း တစ်နေ့လေးပွဲပြနေလင့်ကစား ပြချိန်ချင်းမတူတော့ချေ။

အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင့်သင့်သလောက်မြင်ရပါသည်။ ဤတွင် ကျွန်တော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့ဆုံးတန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သူ၏ ဓါတ်ပုံသတင်းစာထဲ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများသည် ရုပ်ရှင်ဓါတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရခက်နေတော့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်ဟူသော သတင်းသည် ရုံမန်နေဂျာရုံးခန်းသို့ ရောက်သွားတော့သည်။

မန်နေဂျာ ဦးမြဟန်ဆိုသူ (ယခုကွယ်လွန်)မှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသဖြင့် ချက်ချင်းအောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံဝန်ထမ်းတစ်ဦးအား ကျွန်တော့်ကို အပြင်ဘက် စင်္ကြသို့ခေတ္တထွက်ခဲ့ရန် ခေါ်ခိုင်းပြီး အပြစ်တင်ပါလေတော့သည်။

“ဘယ်လိုလုပ်လိုက်တာလဲ သူငယ်ချင်း ၊ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ ဘာကြောင့် မဆက်တာလဲ”

“အေးငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ် တောင်းပြီး ရုပ်ရှင်ကြည့်တာဟာ အခွင့်အရေးတစ်မျိုးယူတာပဲတဲ့။ နောင်တစ်ချိန်ကျ၇င် မင်းတို့လို စီးပွားရေးသမားတွေက မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲကုန်အောင် ငါးမူးတန်းက ၀င်ကြည့်ကြတာပဲကွ”

“ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာတော့ အကြံအဖန်လုပ်ဖို့ ၊ မတရား အခွင့်အရေးတောင်းဖို့ အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ်ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန် ၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်ရုံနဲ့ပဲ ပတ်သတ်တော့ သွင်းကုန် လိုင်စင်တောင်းတာမျိုးတို့ ဘာအခွင့်အရေးမှ ယူဖို့လည်း မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ်သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်းရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီတန်းမှ တက်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း”

မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျွန်တော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကို ကြည့်ပြီး သဘောကျနေကာ ရယ်မောနေသူ ဗိုလ်ချုပ်၏လက်မောင်းကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင် ဘာလဲကွ ၊ ရုပ်ရှင်ကြည့်ကောင်းနေတုန်း ဘာဖြစ်ပြန်ပလဲ”

ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ကျွန်တော့်အား ငေါက်ရာ ကျွန်တော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်း ခပ်တိုးတိုးရှင်းပြလိုက်ရပါသည်။

ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်းမရင်းနှီးသော်လည်း သူသိနေသည်။ ထို့ပြင် ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ ကူညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟု အာမခံချက်ပေးထားပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။

“ဟေ့ကောင် အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ ၊ မင်းက ရှေ့ကသွား ၊ အချိန်ကြာနေရင် ရုပ်ရှင်ဇတ်လမ်း ဇတ်ကွက်တွေ လွတ်ကုန်ပါဦးမယ်”

သူပြောသည့်အတိုင်း ကျွန်တော်လည်း ခပ်သွက်သွက်လျှောက်ထွက်ကာ ဦးမြဟန်လွှတ်ထားသော ရုံဝန်ထမ်း လူငယ်တစ်ဦးနှင့်အတူ ဒီစီခေါ် အပေါ်ထပ် နှစ်ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။

ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၍ဗိုလ်ချုပ်က

“မင်းသိတဲ့အတိုင်း ငါတို့ကရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာ မဟုတ်ဘူး။ ငါးမူးတန်းက လက်မှတ်နှစ်စောင်ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်းမန်နေဂျာက အတင်းလာခေါ်ပြီး အပေါ်ထပ် တက်ကြည့်ဖို့ခေါ်တော့ သူ့အမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ”ဟု ပြောခဲ့ပါသေးသည်။

ဤသို့ပြောနေစဉ် ကျွန်တော်သည် ၂၆-၉-၄၆ နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က

“ဟေ့ ငါ့တပည့်ရဲဘော်တွေကိုပြောသလို ငါကိုယ်တိုင်လုပ်တာကွ”ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည်သတိရကြားယောင်နေမိပါသတည်း။

Read More...

Saturday, April 14, 2007

ရင်ထဲကနှစ်သစ်သင်္ကြန်


“ဟင်”
ကျမနှုတ်မှ အံ့သြစွာရေရွတ်မိပြီး သေသေချာချာပြန်ကြည့်မိတော့ တပင်လုံးမှာ ၀ါထိန်ဝင်းဝါနေတဲ့ ပိတောက်ပွင့်များ … ။ ပိတောက်ပင်အောက်မှာ ရပ်ရင်း လေနှင်ရာအလိုက်ယိမ်းနွဲ့နေတဲ့ ပိတောက်ခက်တွေကို ကျမ ကြည်နူးစွာကြည့်နေမိသည် … ။ သင်းပျံ့သောရနံ့တို့နှင့် မြေပြင်ပေါ်မှာ ပိတောက်ပွင့်လေးတွေ ကျဲပြန့်စွာ ကျနေပုံက နူးညံ့သိမ်မွေ့သော ပန်းခင်းလမ်းပန်းချီကား တစ်ချပ်ကို တသသခံစားနေရသလို ရင်ထဲမှာ လှိုက်ဖိုမိသည် … ။
ရိပ်သာလမ်းထိပ်မှာ ပိတောက်ပင်တွေ စည်ကားစွာ ပွင့်ဝေနေတာကို ကျမကြည့်ရင်း တိုက်ခတ်လာသော လေပြေအောက်မှာ တကယ်ကိုသာယာမိသည် .. ။ ရုတ်တရက် ခပ်လှမ်းလှမ်းမှ ဆူညံသံများကို ကြားရပြီး ကျမလှည့်ကြည့်မိတော့ ကျမငယ်သူငယ်ချင်းတွေ ရေပုံးတွေ ကိုယ်စီနှင့် ကျမကို ရေလောင်းဖို့ပြေးလာနေတာကို တွေ့လိုက်ရချိန်မှာ ကျမမျက်လုံးပြူးသွားသည်။
“လင်းရေ နင့်ကိုရေအ၀လောင်းရမယ်”
သင်္ကြန်မို့ရေစိုတာ ကျမ နားလည်သလို သင်္ကြန်ရေကို ကျမသိပ်ချစ်ပါသည် .. ။ သူတို့ရေလောင်းမှာကို ခေါင်းညိတ်ပြလိုက်ပေမယ့် လူအများရဲ့ ရေတွေအောက်မှာ ကျမမွန်းကြပ်လာပြီး ခေါင်းကိုတွင်တွင်ခါလိုက်ပြီး “ရပ်တော့ ရပ်တော့”ဟု အော်လိုက်ချိန်မှာ ကျမ လန့်နိုးသွားရသည်။
“အိုးးးး ”
ကျမ အိပ်မက်မက်နေတာပါလား … ။ ကျမတခန်းလုံးကို ဝေ့၀ဲကြည့်လိုက်ပြီး ရေတစ်ခွက်ထသောက်လိုက်ရသည် .. ။ ပြတင်းတံခါးနားရပ်ပြီး အပြင်ဘက်ကို ကျမကြည့်လိုက်တော့ မီးရောင်များနှင့် ထိန်လင်းအသက်ဝင်ငြိမ်သက်နေသော ခြင်္သေ့ကျွန်းအလှ … ။
ပြတင်းပေါက်နားမှာ တော်တော်ကြာရပ်ရင်း ဒီလိုအိပ်မက်တွေနှင့် လွမ်းဆွတ်နေရတဲ့ ကျမအပါအ၀င် ပြည်ပရောက်မြန်မာတွေဘ၀ကို တွေးမိသည် … ။ ပိတောက်ရနံ့တွေ သင်းနေတဲ့ သင်္ကြန်ကို ကျမ အရမ်းလွမ်းဆွတ်မိကြောင်း ပြောလွန်းလို့ ကျမချစ်သူပင် နားအတော်ပူနေပါပြီ .. ။
ငရုပ်သီးတွေထည့်ထားတဲ့ မုန့်လုံးရေပေါ်ကို စားခဲ့မိရင်း သူငယ်ချင်းတွေနဲ့ စနောက်ခဲ့ပုံတွေ ၊ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေနေတဲ့ သင်္ကြန်အကများ ၊ ကျက်သရေအပေါင်းနဲ့ ပြည့်စုံစွာ ဥပုသ်သီလယူနေသူများ ….. ဒီပုံရိပ်တွေကို ကျမ သိပ်လွမ်းပါသည် … ။
နယ်မြို့လေးတစ်မြို့မှာတော့ ကားတစ်စီးလာရင် ငှက်ပျောတုံးတွေ ချထားရင်း ရေအ၀လောင်းခဲ့တာတွေ ၊ ဖြတ်သွားသူများကို ယဉ်ကျေးစွာလောင်းခဲ့တာတွေကို ကျမ သတိရမိပါသည် … ။
သင်္ကြန်ဆိုသော ဝေါဟာရမှာ နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်ပစ်ပြီး နှစ်သစ်ကို စိတ်သစ် ၊ လူသစ် ရွှင်လန်းစွာဖြင့် ကြိုဆိုကြခြင်းဖြစ်သည် … ။ ကုသိုလ်လည်းယူ ၊ ယဉ်ကျေးပျော်ရွှင်စွာ ကစားကြရင်း မြန်မာတို့ကြိုဆိုသော နှစ်သစ်သင်္ကြန်မှာ ရက်ထူးရက်မြတ်လလည်း ဖြစ်သည် .. ။




