Friday, February 23, 2007
ဗိုလ်ချုပ်လမ်းစဉ်
Posted by Anonymous at 4:50 PM 3 comments
Labels: General AungSan, My Opinion
Wednesday, February 21, 2007
ဆယ်စုနှစ်တိုက်ပွဲ
အဆိုင်းမန့်တွေလုပ်ရင်း ကျမ အိပ်ချိန်ကျော်သွားတာနဲ့ အိပ်မရတော့ဘူး .. ။ မတက်တာကြာတဲ့ အွန်လိုင်းကို ဒီညတော်တော်လေးတက်ဖြစ်တယ် .. ။ မေးလ်တွေပြန်ရေး ၊ သတင်းဖတ် ၊ စာဖတ်နဲ့ နာရီကြည့်တော့ ၂နာရီ .. ။ ပြတင်းပေါက်နားရပ်ရင်း စိတ်ထဲဖြစ်လာတဲ့ စာသားလေးတွေကို လက်ကချရေးဖြစ်သွားတယ်.. ။
တစ်နှစ်ကူးလို့
နောက်တစ်နှစ်တော့
အစပျိုးဝင်သွားခဲ့ပြီ.. ။
လောဘလူသားတွေက
အတ္တတွေနဲ့ဖုံးလွှမ်း
အာဏာကြားမှာ
တားဆီးမရနိုင်အောင်
ယစ်မူးနေကြ … ။
ဆန္ဒအတုတွေပြလိုပြ
ကိုယ်ကျိုးအတွက်
အရေခွံခြုံသူတွေက
ရသလိုခြုံနေကြ… ။
ဇွဲစိတ်ပြင်းပြင်းနဲ့
တိုက်ပွဲအဆုံးကို
ဆက်လက်သွားနေသူတွေက
စိတ်ထဲမှာပြင်းရှရှ … ။
တစ်ခုမှစိတ်မ၀င်စား
နောက်မလှည့်ကြည့်တဲ့
လူစားတွေကလည်း
ခပ်များများ … ။
အရိုးကိုက်လို့
သခင်အလိုကျ
ဟောင်ပေးနေသူတွေကလည်း
အရှက်မရှိကြ …. ။
နောက်ကျောဓါးတွေထိုး
ဂုတ်သွေးအချင်းချင်းစုပ်ယူရင်း
အစစ်အမှန်တွေကလည်း
လမ်းကြောင်းပေါ်မှာ
ကြံ့ကြံ့ခံချီတက်လို့
သြော်….
ဆယ်စုနှစ်ကြာခဲ့ပြီ……..။
Posted by Anonymous at 1:36 AM 0 comments
Labels: Poems
Thursday, February 15, 2007
ပြန်လာခဲ့မည်
အနိုင်နိုင်အချိန်ကြားက လွန်ခဲ့တဲ့၂ရက်လောက်က မေးလ်စစ်လိုက်တော့ ဗိုလ်ချုပ်မွေးနေ့အတွက် ကျွန်မ ဘာမှစာမရေးနိုငတာတွေ ၊ အခုနောက်ပိုင်း ကျွန်မ ခြေလှမ်းတွေငြိမ်သွားတာတွေကို ရိသဲ့သဲ့စာတွေနဲ့အတူ ပို့ကြတာ ကျေးဇူးပါ … ။ ဖေဖော်ဝါရီ၁၂ရက်နေ့က ပြည်ထောင်စုနေ့ဆိုတာကို ကျွန်မ သိပေမယ့် အဲဒီမနက်ခင်းမှာ ကျွန်မမေ့သွားတယ် .. ။ ကျွန်မခေါင်းထဲ ကျွန်မကျောင်းစာနဲ့ သင်တန်းတွေကြားက ရတဲ့ Stress တွေပဲပြည့်နေတယ်.. ။ သံလွင်အိပ်မက်အမှတ်(၁၀)အတွက် ကျွန်မ စာတစ်လုံးတောင် မရေးရသေးသလို အသက်တောင်မရှုနိုင်ဖြစ်နေရတယ် … ။
ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျွန်မ အရေးကြီးကိစ္စရှိတာနဲ့ မြန်မာသံရုံးကို ချစ်ခင်စွာနဲ့ ရောက်သွားခဲ့တယ်.. ။ ကျွန်မလိုပဲ လာတဲ့လူတွေ တော်တော်များတယ် .. ။ အဲ သံရုံးရှေ့လည်းရောက်ရော ဒီစာတန်းကြီးက ကြိုဆိုနေတယ်။