မြန်မာ့သမိုင်းမှာ သင်္ကြန်ပွဲတော်လေး ဆင်းသက်လာပုံက ပုဂံခေတ်ကဖြစ်သည် .. ။ ခေတ်အဆက်ဆက် ဆင်းသက်လာသော သင်္ကြန်ပွဲတော်ကို ယနေ့ထိ မြန်မာလူမျိုးများက နှစ်သက်စွာ ဆင်နွှဲနေဖြစ်သည် .. ။ ပြည်နယ်အလိုက် ၊ တိုင်းအလိုက် ကျင်းပပုံကြခြင်း မတူညီကြသော်လည်း ပါဝင်ဆင်နွှဲသူများအားလုံးက ကြည်နူးကြစမြဲ .. ။
တူညီဝတ်စုံများ ၊ ပိတောက်ပန်းခက်များ ဝေဆာအောင်ပန်ထားသော လှပျိုဖြူများက စည်းချက်ညီညီ ယိမ်းနွဲ့ကနေပုံများကလည်း သင်္ကြန်ပုံရိပ်တစ်ခုပင် ဖြစ်သည် … ။ ယခင်အချိန်များက သင်္ကြန်ပွဲတော်သည် ယဉ်ကျေးသည် .. ။ ငွေဖလားတွင် သပြေခက် ၊ နံ့သာရနံ့များဖြင့် ပက်ဖျန်းကြသည် .. ။ နောက်ပိုင်း သင်္ကြန်ယဉ်ကျေးမှုမှာ ခေတ်က ပျက်လာသည် … ။ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းစိုင်းစွာ ဆက်ဆံလာကြသည် … ။ ယဉ်ကျေးမှုကို မေ့လျော့လာကြသည် ။ နှမချင်း မစာမနာ ပြောသူများကို တွေ့ရချိန်မှာ လွန်စွာစိတ်ပျက်မိသည် …. ။
မီးသတ်ပိုက်များဖြင့် မိန်းကလေးများ ခါးကိုရွေးထိုးပက်ကြသူများကို စိတ်ပျက်မိသည် .. ။ နာစေလိုသော ရည်ရွယ်ချက်ဖြင့် သင်္ကြန်ပွဲတော်ဖြစ်လာသည် မဟုတ် .. ။ ဒါကို နားလည်သဘောပေါက်ဖို့လည်း လိုအပ်သည် … ။

ခေတ်ဆိုသည်မှာ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းနှင့်တူသည် … ။ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုများကို လင်းကိုယ်တိုင်လည်း လက်ခံသလို နှစ်သက်သည် .. ။ ဒါပေမယ့် အရှက်အကြောက်ရှိဖို့အတွက်လည်း မမေ့သင့်ပေ … ။ မိမိနှစ်သက်သော ဒီဇိုင်းသစ်များ ၊ ခပ်ဆန်းဆန်းပုံစံများ ၊ လက်ပြတ် ၊ အဟိုက် ၊ စကပ်တိုတို … အစရှိသည်များကို အခြားအချိန်တွင် ကြိုက်သလို ၀တ်စားနိုင်သည် … ။ အားလုံးယဉ်ကျေးစွာ ကစားကြရမည့် နှစ်သစ်သင်္ကြန်အချိန်ခါတွင်တော့ ကိုယ်လုံးကောက်ကြောင်းကို ထင်ရှားစွာ မြင်နိုင်မည့် အ၀တ်ပါးများ ၊ စကပ်တိုတိုများကို မ၀တ်ဆင်သင့်ပေ .. ။ ဘီယာသောက်သော မိန်းကလေးများကို မြင်ရချိန်မှာ ကျမ ရင်နာမိသည် … ။ မြန်မာမိန်းကလေးများဟုတ်ပါလေစဟု ရင်ထဲမှာ တွေးမိသည် … ။