”ပြည်ထောင်စုနေ့တွင် မြန်မာသံရုံးပိတ်ပါသည်”တဲ့။
တိန်တစ်ခွန်းပဲ ဟနိုင်တော့တယ် .. ။ ကျွန်မနေတာ ဘွန်လေးဘက် ။ မြန်မာသံရုံးက အော့ချပ် .. ။ ကားစီးတာနဲ့ လမ်းလျှောက်တာနဲ့ အားလုံးပေါင်း ၂နာရီလောက်သွားရတယ် .. ။ မောလိုက်တာ ဟိုလည်းရောက်ရော အဲဒီစာတန်းကြီးပဲ ဆောင့်ကန်လိုက်ရမလား .. ။ စင်ကာပူပိတ်ရက်ရော ၊ မြန်မာနိုင်ငံရဲ့ ပိတ်ရက်တွေရော ဘာမှမကျန်အောင် ပိတ်တဲ့သံရုံးကလူတွေကိုပဲ ခဲနဲ့သွားထုရမလား ဘာမှတွေးမရဘူး .. ။ ပိုဆိုးတာက ကျွန်မက ကျောင်းကနေ ခွင့်ယူရတာပဲ .. ။ အခုနောက်ပိုင်း လက်ချာတွေက သိပ်အရေးကြီးသလို ကျွန်မ ကျောင်းပျက်ချင်တာ မဟုတ်ဘူး .. ။ ကျွန်မ စိတ်ပျက်ပျက်နဲ့
မြန်မာသံရုံးက ရေလည်မိုက်တယ် … ။ ကုလားအစ်ဆိုလည်း လိုက်အစ်တယ် .. ။ တရုပ်နှစ်ကူးရင်လည်း လိုက်ကူးတယ်.. ။ မြန်မာနိုင်ငံရဲ့ သီတင်းကျွတ် ၊ တန်ဆောင်မုန်း ၊ သင်္ကြန်၊ ကထိန် ၊ တပ်မတော်နေ့ ၊ တောင်သူလယ်သမားနေ့ ၊ ရှိသမျှရက်အားလုံး အကုန်ပိတ်တယ် .. ။ ဘယ်လူမျိုးတွေပိတ်ပိတ် သူတို့အကုန်ပိတ်တယ်… ။ ကောင်းလိုက်တာ .. ။
အင်္ဂါနေ့ ဗီုလ်ချုပ်မွေးနေ့မှန်းသိတယ် ။။ မနက်စောစော သူငယ်ချင်းတွေကိုပဲ ဖုန်းနဲ့လှမ်းသတိပေးဖြစ်တယ် .. ။ ပြီးတော့ မနက်၈နာရီအိမ်ကနေ စထွက်တာ သံရုံးကိုရောက်တော့ ၉ခွဲကျော်ကျော် … ။ ပိုဆိုးတာက အခုက နှစ်သစ်ကူးဆိုတော့ ရန်ကုန်ကိုပြန်မယ့်သူ တအားများလွန်းတယ် ။။ တစ်ခါမှ အဲဒီလောက် လူများတာ မတွေ့ဖူးဘူ.. ။ သံရုံးက ညှောင့်စိသေးသေးလေး .. ။ လူတွေက တအားများတော့ ရပ်စရာနေရာတောင် မရှိတဲ့အပြင် လူတွေက အကုန်အပြင်ထွက်ရပ်နေရတယ် .. ။ နေကပူပူ ၊ သံရုံးမှာ လူတွေက အပြည့်နဲ့ မူးတောင်လဲချင်တယ် … ။ သံရုံးမှာ ပိုက်ဆံတစ်ခါပေးဖို့အရေး ကျွန်မ ဘယ်အချိန်ထိ စောင့်ခဲ့ရတယ်လို့ ရှင်တို့ထင်လည်း .. ။ ညနေ၅နာရီခွဲမှ ကျွန်မ သူတို့ကိုပိုက်ဆံပေးရတယ်။ ကျွန်မဘေးနားက ထိုင်တဲ့ ချင်းမလေးက ဘာပြောလည်းဆိုတော့ “ကိုယ်က ပေးရမယ့်ကိစ္စကို တစ်နေကုန် ခြေထောင့်တွေ တောင့်နေအောင် စောင့်ရတယ်”တဲ့ .. ။ ဟုတ်တယ်။ ပြီးတော့ အော်လည်းခံလိုက်ရသေးတယ် ဟူး။