မြို့ကြီးများတွင်ရှိသူများက သင်္ကြန်ရောက်လျင် ကားဖြင့်လည်ပတ်ကြသည် … ။ ရေစိုလည်းခံ ၊ မိမိအတွက်လည်း လုံခြုံသော တီရှပ်များ ၊ ဂျင်းဘောင်းဘီရှည်များ ၊ လက်ရှည်အကျီများကိုသာ လုံလုံခြုံခြုံဝတ်ဆင်ပြီး ရေပက်ခံထွက်ကြလျင် မြင်ရသူလည်းကောင်း ၊ မိမိအတွက်လည်း အိနြေ္ဒမပျက်ပေ .. ။ အချိန်နေရာဒေသကိုလိုက်ပြီး မြန်မာမိန်းကလေးများ နေတတ်ပါစေဟု ကျမ ဆန္ဒပြုမိသည် … ။
တချိန်က သင်္ကြန်ပွဲတော်ဟု ဆိုလိုက်တာနှင့် အားလုံးက အပြိုင်အဆိုင် ကျင်းပကြရင်း စည်ကားသိုက်မြိုက်လှသည် .. ။ ကျမ ၉တန်း ၊ ၁၀တန်းအချိန်က သင်္ကြန်မတိုင်ခင် ၁၀ရက် ရေဖြတ်သည် .. ။ ကျမတို့နေသော ရပ်ကွက်က တိုက်ခန်းများသာရှိသော နေရပ်ဖြစ်သည် . ။ ဂျိုးဖြူရေကိုဖြတ်လိုက်တော့ ဘယ်လိုလုပ် နေထိုင်သောက်သုံးကြတော့မလည်းဆိုတာ ဘဘဗိုလ်ချုပ်ကြီးတို့ဘက်က ကိုယ်ချင်းစာသင့်ပါတယ် .. ။
စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာတို့ ရိုးရာပွဲတော်တွေကိုလည်း စည်ကားသိုက်မြိုက်စွာ မဆင်နွှဲနိုင်ကြ ။ အလှူအတန်းတွေလည်း ကျဲပါးပြီး ယဉ်ကျေးမှုတွေလည်း ပျက်စီးယိုယွင်းလာသည်။ ခေတ်အလိုက်ကြိုးစားနေထိုင်ကြရင်း မိမိရဲ့ယဉ်ကျေးမှုအစစ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါသည် .. ။ “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်ကနွားလား ဖြောင့်ဖြောင့်လိုက်မည်”ဟု လူကြီးသူမတွေ ဆိုကြတဲ့အတိုင်း ခေါင်းဆောင်က အရှေ့က မဟုတ်တာတွေချည်း လုပ်ပြနေရင် အနောက်ကလိုက်တဲ့သူအားလုံး မည်မျှမှန်ကန်ပါစေ ၊ စိတ်ဓါတ်များ ယိုယွင်းပျက်စီးလာမည်သာ … ။
အာဏာရှင်အုပ်ချုပ်မှုအောက်မှာ စီးပွားရေးကျပ်တည်းမှုကြောင့် အကျပ်အတည်းများ ပြည့်နှက်နေသော မြန်မာများမှာ နှစ်သစ်ရောက်လျင် ယခင်အချိန်ကလို လွတ်လပ်စွာ ပျော်ရွှင်ခြင်းမရှိနိုင်ကြ .. ။ ရိုင်းစိုင်းစွာပြောဆိုကြ ၊ အမူးလွန်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေသော လူငယ်တစ်ချို့ကြောင့် သင်္ကြန်ပွဲတော်ကို အချို့မှာလည်း ကြောက်ရွံ့စွာ လည်ချင်တိုင်း မလည်ရ အခြေအနေများ ဖြစ်လာသည် … ။
နှစ်ဆန်း(၁)ရက်နေ့က အားလုံးအတွက် နေ့ထူးနေ့မြတ်ဖြစ်သလို ကုသိုလ်ယူရမည့် အချိန်တစ်ခု … ။ ထိုနေ့မှာ လူကြီးသူမများကို ခေါင်းလျှော်ပေးခြင်း ၊ ခြေသည်းလက်သည်းညှပ်ပေးခြင်းဖြင့် ရပ်ကွက်ထဲမှ လူငယ်များက ကုသိုလ်ယူကြသည် … ။ လွန်စွာယဉ်ကျေးသော မြန်မာ့ယဉ်ကျေးမှု ဖြစ်ပါသည် .. ။ ညခင်းအချိန်အခါမှာလည်း စေတီများအောက်ခြေမှာ အတာအိုးငယ်လေးများ ၊ နံ့သာတိုင်များ ၊ ဆီမီးများဖြင့် ကျက်သရေအပေါင်းပြည့်စုံပြီး သပ္ပါယ်လှသည် .. ။ ထိုအလှတရားများဖြင့် ပြည့်စုံနေသော မြန်မာ့ယဉ်ကျေးမှုမှာ ခေါင်းဆောင်ကောင်းများဖြင့်သာ ထိုက်တန်လှသည် .. ။
ပိတောက်ရနံ့တို့ဖြင့် သင်းပျံ့နေသော နှစ်ဦးအချိန်အခါမှာ မြန်မာလူမျိုးများအားလုံး ပျော်ရွှင်ခြင်း သုခများစွာဖြင့် နှစ်သစ်မှ အညစ်အကြေးများကို စွန့်ပစ်ကာ အေးချမ်းကြည်နူးကြပါစေလို့ ဆန္ဒပြုအပ်ပါတယ် … ။ စစ်အာဏာရှင်လက်အောက်မှလည်း အမြန်ဆုံးလွတ်မြောက်ပြီး လွတ်လပ်အေးချမ်းသော နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအောက်မှာ တည်ရှိနေပါစေလို့ ဆုတောင်းမိပါတယ်..။
မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောသင်္ကြန်ဖြစ်ပါစေ။

Read More...

Friday, April 06, 2007

မြန်မာစာ မြန်မာစကား



အခုနောက်ပိုင်းဆိုရင် ဘလော့ခ်ဂါတွေလည်း များလာကြသလို အရေးအသား မတူညီတာလေးတွေ ၊ ဆန်းသစ်တဲ့ အသွင်အပြင်လေးတွေနဲ့ ဘလော့ခ်ရပ်ဝန်းကတော့ စည်ကားလာတာကို ၀မ်းသာဖွယ်တွေ့ရပါတယ်။

လင်းလက်ကိုယ်တိုင်လည်း မကြာခဏ တစ်ခါတစ်လေ စာလုံးပေါင်းလေးတွေ မှားတတ်ပါတယ်။ လင်း တော်တော်များများကို ၁၀တန်းအထိ လေ့လာထားတာတောင်မှ အမှားက မကင်းသေးဘူး။ အမှားကို အမှန်ထင်ပြီး ရေးခဲ့တာတွေလည်း ရှိပါတယ်။ လူကြီးတွေက ပြောပြရင်း သတိပေးမှပဲ သိရတာတွေလည်း ရှိပါတယ်။

လင်းရဲ့ ၀ါသနာနဲ့ ဖြစ်ချင်တာတွေကို အပြည့်အ၀အားပေးကူညီတဲ့ “သူ”က မကြာသေးခင်ကပဲ လင်းကို စာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။ သတ်ပုံတွေ ၊ အသုံးအနှုန်းတွေ မှားတတ်တာကို ဟာသလေးတွေနဲ့ ပြန်ပြင်ပေးထားတဲ့ “မြန်မာစာ မြန်မာစကား”ဆိုသော စာအုပ်ပါ။ သူအမြတ်တနိုးသိမ်းထားတဲ့ စာအုပ်ကို လက်ဝယ်ထိ သေချာပေးတာနဲ့ လင်းလည်း အများကြီးဝမ်းသာမိသလို ရိုရိုသေသေသိမ်းထားဖြစ်တယ်။ တန်ဖိုးဖြတ်မရတဲ့ လက်ဝယ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်ရပြီး နောက်တစ်ရက်မှာပဲ PDF File နဲ့ ဆိုဒ်တစ်ခုမှာ ဒီစာအုပ်ကို ထပ်တွေ့တော့ ပိုဝမ်းသာမိပြီး မိတ်ဆွေမောင်နှမတွေကို ဝေမျှလိုက်ပါတယ်။

မိခင်ဘာသာစကားကို မှန်မှန်ကန်ကန်နဲ့ သေချာရေးသားကြရအောင် သူငယ်ချင်းတို့ရေ။

Download From Mediafire

Read More...

Fashion Image ( Chit Thu Thot )

Download With PDF File

ဒီစာမူကို ဘယ်အချိန်ကရေးလိုက်ခဲ့မှန်းတောင် မမှတ်မိတော့ပါဘူး ။ လစဉ်လတိုင်း မဂ္ဂဇင်းတော်တော်များများကို ၀ယ်လေ့ရှိတဲ့ ကျမ မနေ့က ထုံးစံတိုင်း ပန်နီဆူးလားမှာ ဧပရယ်လ်အတွက် စာအုပ်တွေသွားဝယ်ရင်း ကားပေါ်မှာ စာမျက်နှာတွေ လျှောက်ကြည့်ဖြစ်တော့ ကိုယ့်နာမည်ကိုယ်မြင်မှ ငါရောဟုတ်ရဲ့လားဆိုပြီး စာကို အစအဆုံးပြန်ဖတ်လိုက်ရသေးတယ်။ ဖတ်ပြီးမှ အံ့သြမိတယ်။ ဒီစာမူကို ပို့ပေးရမလားဆိုပြီး ချတ်တင်မှာ အမတစ်ယောက်က သူကြိုက်လို့မေးတာနဲ့ ပို့လေဆိုပြီး သူ့ကိုခွင့်ပြုခဲ့တာ မထင်မှတ်ဘဲ ဒီလိုတွေ့လိုက်ရတာ အံ့သြခဲ့မိပါတယ်။

ကျမရေးတဲ့စာတွေနဲ့ပတ်သတ် ကျမကို နားလည်ပေးခဲ့သူ မရှိသလောက်ရှားတဲ့အထဲမှ ကျမ ဖြစ်ချင်တာ ၊ လုပ်ချင်တာ ၊ အရာအားလုံးကို နားလည်လက်ခံခဲ့ပြီး အနွေးထွေးဆုံး ချစ်ခြင်းတွေနဲ့ အနားမှာအတူရှိနေပေးတဲ့ “သူ့”ကို ပထမဆုံး ကျေးဇူးတင်မိပါတယ်။

မပျက်မကွက် အားပေးကြတဲ့ မိတ်ဆွေမောင်နှမများကိုလည်း ကျေးဇူးတင်မိပါတယ်။

စာဘယ်လိုစရေးဖြစ်လည်းဆိုတော့ ခံစားချက်တွေ များတာရယ် ၊ စာရေး ၀ါသနာ တော်တော်ပါတာရယ်။ ဒီအချက် (၂)ခုကြောင့် ရေးဖြစ်သွားခဲ့တယ်။

ဖန်တီးမှုအနုပညာစာတွေလိုပဲ ကြည့်ပေးကြပါ ဘော်ဒါတို့ရေ။


Download File

Read More...

၈လေးလုံးမှတ်တမ်းပုံများ

မြန်မာပြည်သူပြည်သားတို့ တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ ၈၈ခုနှစ် အရေးအခင်းကြီးမှာ ကျမက လူတောင်မဖြစ်သေးတော့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေ ၊ သတင်းမှတ်တမ်းတွေကိုပဲ ဖတ်ပြီး လေ့လာရပါတယ်။ ကိုယ်တိုင်မကြုံခဲ့ရသူတောင် သတင်းမှတ်တမ်းတွေကြည့်ပြီး စူးရှတဲ့ ဝေဒနာတစ်ချို့ ရင်ထဲမှာဖြစ်ပေါ်မိတယ်။ အဲဒီအချိန်က ပစ်ခတ်ခြင်းတွေပြုခဲ့တဲ့ စစ်သားတွေကို ဘယ်လိုအသဲနှလုံးတွေများ ပိုင်ဆိုင်ထားကြပါလိမ့်လို့ တစ်ခါတစ်လေ ကျမစဉ်းစားကြည့်မိတယ်။ မိမိနဲ့ တစ်မြေတည်းနေ ၊ တစ်ရေတည်းသောက်တဲ့ သွေးချင်းမောင်နှမတွေအဖြစ် မမြင်ဘဲ ဘယ်လိုခွန်အား ၊ ဘယ်လိုနှလုံးသားတွေနဲ့ ရက်ရက်စက်စက်သတ်ခဲ့ကြလည်း တွေးမရခဲ့ပါဘူး။







နိုင်ငံတော်ရဲ့ အပြစ်မဲ့ကလေးငယ်များကို နှလုံးသားမဲ့စွာနဲ့ ဒီလိုပဲသတ်ဖြတ်ခဲ့ကြတာ အံ့ဖွယ်ပါပဲ စစ်အာဏာရှင် .. .


မိမိရဲ့ဆန္ဒကိုဖော်ထုတ်ပြသမိရင် အမိမြေကိုကာကွယ်ပါတယ်ဆိုသော နအဖလက်အောက်ခံ စစ်တပ်က ပြည်သူကို ဖမ်းဆီးချုပ်နှောင်နေပုံ … ။




ကိုယ့်လူမျိုးအချင်းချင်းကို သတ်ဖြတ်ဖို့ အဆင်သင့်ရှိနေတဲ့ နအဖစစ်သားများ


တပ်မတော်နဲ့ပြည်သူထိပ်တိုက်တွေ့တော့ အသဲနှလုံးမဲ့စွာ ဒီလိုပြုမူသတဲ့လား

Read More...

ဒေါ်သန်းအေးရေးသားသော “စု”နှင့်မိတ်ဆက်ခြင်း



ဒေါ်သန်းအေး ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့ရောက်ရှိနေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် သူမသည် ဒေါ်ခင်ကြည်နှင့် မိတ်ဆွေဖြစ်လာပြီး အောင်ဆန်းစုကြည်နှင့် ဘ၀တစ်လျှောက်လုံးတွင် ချစ်ခင်ရင်းနှီးသူဖြစ်သည်။ ဒေါ်သန်းအေးကို ထိုခေတ်က အဆိုတော် “ဘိလပ်ပြန်သန်း”ဟု လူသိများခဲ့သည်။ ဆရာမအဖြစ် ၊ အသံလွှင့်သူအဖြစ် ၊ တာဝန်ထမ်းဆောင်ပြီးသောအခါတွင် ကမ္ဘာကုလသမဂ္ဂ ပထမဦးဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးဖြစ်လာသည်။ ကုလသမဂ္ဂတွင် နှစ်ပေါင်း ၂၅နှစ်ကြာ အမှုထမ်းပြီးနောက် အငြိမ်းစားယူကာ ယခုအခါ သြစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