ကျွန်မ နာမည်ခေါ်မလားလို့ စောင့်နေတာ ဗျိုင်းဖြစ်မတတ်ပါပဲ … ။ လူတွေကလည်း ကြာလွန်းလို့ ပွစိပွစိ ၊ နေကလည်းပူ ၊ နားလည်းပူ အကုသိုလ်အရမ်းများခဲ့တယ်.. ။ သူတို့ အလုပ်လုပ်တာက ကျွန်မကြည့်နေတော့ စစ်စတန်မကျဘူး.. ။ လူတစ်ယောက်ပိုက်ဆံပေးရတာ ဘာကြာလို့လည်း ။ ကွန်ပြူတာနဲ့ ၂ချက်လောက် ဒေါက်ဒေါက်ခေါက်လိုက်ရင် အကုန်ပြီးမယ့်ကိစ္စကို တစ်ယောက်ကိစ္စလုပ်ရင်မပြီးနိုင်ဘူး .. ။ စိတ်မရှည်လို့ ”ဦးလေး သမီးဝိုင်းကူညီရအုန်းမလား”လို့ ပြောလိုက်တော့ ရီပြတယ် ဟွန်း . ။
ကျွန်မပေးရမှာက တကယ်တော့ သက်တမ်းတိုးတဲ့ ၃၀၀တည်းပါ .. ။ အဲဒီနေ့က ၈၀၀ တောင်းတယ် .. ။ သူတို့ပြောတဲ့ ဥပဒေကိုတော့ ကျွန်မ မကြားဖူးပါဘူး .. ။ အလုပ်မလုပ်တဲ့အတွက် ၅၀၀ တောင်းတယ်တဲ့ .. ။ ကြားဖူးလားတော့ မသိဘူး .. ။ အလုပ်လုပ်လို့ အခွန်ဆောင်ရတ်ယပဲ ကြားဖူးတယ်။ အလုပ်မလုပ်လို့ ပိုက်ဆံပေးရတယ်ဆိုတော့ ကျွန်မက တမျိုးကြီးပါလားလို့ သူတို့ကိုပြန်ပြောတော့ ဘေးနားက လူတွေက “စင်ကာပူမှာ အလုပ်လုပ်လည်းဆောင် ၊ မလုပ်လည်းဆောင်ညီမရေ”တဲ့. ။ ဟုတ်ပါတယ်။ ဘေးနားက တိုင်းရင်းသူမလေးက စကားမပီတပီနဲ့ “ဘဘနေမကောင်းလို့ပိုတောင်းတာလား”လို့ ပြောတော့ အားလုံးက ၀ါးခနဲရီကြတယ်… ။
သံရုံးကနေ အိမ်ကိုပြန်တော့ ကျွန်မ ခြေထောင်တောင် မလှုပ်နိုင်တော့ဘူး .. ။ အိမ်ကိုပြန်ပြီး နားတောင်မနားရဘဲ ၊ ရေချိုးပြီး မှန်ရှေ့ထိုင်တော့ လူက ငိုက်နေပြီ .. ။ သွားစရာရှိသေးတော့ အ၀တ်အစားလဲပြီး ကျွန်မ အိမ်ကနေထွက်တော့၈ခွဲနေပြီ … ။ ၀ယ်ခြမ်းစရာဝယ်ပြီး အိမ်ပြန်လာတော့ အိပ်ချိန်နဲ့ကွက်တိ ..။ ပင်ပင်ပန်းပန်းနဲ့ နာရီကိုကြည့်လိုက်တော့ ချစ်သူများနေ့ရောက်ပြီ … ။ ပါးစပ်ရော လက်ရော ခြေထောက်ရော မလှုပ်နိုင်တော့ပါဘူး … ။ နောက်တစ်နေ့မနက်ခင်းရောက်တော့ လက်ချာအချိန်တွေက ကျွန်မကို လှလှလေး ကြိုနေပြန်ရော … ။ ဟူးဟူး။
အရင်ကဆိုရင် ကျွန်မကို အွန်လိုင်းကနေ ပို့ပေးကြတာတွေ ၊ ကျွန်မ၀ယ်တာတွေ စာအုပ်တွေမျိုးစုံ လိုက်ရှာဖတ်တယ် …. ။ ကျွန်မ အားလည်းအားတာကိုး … ။ ဒုတိယနှစ်တုန်းက စာက မိုင်နာကေ့စ် ။ အဲ နောက်ဆုံးနှစ်လည်းရောက်ရော လျှာပါထွက်နေပြီ … ။ ကျွန်မ ခြေလှမ်းတွေငြိမ်သွားတာ မဟုတ်ပါဘူး … ။ ကျွန်မ ခဏအခြေခိုင်အောင်လုပ်နေတာလည်း ဖြစ်ပါတယ် .. ။ လက်ထဲက ကလောင်တံကို ခိုင်မြဲစွာ ကိုင်ဆောင်ပြီး ခွန်အားအပြည့်နဲ့ ဆန့်ကျင်ဖို့ဆိုတာ ကျွန်မခြေထောက်အောက်ခြေ ခိုင်နေမှဖြစ်မယ်လေ .. ။ အခြေမခိုင်ရင် ကိုယ်ပဲ ထိပ်ဆုံးကနေ ပြုတ်ကျမှာပေါ့ … ။