ဒေါ်သန်းအေးပြောသော “စု”

စတြာစ်ဘောက်မြို့ ၁၂နိုင်ငံပါဝင်သော ဥရောပပါလီမန်သည် ၁၉၉၁ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် တည်ငြိမ်သိက္ခာရှိသော အထူးစည်းဝေးပွဲကျင်းပကာ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်စွာ တွေးခေါ်မှုအတွက် ၁၉၉၁ခုနှစ် ဆာခါရော့(Sakharov) ဆုကို ချီးမြှင့်လိုက်သည်။ ယခင်နှစ်များက တောင်အာဖရိကမှ နယ်ဆင်မန်ဒဲလား ( Nelson Mandela ) ဆိုဗီယက်ပြည်ထောင်စုမှ အနာတိုလီမာချန်ကို (Anatoly Marchenko) နျင့် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံမှ အလက်ဇန္ဒားဒုဗ်ချက် (Alexander Dubcek) တို့အား အလားတူဂုဏ်ပြုခဲ့သည်။ ပါလီမန်ဥက္ကဖြစ်သူ ဘာရွင်ခရက်(စ်)ပို ( Baron Crespo ) က ခန့်ညားထယ်ဝါသော စပိန်ဘာသာစကားနှင့် မြွက်ကြားလိုက်သော ကြေငြာချက်ကို ကျမတို့ နားကြပ်များထဲမှ ဘာသာပြန်က အင်္ဂလိပ်ဘာသာစကားနှင့် ပြန်ပြောလိုက်သည်မှာ ကျနော်တို့သည် ဆုကို ရဲရင့်သော အာရှသူတစ်ဦးအား ချီးမြှင့်လိုက်ပါသည်။ အမျိုးသမီးအမည်သည် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်သောနည်းနှင့် တိုက်ပွဲဝင်ခြင်းတို့နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။ မိန့်ခွန်းအပြီးတွင် ဥက္ကကြီးသည် အခမ်းအနားစင်မြင့်ပေါ် ဖခင်နှင့်အတူထိုင်နေသော ကင်မ်(ဒေါ်အောင်ဆန်းစုကြည် သားငယ် မောင်ထိန်လင်း)အား ဆုလက်မှတ်ကို အပ်နှင်းလိုက်ခြင်းဖြင့် တိုတောင်းသော်လည်း စိတ်လှုပ်ရှားဖွယ်အတိဖြစ်သော အခမ်းအနားကို နိဂုံးချုပ်လိုက်ပါသည်။ မိတ်ဆွေသူငယ်ချင်းများက “စု”ဟု ခေါ်လေ့ရှိသော သူမသည်ကား ဆုကို ကိုယ်တိုင်လာရောက် လက်မခံနိုင်ရှာပါ ။ သူသည် မြန်မာစစ်အစိုးရ အကျဉ်းကျခံတစ်ဦးအနေနှင့် ရန်ကုန်မြို့အထိန်းသိမ်းခံဘ၀ကို ရင်ဆိုင်လျက်ရှိပါသည်။

ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သော စု၏ဘ၀လမ်းကြောင်းကို စဉ်းစားသုံးသပ်ရင်း ကျမကိုယ်ကျမမေးခွန်းအမျိုးမျိုးထုတ်နေမိပါသည်။ “ဒါတွေဟာ ဘယ်လိုကဘယ်လို ဖြစ်ပေါ်ခဲ့တာပါလိမ့် ၊ ဒီလိုအခြေအနေဆိုးတွေ ၊ ဖိစီးချုပ်ချယ်မှုတွေကို ခံနိုင်စွမ်းပေးတဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ရဲ့ အရင်းအမြစ်ဟာ ဘာပါလိမ့် ။ ဘယ်ကများ ထွက်ပေါ်လာပါလိမ့် ။ ဘယ်လောက် ကြာဦးမယ်မသိအောင် ဆက်လက်ထိန်းသိမ်းခံနေရဦးမှာနဲ့ မြန်မာနိုင်ငံရေးဇတ်ကွင်းထဲ သူမစွမ်းဆောင်ခဲ့သမျှကို စစ်အစိုးရက တမင်တကာတိုက်ဖျက်နေတာတွေကို သူမဘယ်လိုများမြင်ပါလိမ့်” ။ သူမသည် ထိုဇတ်ကွင်းထဲသို့ ၁၉၈၈ခုနှစ် နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်စဉ်က ၀င်ရောက်ခဲ့ပါသည်။ သူမအား ဖမ်းဆီးလိုက်ပြီး ၁၀လခန့်အကြာတွင် ကျင်းပခဲ့သော ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌ ထိုပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါသည်။

ကျမ၏အထင်အမြင်အရ ၊ စု၏အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်နှင့် အများနှင့်မတူ တမူထူးသော သဘောသဘာဝတို့၏ ခိုင်မြဲသောဇစ်မြစ်သည် မေ့ပျောက်၍မရနိုင်သော သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သတိရတမ်းတဖွယ်ရာ အရည်အချင်းများနှင့် သူမ၏ထူးခြားသောမိခင် ဒေါ်ခင်ကြည်၏ ပြုစုပျိုးထောင်မှုတို့ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဇတ်လမ်းသည် မြန်မာ့သမိုင်း တစိတ်တပိုင်းဖြစ် အများကသိပြီး ၊ မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ ဗြိတိသျှလက်အောက်ခံ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်မတော်နှင့်အတူ ရှေ့ဦးမှချီတက်မည့် ရဲဘော်သုံးကျိပ်ခေါင်းဆောင်အဖြစ် ဂျပန်တို့ထံမှ စစ်ပညာသင်ကြားခဲ့ပုံ ၊ ဂျပန်တို့လက်အောက်ခံအဖြစ် နေခဲ့ရသော် အတုအယောင်လွတ်လပ်ရေးကာလ နောက်ပိုင်း မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရန် ၀င်ရောက်လာသော မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံ ၊ နောက်ဆုံးစစ်ပြီးခေတ်လုံးဝလွတ်လပ်ရေး တောင်းဆိုချက်ကို ဗြိတိသျှတို့ လိုက်လျောရသည်အထိ အပတ်တကုတ်ကြိုးပမ်းလှုပ်ရှားခဲ့ပုံ စသည်တို့ကို စာရေးဆရာအများက အသေးစိတ်ရေးသားတင်ပြပြီး ဖြစ်ပါသည်။ ဒေါ်ခင်ကြည်အတ္တုပ္ပတ္တိကိုမူ စေ့စေ့ငှငှမှတ်တမ်းတင်ထားခြင်း မရှိပါ။