ကျွန်မစိတ်တွေ ၊ ခံစားမှုတွေ ၊ ရည်ရွယ်ချက်လေးတွေ ပြောင်းသွားပြီလားလို့ ကျွန်မကိုချစ်တဲ့ မိတ်ဆွေတွေက လာမေးတယ် .. ။ လင်းလက်ဘယ်တော့မှပုံစံမပြောင်းဘူး .. ။ ဒီအတိုင်းပါပဲ .. ။ တခုပဲ စိတ်ငြိမ်သွားတာ .. ။ အဲဒါ သူ့ကြောင့်ပါပဲ …. ။ စိတ်ငြိမ်သွားတာလောက်ပါပဲ .. ။ သွေးသိပ်မဆူတော့ဘူး … ။
၅ရက်ကျောင်းတက် ၊ ၂ရက်က သင်တန်းအပြည့်နဲ့ တခါတလေ အသက်ပါထွက်ချင်လာတယ် … ။ ဒီကြားထဲ ကျွန်မရဲ့ ကျေးဇူးရှင်ဒယ်ဒယ်ဘုရားက သူမှန်းထားသလောက် ကျွန်မ ဒီဖိုင်နယ်မှာ မရရင် ACCA ပေးမတက်ဘူးဆိုလို့ ကြောက်နေရတယ် ..။။ ၂ဆတိုးစာကြည့်နေရတယ်.. (သနားဖို့ကောင်းတယ်နော်ဟိဟိ)… ။ သြဂတ်စ်လောက်ဆိုရင် ကျွန်မ အေစီစီအေ တက်ရမယ်.. ။ သူ ပေးမတက်ရင် ကျွန်မတက်စရာ ပိုက်ပိုက်မရှိဘူး … ။ ကျွန်မ ACCA တက်ချင်တာ ရည်၇ွယ်ချက်တစ်ခုပဲ .. ။ ဒီဖိုင်နယ်ပြီးရင် ကျွန်မရန်ကုန်ပြန်ချင်သေးတယ် ။ အဲဒါလည်း ဒယ်ဒယ်က အမှတ်အရမ်းကောင်းမှ ပေးပြန်မယ်ဆိုလို့ …. ဟူးဟူး …. ။
တခါတလေ DVB သတင်းတွေ ဖတ်ရင်း ကွန်ပြူတာရှေ့ခေါင်းတင်ပြီး အိပ်ပျော်သွားလို့ ကျွန်မ ဘိုးတော်ဘုရားက ကွန်ပြူတာကို သူ့အခန်းထဲရွှေ့လိုက်တယ် .. ဟိး ။ တချိန်လုံးမြည်နေတဲ့ဖုန်းကိုလည်း အမြင်ကတ်လို့ဆိုပြီး ဟိုတခါတုန်းက ၁ပတ်သိမ်းထားလိုက်သေးတယ် ။။ လက်ကိုင်ဖုန်းမရှီတော့ လမ်းသွားရတာ တမျိုးကြီးပဲ .. ။ ဘာလိုနေမှန်းကိုမသိဘူး .. ။ နောက်တော့ မနည်းတောင်းပန်ပြီး ပြန်တောင်းလိုက်ရတယ် ..။ နောက်တခါဆို လင်းလက်သိသွားပြီ .. ။ ဖုန်းကို silent လုပ်ထားလိုက်တယ် .. ။ သူရှီနေရင် ဘယ်သူဖုန်းခေါ်ခေါ် မကိုင်ဘူး ဟဲဟဲ။
နိဂုံးပြောချင်တာ ကျွန်မ ပြန်လာခဲ့မယ် … ။ မဝေးတဲ့လအတွင်းမှာ ပြန်လာခဲ့မယ် …….. ။ စာမေးပွဲ သာမန်ရိုးရိုးပဲအောင်ရင် ပေးထားသမျှပစ္စည်းအားလုံး ဒယ်ဒယ်ပြန်သိမ်းရင် ကျွန်မလုပ်ချင်တာတစ်ခုမှ လုပ်ခွင့်တောင်ရမှာ မဟုတ်ဘူး …. ။
လင်းရဲ့ ဘလော့ခ်မိတ်ဆွေရင်းတွေ ၊ မောင်နှမတွေကို အကုန်သတိရပါတယ် … ။ ဘုရားရှိခိုးတိုင်းလည်း ဘဘကြီးတို့အိပ်နိုင်စားနိုင်ပျော်နိုင်ပါစေလို့ ဆုတောင်းပေးဖြစ်ပါတယ်.. ။ ရုရှားက ကိုကိုတို့လည်း မိန်းကလေးပုံတွေကို ကလိပြီး ဆိုဒ်တွေပေါ်လျှောက်လုပ်တဲ့အကျိုးကြောင့် ကျန်းမာချမ်းသာပါစေလို့ … ။ ပြည်ပရောက် မြန်မာတွေပေးရတဲ့ အခွန်တွေကြောင့် ချမ်းချမ်းသာသာနေနိုင်ပါစေလို့ …… ။
Posted by Anonymous at 3:17 PM 4 comments
Labels: Others
Sunday, February 11, 2007
တရားမ၀င်ခိုးဝင်ရာမှ…
Posted by Anonymous at 12:47 PM 3 comments
Labels: News And Activities, Others, Photos
Friday, February 02, 2007
နောက်တစ်ကြိမ်ကြိုးစားခွင့်
နောက်တစ်ကြိမ်ကြိုးစားခွင့်
မည်သူမဆို အမှားတစ်ခု ကျူးလွန်မိလျင် ထိုအမှားအတွက် အပြစ်ဒဏ်ကိုခံယူရလိမ့်မည်ဟူသည့် တင်းကျပ်သော ထုံးလမ်းစဉ်လာအောက်မှာ ကျွန်တော်ကြီးပြင်းခဲ့ရသည်။ အဲဒါသည်ပင် တရားမျှတမှုဟူသော အသိမျိုးဖြင့် ကျွန်တော်ရပ်တည်ခဲ့ပါသည်။
၁၉၂၁ ခုနှစ်တွင် ဆရာဝန်ပေါက်စဘ၀နှင့် နော့သမ်ဗာလင်းဆိုသည့် အစွန်အဖျားဒေသတစ်ခုရှိ ဆေးရုံတစ်ရုံမှာ ကျွန်တော်ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ကျွန်တော်ရောက်ကာစ တစ်ခုသော ဆောင်းညချမ်းမှာ ဆေး၇ုံသို့ ဆုံဆို့နာရောဂါသည်တစ်ယောက် ရောက်လာသည်။ လူနာက အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး။ ဆုံဆို့နာကြောင့် ဖြစ်သည့်ချွဲမြေးက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေသဖြင့် ကလေးက မရှူနိုင် မကယ်နိုင်ဖြစ်နေသည်။ လည်ပင်းမှနေ၍ အရေးပေါ်လေရှူပေါက် အမြန်ဆုံးဖောက်ပေးမှသာ ကံကောင်း ဘုန်းကောင်း အသက်ရှင်ချင် ရှင်နိုင်မည့်အနေအထား။
အဲသည်တုန်းက ကျွန်တော်ကလည်း အတွေ့အကြုံအလွန်နည်းသေးသည့်အချိန်။ အရေးပေါ် လေရှူပေါက် ဖောက်ခြင်းဆိုသည်မှာ လုပ်ရလွယ်သလောက် အလွန်လည်းထိရောက်သည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ သို့သော် ကျွန်တော်တစ်ခုမှ မလုပ်ဖူးခဲ့။
မှန်မီးအိမ် အလင်းရောင်အောက်၌ စစ္စတာအိုကြီးတစ်ယောက်နှင့် အလုပ်သင်စ သူနာပြုဆရာမတစ်ယောက်တို့ လူနာလေးကို ခွဲစိတ်စားပွဲပေါ်မှာ နေရာချကြသည်။ လူနာကောင်လေးက အသက်ကို ပင်ပင်ပန်းပန်း ရှူနေရသည်။ သူတို့လုပ်ကိုင်နေသည်ကို ရပ်ကြည့်ရင်း ကျွန်တော့်လက်ဖျားခြေဖျားတွေအေးကာ ကတုန်ကယင်ဖြစ်ချင်လာသည်။
စိုးရွံ့ပူပန်စွာနှင့်ပင် သူ့လည်ပင်းသေးသေးလေးကို ကျွန်တော်စခွဲလိုက်သည်။ ငါ မကျွမ်းကျင်ဘူးဆိုသော အသိကြောင့် လက်ကမရဲ။ သို့သော် တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းကပင် သည်ကလေးအသက်ကိုရအောင် ကယ်ဆယ်လိုစိတ် ထက်သန်လာသည်။ ခွဲစိတ်မှအောင်မြင်မည်ဟူသော စိတ်ဓါတ်ဝင်လာကာ ပို၍ယုံယုံရဲရဲ ဖြစ်လာသည်။