ဗိုလ်ချုပ်နှင့်တွေ့ဆုံမှု

ဗိုလ်ချုပ်နှင့်ပတ်သတ် ကျမသတိရနေသော အချက်အချို့မှာ အထူးအောက်မေ့လွမ်းဆွတ်ဖွယ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကိစ္စများကို အတ္တလီအစိုးရနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကာ ဗိုလ်ချုပ်တက်ရောက်လာသော ၁၉၄၇ခုနှစ် ဇန်န၀ါရီလမှာ အင်္ဂလန်နိုင်ငံ အဆိုးဆုံးဆောင်းကာလ ရာသီဒဏ်ကို အလူးအလဲခံနေရချိန်ဖြစ်ပါသည်။ လန်ဒန်မြို့လယ် နှင်းစိုင်နှင်းခဲများသည် ရှင်းလင်း မရနိုင်လောက်အောင် ထူထပ်စွာပုံနေပြီး ကိုယ်စားလှယ်အဖွဲ့ တည်းခိုရာ ဒေါ်ချက်(စ်)တာဟိုတယ် (Dorchester Hotel) သွားလမ်းကိုပင် ပိတ်ဆို့လုမတတ်ဖြစ်နေပါသည်။ စစ်ပြီးစခေတ် ခြိုးခြံစွာနေထိုင်ရေးစနစ်သည် အားလုံးအပေါ် သက်ရောက်မှု၇ှိသဖြင့် မြန်မာများလည်း အခြားလန်ဒန်တွင် နေထိုင်သူအများနည်းတူ နေ့စဉ်နာရီပေါင်းများစွာ လျှပ်စစ်ဓါတ်အားဖြတ်တောက်ခံရသည့်ဒုက္ခကို ကောင်းကောင်းကြီး ရင်ဆိုင်နေကြရပါသည်။ ဟိုတယ်ခန်းများတွင် မီးသွေးမီး ၊ ထင်းမီးတို့နှင့် ဟုန်းဟုန်းတောက်နေသော မီးလင်းဖိုကြီးများ မရှိပါ။ သေးငယ်သော ဓါတ်မီးလင်းမီးဖိုလေးများသာ ရှိပါသည်။ အနေရအထိုင်ရ မသက်သာလှသော အချိန်ဖြစ်သော်လည်း ၊ မျှော်လင့်ခြင်းနှင် စိတ်ဓါတ်တက်ကြွခြင်းတို့ မြင့်မားနေချိန်လည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် လန်ဒန်ရှိ မြန်မာများအားလုံးနှင့် တွေ့ဆုံနိုင်ရန် ဂရုတစိုက်စီစဉ်ခဲ့. လန်ဒန်ရှိ မြန်မာများဆိုသည်မှာ ပညာသင်နေသူများ ၊ အလုပ်လုပ်ကိုင်နေထိုင်နေသူများ ၊ ခရီးသွားရင်းလာရင်း ခဏတဖြုတ်ရပ်နားနေသူများနှင့် ကျမကဲ့သို့ ခပ်ကြာကြာ အလည်အပတ် ရောက်နေသောဧည့်သည်များ ဖြစ်ကြပါသည်။ စိုဟိုရပ်ကွက်(Soho) ရှိ မြန်မာထမင်းဆိုင်တဆိုင်တွင် ဗိုလ်ချုပ်အားဂုဏ်ပြုသည့် ဧည့်ခံပွဲကျင်းပကြပါသည်။ အတော်အတန်ပြည့်ကျပ်နေသော ဧည့်ပရိတ်သတ်ကို နှုတ်ခွန်းဆက် စကားပြောပြီးနောက် ဗိုလ်ချုပ်က ကျမတို့တဦးချင်းနှင့် ခင်မင်ရင်းနှီးစွာ စကားပြောပါသည်။ ဗိုလ်ချုပ်၏ ရနံ့သင်းသော ဂုဏ်သတင်းများ ကျမတို့ထံ ရောက်ခဲ့သည်မှာ အတန်ကြာပါပြီ ။ လူအများ အသိမှတ်ပြုရသော သူ၏အရှိန်အ၀ါ ၊ တောက်ပြောင်လှသော သူ၏တည်ကြည်ဖြောင့်မတ်မှု ၊ အတိုက်အခံများအား ကိုင်တွယ်ရာတွင် လိမ္မာပါးနပ်ပုံ ၊ ဂျပန်ခေတ်အတွင်းက ဂျပန်များနှင့် စစ်ပြီးခါနီးနှင့် စစ်ပြီးခေတ် အင်္ဂလိပ်များအပါအ၀င် ၊ သူနှင့်ဆက်ဆံလုပ်ကိုင်ရသူများနှင့် အဆင့်အမြင့်ဆုံး အာဏာပိုင်များ၏ လေးစားခြင်းကိုရယူနိုင်ပုံ ၊ သူလိုလားသည့် လွတ်လပ်ရေး ဆွေးနွေးပွဲများအား အကောင်အထည်ဖော်နိုင်သည့် အဆင့်တိုင်အောင်မြန်မာနိုင်ငံကို သယ်ဆောင်လာခဲ့သော သူ၏လှုပ်ရှားမှုများစသည့် ကိစ္စအပေါင်းကို အားလုံးသိနှင့်ကြပြီး ဖြစ်ပါသည်။ အမျိုးသားသူရဲကောင်းကြီးသည် ကျမတို့တဦးချင်းစီ၏ နက်ရှိုင်းသော ရိုသေလေးစားမှုကို ရရှိပြီးဖြစ်ပါသည်။ သူ၏ရိုးသား ဟန်ပန်မပါသော ခင်မင်မှုသည် ကျမတို့၏ အသဲနှလုံးများကိုပါ သိမ်းကြုံးလိုက်ပါတော့သည်။

ဗိုလ်ချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ အလုပ်တာဝန်မှ အားလပ်သော ညနေများတွင် ကျမကို ဗိုလ်ချုပ်တို့ တည်းခိုနေသော ဟိုတယ်ဧည့်ဆောင် ထမင်းစားရန် ဖိတ်ခေါ်လေ့ရှိပါသည်။ ထမင်းစားသောက်ပြီးသောအခါ ဓါတ်မီးလင်းဖို ခပ်မှိန်မှိန်လေးကို ၀ိုင်းရံကာ စစ်မဖြစ်မီက အကြောင်းများ ၊ ဂျပန်များထံမှ စစ်ပညာသင်ကြားစဉ်က အကြောင်းများ ၊ အနာဂတ်အတွက် မျှော်လင့်ချက်ထားနိုင်သော ပစ္စုပ္ပန်ကာလအကြောင်းများ စသည်တို့ကို ဆွေးနွေးကြပါသည်။ စစ်အတွင်း မြန်မာပြည်အကြောင်းနှင့် စစ်ပြီးစကာလ ဗြိတိသျှအစိုးရက ဗိုလ်ချုပ်၏ တောင်းဆိုချက်များကို လက်ခံလာစေရန် လှုပ်ရှားရုန်းကန်ခဲ့ရပုံအကြောင်းတို့ကိုကား များစွာပြောလေ့ပြောထ မရှိပါ။ အဖွဲ့တဖွဲ့လုံးအတွက် ကိုယ်ရောစိတ်ပါ သက်သာစေရန် အပန်းဖြေချိန်ပင်ဖြစ်ပါသည်။ စစ်အတွင်း ကာလတွင် ကျမက နယူးဒေလီရှိ အိန္ဒိယပြည်လုံးဆိုင်ရာ အသံလွှင့်ဌာန အလုပ်လုပ်နေခဲ့ပါသည်။ ထိုဌာနမှ ဘာသာစကားအမျိုးမျိုးဖြင့် ဂျပန်များ သိမ်းပိုက်ထားသော အာရှနယ်မြေများသို့ အသံလွှင့်ပါသည်။ ထို့နောက် ဆန်ဖရန်စစ္စကို ( San Francisco ) သို့သွား ယခု ဗွီအိုအေ ( VOA ) ခေါ် ထိုစဉ်အခါက အမေရိကန်ပြည်ထောင်စု စစ်ပြန်ကြားရေးရုံး အလားအတူအလုပ်မျိုးလုပ်ပါသည်။ မြန်မာပြည်မှ ရောက်လာသော မိတ်ဆွေများနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် ကွဲကွာနေကြရစဉ်အတွင်း ဖြစ်ကြောင်းရယ်တဲ့ကုန်စင်အောင် ပြောရန်အချိန်ပင် မလောက်နိုင်ပါ ။