ချွေးစတွေ မျက်စိထဲဝင်ပြီး မှုန်တုန်တုန်ဖြစ်နေသည့်ကြားမှ မီးအိမ်အလင်းရောင်အောက်မှာ လေပြွန်ကို ထင်ထင်ရှားရှားမြင်လာရသည်။ သည်ဟာကို ခွဲဟပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေငတ်နေသော ကောင်လေးရင်ဘတ်ထဲသို့ သည်အပေါက်မှနေ၍ လေတွေတစ်ရှူးထိုး တိုးဝင်သွားသည်။ အားကုန် မောဟိုက်နေသည့် ခန္ဓာကိုယ်လေးမှာ စွမ်းအင်အသစ်တွေ ပြည့်လျှမ်းလာတာကြည့်ပြီး ကျွန်တော့်ရင်ထဲ အကြီးအကျယ် ပေါ့ပါးသွက်လက်သွားကာ ၀မ်းသာအားရထအော်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ ထို့နောက် လေပြွန်ပေါက်မှာ ပိုက်တစ်ခုတပ်ပြီး ပြန်ပိတ်ချုပ်လိုက်သည်။ ရေနွေးငွေ့ရှူ၍ရအောင် ကာရံပေးထားသည့် ခုတင်တွင် လူနာလေးသက်သောင့်သက်သာရှိနေပြီးသည့်နောက်၍ ကျွန်တော့်အခန်းရှိရာသို့ ပြန်ခဲ့သည်။ လူက အောင်မြင်မှုဖြင့် ရွှင်လန်းတက်ကြွနေသည်။
လေးနာရီခန့်အကြာ ညနှစ်ချက်တီးလောက်တွင် အခန်းတံခါးကို အသည်းအသန်လာခေါက်သဖြင့် ကျွန်တော် အိပ်ယာမှလန့်နိုးလာသည်။ သူနာပြုဆရာမလေး။
သူက လူနာခုတင်ဘေးမှာ စောင့်ရင်းအိပ်ငိုက်သွားသည်။ နိုးလာတော့ လေပြွန်ပေါက်မှာ တပ်ထားသည့် ပိုက်က ပိတ်ဆို့နေသည်။ သူခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဒရောသောပါး ပြေးချလာခြင်း ဖြစ်သည်။ “ဒေါက်တာ ဒေါက်တာ.. အမြန်လာပါ” သူ့မျက်နှာက ဖြူရော်နေသည်။ စကားတွေက အထစ်ထစ်အငေါ့ငေါ့။
စင်စစ် သူလုပ်ရမည်က ပိုက်မှာဆို့လာသည့် ချွဲမြှေးကိုဖယ်ရှားပစ်ဖို့ပဲ ဖြစ်သည်။ ဒါက သူနာပြုတို့အဖို့ ဘာမှ မကြီးကျယ်မခက်ခဲသည့် သမာရိုးကျအလုပ်တစ်ခု။ ယခု သူက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မျက်ကလူးဆန်ပျာ ပြေးလာတော့ ခွင့်မလွှတ်နိုင်သည့် ဆိုးကျိုးရလဒ်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီ။
လူနာခန်းထဲ ကျွန်တော်ရောက်သွားသည့်အချိန်တွင် ကလေးက အသက်မရှိတော့။
အချည်းနှီးအလဟဿဆုံးရှုံးရလေခြင်းဟု နှမြောသော စိတ် ၊ လူ့အသက်တစ်ချောင်းကို သက်သက်မဲ့ ဖြုန်းတီးပစ်သည်ဟု ကြိမ်းမောင်းပစ်တင်ချင်စိတ်တို့ လွှမ်းမိုးလာသည်။ ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရအောင်မြင်မှုတစ်ခုပေါ့ဆပြီး အကြောက်ကြီးသည့် သူနာပြုဆရာမတစ်ဦးကြောင့် ပျက်စီးခဲ့ရလေပြီဆိုသော အတွေးက အစူးရှအပြင်းထန်ဆုံးဖြစ်သည်။ ကျွန်တော့်ဒေါသက အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။ သည်ကိစ္စကို ခရိုင်ကျန်းမာရေးဘုတ်အဖွဲ့သို့ တင်မည် ၊ သည်အမျိုးသမီးကို သည်အလုပ်က ထုတ်စေရမည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ညနေဘက်တွင် အလွန်ပြင်းထန်သော အစီရင်ခံစာတစ်စောင် ကျွန်တော်ရေးသည်။ စာတွင် သူကျူးလွန်ခဲ့သော ပြစ်ချက်ကို ဖိဖိစီးစီးဖော်ပြသည်။ ထို့နောက် သူ့အား ရုံးခန်းသို့ဆင့်ခေါ်ကာ အစီ၇င်ခံစာကို လေသံပြင်းပြင်းနှင့်ပင် ကျွန်တော်ဖတ်ပြလိုက်သည်။
ကျွန်တော်ဖတ်ပြသမျှကို သနားစဖွယ် တိတ်ဆိတ်စွာပင် သူနားထောင်နေသည်။ စင်စစ်သူက ဝေလနယ်သူ ရိုးရိုးအအတစ်ယောက်ဖြစ်သည်။ လူကပိန်သည်။ သဏ္ဌာန်ဟန်ပန်ကလည်း သိပ်အချိုးမကျ။ အစာအာဟာရ မပြည့်ဝသဖြင့် လူကလည်း အားအင်သိပ်မရှိချင်။ သည်အထဲမှာ ရှက်တာရယ် ၊ ၀မ်းနည်းတာရယ် ကြောက်ရွံ့တုန်လှုပ်တာရယ် ပေါင်းလိုက်တော့ မူးချင်မေ့ချင်သလိုပင် ဖြစ်နေပုံရသည်။
သူ့ထံမှ ဘာအကြောင်းပြချက်တစ်ခုမှ မရသည့်အခါ ကျွန်တော်ပို၍ဒေါသထွက်လာသည်။ တကယ်ဆိုလျှင် သူ့အနေနှင့် အလုပ်တွေ ဆက်တိုက်ပင်ပန်းသွားသောကြောင့် ယခုလို မတော်တဆဖြစ်သွားရခြင်းပါ ဘာညာစသဖြင့် ဆင်ခြေဆင်လက်ပေး၍ရနိုင်သည်။ ယခုတော့ ဘာမှမဆို။ “မင်းဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူးလားကွ ၊ ဟေ” ကျွန်တော်ဒေါသနှင့် ဟောက်လိုက်မိသည်။
သူကခေါင်းခါသည်။ ထို့နောက်မှ ရုတ်တရက်မ၀ံ့မရဲလေသံနှင့် ဆိုသည်။
“ကျွန်မကို နောက်တစ်ကြိမ်ကြိုးစားခွင့်ပေးပါဆရာ”တဲ့။
ကျွန်တော်ရုတ်တရက်အမ်းသွားသည်။ ကျွန်တော့်ခေါင်းထဲမှာ အဲသည်စိတ်ကူးမျိုး လုံးဝမရှိခဲ့။ ကျွန်တော့်ကို လွှမ်းမိုးနေခဲ့သည့် တစ်ခုတည်းသော အတွေးက သူ့အပြစ်ဒဏ်ကို သူခံရမည်ဆိုတာပဲဖြစ်သည်။ ကျွန်တော် သူ့ကိုစိန်းစိန်းကြည့်နေမိသည်။ ပြီးမှ သွားတော့ဟု ပြတ်ပြတ်တောက်တောက်ပင် ပြောလိုက်သည်။ အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ်နှိပ်လိုက်သည်။
အဲသည်ည တစ်ညလုံးကျွန်တော်ကောင်းကောင်းအိပ်မရ။ “ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ”ဆိုသည့် စကားသံက ခေါင်းထဲတွင်ပဲ့တင်နေသည်။ ကျွန်တော့်တရားစီရင်ချက်သည် တကယ်တရားမျှတသော စီရင်ချက်ဟုတ်ရဲ့လား ၊ ကနေဦးခေတ်လူသားတွေ၏ လက်စားချေစိတ်နဲ့ တုံ့ပြန်ဒဏ်ခတ်မှုမျိုးများ ဖြစ်နေမလားဟူသော အတွေးများက ထပ်ပြန်တလဲလဲခြောက်လှန့်နှောင့်ယှက်နေခဲ့သည်။