ထိုဓါတ်မီးလင်းဖို မှိန်မှိန်လေးကို ၀ိုင်းရံနေကြသည့် လူစုထဲပါဝင်သူများမှာ ဗိုလ်ချုပ်နှင့် သူ၏ကိုယ်ရံတော် ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ၊ ဘီဘီစီအလုပ်လုပ်နေသော မြန်မာတဦးနှင့် ရံဖန်ရံခါ ကျမကဲ့သို့သော ဧည့်သည်များ ဖြစ်ကြပါသည်။ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး ၊ ဂျပန်ခေတ်ကာလအတွင်းက အမည်ခံအရ လွတ်လပ်သော မြန်မာနိုင်ငံ၏ စစ်သံမှုးအဖြစ် တိုကျိုတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်စင်္ကြာလည်း ထိုလူစုထဲတွင်ပါဝင်သည်။ စကားအနည်းငယ်စဲသောအချိန်များ သူက ဂျပန်တွင်နေစဉ်က တတ်ခဲ့သော အလွမ်းအဆွေးသီချင်းများဆိုပြီး ကျမတို့က မြန်မာသီချင်းများ ဆိုကြပါသည်။ ဗိုလ်ချုပ်က သူ၏မိသားစု ၊ ဇနီးနှင့် သားသမီးသုံးယောက်အကြောင်း ၊ အငယ်ဆုံးမှာ မိန်းကလေးဖြစ်ကြောင်းတို့ကို ပြောလေ့ရှိပြီး တို့အတွက် လက်ဆောင်များဝယ်ပေးပါဟု ကျမကိုပြောပါသည်။ သို့နှင့် ကိုယ်စားလှယ်အဖွဲ့အလုပ်ကိစ္စများ ပြီးစီး လန်ဒန်မှ ပြန်သွားသောအခါ သူ၏မိသားစုဝင်တဦးချင်းစီအတွက် ကျမ၀ယ်ပေးလိုက်သော လက်ဆောင်များ ဗိုလ်ချုပ်နှင့် အတူပါသွားပါသည်။ စုအတွက် အရုပ်ကြီးတခု ၀ယ်ပေးလိုက်ပါသည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ထိုအရုပ်ကြီးကို စုက မပျက်မဆီး ကောင်းမွန်စွာ ထိန်းသိမ်းထားလျက် ရှိသေးသည်ကို တွေ့ရကျမ ကျေနပ်အံအားသင့်ရပါသည်။

ကိုယ်စားလှယ်အဖွဲ့ မပြန်မီရက်အနည်းငယ်အလိုတွင် မိမိတို့ပြီးစီးလုပ်ဆောင်နိုင်ခဲ့သော ကိစ္စအ၀၀နှင့် ပတ်သတ် ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ အသံလွှင့်ရန် စာတမ်းတစောင်ကို ဗိုလ်ချုပ်ပြင်ဆင်ထားပါသည်။ အသံလွှင့်မည့်နေ့တွင် ကျမတို့က ဗိုလ်ချုပ်နှင့်သူ၏ကိုယ်ရံတော်တို့အား ဘီဘီစီစားသောက်ဆိုင်ဆုံပြီး နေ့လယ်စာ အတူစားရန်ဖြစ်ပါသည်။ ထိုနေ့လယ်စာ စားပွဲမှာ အားရပျော်ရွှင်ဖွယ် မဟုတ်ခဲ့ပါ ။ ထမင်းစားစားပွဲသည် ဆိတ်ငြိမ်နေပြီး ဗိုလ်ချုပ်၏မျက်နှာမှာ ခြိမ်းတော့မည့် မိုးကဲ့သို့ အုံ့မှိုင်းနေ၏။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ဌာနမှုးဖြစ်သူ (အင်္ဂလိပ်အမျိုးသားတဦး)က အင်္ဂလိပ်လို ဘာသာပြန်ထားသော ဗိုလ်ချုပ်မိန့်ခွန်း၏ အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ပြင်ဆင်ခဲ့ပြီး မူရင်းမြန်မာစာတမ်းကိုလည်း အလားတူပြင်ဆင်မည်ဟု အကြပ်ကိုင်နေပါသည်။ ဘီဘီစီမှ ထုတ်လွင့်သော မိန့်ခွန်းများပါ နိုင်ငံရေးအကြောင်းအရာများနှင့် ပတ်သတ် ထားရှိသောစည်းမျဉ်းကန့်သတ်ချက်များနှင့် ကိုက်ညီရန်ဖြစ်သည်ဟု ရှင်းလင်းပြပါသည်။ အဖြတ်အတောက်များကို လက်ခံလိုက်ရမည်လော ၊ အသံလွှင့်အစီအစဉ်ကိုပဲ ဖျက်သိမ်းလိုက်ရမည်လောနှင့် ဗိုလ်ချုပ်မှာ စိတ်ဒွိဟဖြစ်နေ၏ ။ ဗိုလ်ချုပ်၏ မိသားစုအတွက် လက်ဆောင်များယူလာသော ကျမက စားသောက်ခန်းသို့ အနည်းငယ်အရောက်နောက်ကျပါသည်။ ကျမရောက်သွားပြီးနောက်ပိုင်း တဖြည်းဖြည်းတင်းမာမှုနှင့် စိတ်မချမ်းမြေ့မှုများ လျော့ပါးသွားကာ နေ့လယ်စာစားပွဲ စတင်ပါတော့သည်။ ထို့နောက် ဗိုလ်ချုပ်က မြန်မာနိုင်ငံသူ နိုင်ငံသားများထံ အသံလွှင့်အစီရန်ခံရန် ထွက်သွားပါသည်။ သို့သော်လည်း ကြိုတင်အသိပေးခြင်း မရှိဘဲနှင့် သူ၏စာတမ်းကို မပြုလုပ်သင့်သည်ဟု သူယူဆသော တည်းဖြတ်မှုများ ပြုလုပ်ခြင်းကြောင့် မည်မျှမကျေနပ်မနှစ်မြို့ဖြစ်ရကြောင်းကို ရှင်းရှင်းလင်းလင်းကြီး သိသာစေခဲ့၏။ သည်ကား ဗိုလ်ချုပ်၏အသွင်တပုံ။

ကိုယ်စားလှယ်အဖွဲ့တဖွဲ့၏ အလုပ်လည်းပြီးဆုံး ပြန်ချိန်လည်းနီးလာလေပြီ။ ဗိုလ်ချုပ်အား ဧည့်ခံကြည့်ရှုခဲ့သော အင်္ဂလိပ်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဧည့်ခံပွဲကြီး ကျင်းပပါသည်။ ဧည့်ပရိတ်သတ်များလည်း အတော်များပါသည်။ ဗြိတိသျှပါလီမန်အမတ်များ ၊ ကိုယ်စားလှယ်အဖွဲ့၏ အလုပ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့စေရန် တာဝန်ယူခဲ့သော အဆင့်မြင့်အရာရှိကြီးများ ၊ သတင်းစာအယ်ဒီတာများ ၊ သတင်းထောက်များ ၊ စာရေးဆရာများ ၊ မြန်မာပြည်နှင့် မြန်မာပြည်၏ အနာဂတ်တွင် စိတ်ဝင်စားကြသူများနှင့် လာရောက်နိုင်သော မြန်မာမှန်သမျှတို့ အသီးသီးပါဝင်ကြပါသည်။ ဧည့်ခံပွဲမတိုင်မီညက ဗိုလ်ချုပ်က ကျမကို ဧည့်ခံပွဲ သီချင်းဆိုရန် ပြောပါသည်။ ကျမက လုပ်ရိုးလုပ်စဉ် ဟုတ်မည်မထင်ဟုပြောကာ ငြင်းခဲ့၏။ ဧည့်ခံပွဲနေ့ ဂျပန်များဝင်လာသည်အထိ မြန်မာပြည်တွင် အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သော အင်္ဂလိပ်မိတ်ဆွေဟောင်း တယောက်ထံ ကျမအလည်သွားခဲ့၏။ သူ၏အိမ်ရှိရာအရပ်မှ လန်ဒန်သို့ အပြန်ခရီးမှာ နှေးကွေးလှ ကျမနှင့်အတူပါလာသော မိတ်ဆွေမှာ ဧည့်ခံပွဲအရောက်နောက်ကျမည်စိုးကာ ရင်တမမဖြစ်နေ၏။ ဧည့်ခံပွဲမမှီလိုက်က ဗိုလ်ချုပ်တို့နှင့် နောက်ဆုံးတွေ့ရမည့် အခွင့်အရေးလွတ်ထွက်သွားမည်ထင်က ကျမတို့ ပူပန်နေကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ကမန်းကတန်းအ၀တ်အစားလဲပြီး ရောက်သွားသောအခါ ဗိုလ်ချုပ်က စောင့်နေပါသည်။ အချမ်းပြေမုန့်အနည်းငယ် စားသောက်ပြီးနောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်လေးပေါ်တင်ထားသော စန္ဒယားရှိရာသို့ခေါ်သွားပြီး “မြန်မာအမျိုးသမီးလေး တယောက်က သီချင်းဆိုဧည့်ခံမည်”ဟု ပရိတ်သတ်အား ကြေငြာလိုက်ပါသည်။ ကျမလည်း သီချင်းဆိုရပါတော့သည်။ ထိုညက ဆိုခဲ့သောသီချင်းများမှာ အင်္ဂလိပ်သီချင်းတပုဒ် ၊ ပြင်သစ်သီချင်းတပုဒ်နှင့် မြန်မာသီချင်းတပုဒ်တို့ ဖြစ်ပါသည်။ ယခု ပြန်လည်တွေးကြည့်သောအခါ နောက်ဆုံးတပုဒ်ကိုသာ ဆိုခဲ့သင့်သည်ဟု ကျမထင်ပါသည်။ သို့သော်လည်း ထိုသီချင်းကို မြန်မာများကသာ နားလည်နှစ်သက်ကြမည်ဖြစ်ပါသည်။ ထိုသီချင်းမှာ ကျမတို့အားလုံးသိကြသော လှိုင်ထိပ်ခေါင်တင်၏ “စိန်ခြူးကြာညောင်” ဘောလယ်ဖြစ်ပါသည်။ ပရိတ်သတ်က ယဉ်ကျေးပျူငှာစွာ သြဘာပေးကြပါသည်။ ထို့နောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်မှ ဆင်းရန်လာခေါ်ပြီး ကျမ၏အဆိုကို သူမည်မျှသဘောကျနှစ်သက်ကြောင်း ပြောပါသည်။

ကိုယ်စားလှယ်အဖွဲ့ အထူးလေယဉ်နှင့် လန်ဒန်မြို့မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားချိန် တတိုင်းပြည်လုံး နှင်းစိုင်နှင်းခဲများနှင့် ဖုံးလွှမ်းထားဆဲဖြစ်ပါသည်။ နှုတ်ဆက်ရန် အဆင့်မြင့်အင်္ဂလိပ်အရာရှိများ အဖွဲ့ကြီးတဖွဲ့ ရောက်နေပါသည် ။ ကျမတို့မြန်မာအချို့လည်း ကိုယ်စားလှယ်များ ၊ အခြားသူများနှင့်အတူ ဟုန်းဟုန်းတောက်နေသည့် မီးလင်းဖိုကြီး၏ အပူရှိန်နှင့် နွေးနေသော ဧည့်ကြိုခမ်းမကြီး သွားရောက်စုဝေးပါသည်။ ကျမတို့အားလုံး ၀ိုင်းထိုင်စကားပြောကြပါသည် ။ ခဏကြာသောအခါ ဗိုလ်ချုပ်က အင်္ဂလိပ်များအကြားမှ ထလာပြီး ကျမတို့နှင့် စကားပြောပါသည် ။ ကျမကိုပြုံးပြီး “ကျနော်တို့နဲ့ ဗမာပြည်ကို လိုက်ခဲ့ပါလား”ဟု ပြောပါသည်။ ထို့နောက် ကျမတို့အပေါင်းဖော်တစု နှင်းခဲများအကြားရပ်ပြီး ကိုယ်စားလှယ်အဖွဲ့လေယာဉ်ရှိရာသို့ လျှောက် နှုတ်ဆက်ထွက်ခွာသွားသည်ကို ငေးမျှော်ကြည့်ရင်း လက်များဝှေ့ရမ်းနှုတ်ဆက်ကြသည်။ ဆောင်းနေ့ကလေး၏ လွမ်းဖွယ်အသွင်နှင့် မိတ်ဆွေများနှင့် ခွဲခွာရခြင်း ၊ အထးသဖြင့် ဗိုလ်ချုပ်နှင့် ခွဲခွာရခြင်းတို့ကြောင့် ကျမတို့တတွေ ၀မ်းနည်းတသသဖြစ်နေမိပါသည်။ ဗိုလ်ချုပ်ခမျာ တိုတောင်းလှသော ဘ၀သက်တမ်းလေးမျှသာ ကျန်တော့သည်ကိုကား ကျမတို့ မည်ကဲ့သို့မျှ မမှန်းဆမိခဲ့ကြပါ.။

ဆက်ရန် ………..



Read More...