သည်အတွက်နဲ့များ အိပ်မပျော်နိုင်ဖြစ်ရသလားဟု ကျွန်တော့်ကိုယ် ကျွန်တော်ဒေါသထွက်မိသေးသည်။ သို့သော် မနက်တွင်တော့ စင်ပေါ်တင်ထားသည့်စာကို ကျွန်တော်ပြန်ယူကာ အစီရင်ခံစာကို ဆုတ်ဖြဲပစ်ခဲ့သည်။
ဤသည်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက်ဖြစ်သည်။ အဲသည်တုန်းက လူနာလေးတစ်ယောက် အသက်ဆုံးရှုံးရအောင် မှားယွင်းချွတ်ချော်ခဲ့သည့် သူနာပြုဆရာမလေးသည် ယခုအခါ ဝေလနယ်ရှိ အကြီးဆုံးကလေးသူငယ် စောင့်ရှောက်ရေးဂေဟာတွင် သူနာပြုဆရာမအုပ်ကြီးအဖြစ် အောင်မြင်စွာ တာဝန်ထမ်းရွက်လျက်ရှိနေပေပြီ။ သူမကား သူနာပြုသက်တမ်း တစ်လျှောက်လုံးပင် မိမိအလုပ်တွင် ကိုယ်ရောစိတ်ပါ နှစ်မြုပ်လုပ်ကိုင်သူအဖြစ် သူတကာ စံနမူနာယူရသူတစ်ဦးဖြစ်ခဲ့သည်။
လွန်ခဲ့သောအပတ်က ကျွန်တော်ဓါတ်ပုံတစ်ပုံရပါသည်။ သူနာပြုဆရာမအုပ်ကြီး ၀တ်စုံဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်။ သူမအနီးမှာ ကလေးတွေဝိုင်းရံလျက်။
ဓါတ်ပုံက ဗုံးခိုကျင်းတစ်ခုအတွင်းမှာ ရိုက်ထားခြင်းဖြစ်သည်။ သူမမျက်နှာမှာ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်လက္ခဏာများ ထင်ဟပ်နေသည်။ သို့သော်သူမကို မော့ကြည့်နေကြသည့် ကလေးများမျက်နှာမှာတော့ ချစ်ခင်စိတ်အားကိုးယုံကြည်စိတ်တွေ အပြည့်နှင့်။
ဒီစာကို လင်းဘာလို့ဖော်ပြလည်းဆိုတော့ လူတွေက အမှားတွေအမျိုးမျိုး မတော်တဆဖြစ်စေ ၊ တမင်တကာဖြစ်စေ ကျူးလွန်တတ်ကြပါတယ်။ မိမိအမှားအတွက် သူများရှုံ့ချတာခံရမယ့်အစား မိမိကိုယ် မှန်ကန်သော လမ်းကြောင်းပေါ်မှာ သူများက ပြန်လည်အတုယူရတဲ့ စံပြလူတစ်ဦးဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်မြင်ယူဆမိလို့ပါ။ အချို့လူတွေက ဟန်ဆောင်ထားတာပဲဖြစ်ဖြစ် ၊ လောဘနဲ့ တပ်မက်မှုကြောင့် အမှားလုပ်မိတာပဲဖြစ်စေ မိမိကိုယ်မိမိ အမှားကို ပြန်လည်ပြင်ဆင်ခွင့် ရှိပါတယ်။ ဒါကို မပြင်ဆင်ဘဲ မှန်ကန်သော လမ်းကြောင်းပေါ်ကလူတွေကို လိုက်တိုက်ခိုက်နေမယ်ဆို၇င်တော့ အမှားတွင်းထဲမှာ သေတဲ့အထိမြုပ်နေမှာပါ။ နအဖကတော့ “နောက်ဆုတ်မရသောလူယုတ်မာအသင်း”ဖြစ်နေတော့ သူတို့နဲ့ ပတ်သတ်သမျှလူတွေကိုတော့ ဒါမျိုးပြောလိုစိတ် မရှိတော့ပါဘူး။ သူတို့ကတော့ သေမှကျွတ်မယ့် လူစားမျိုးတွေဆိုတော့ သမိုင်းတွင်မယ့်ရာဇ၀င်လူယုတ်မာစာရင်းထဲပဲ ထည့်ထားလိုက်ပါတော့တယ်။
Posted by Anonymous at 5:20 PM 2 comments
Labels: Articles