Thursday, December 21, 2006

သူတစ်ပါးနာမည်အလွဲသုံးစားယူခြင်း

ကျမလောလောဆယ် ခရစ်စမတ်ဆိုတော့ ခရစ်စမတ်ဈေးရောင်းပွဲတော်ကြား မြုပ်နေတာ မနက်ကမှ အသိတွေဖုန်းဆက်တော့ ကြားလိုက်ရတာ တော်တော်လေးအံ့သြသွားတယ်။

ကျမနာမည်သုံးပြီး ကျမလူရင်းတွေရဲ့ ဘလော့ခ်စီဗောက်စ်တွေမှာ မိုက်ရိုင်းစွာသွားဆဲဆိုထားကြသတဲ့။ အချို့ကလည်း ကျမနဲ့တအားမခင်တော့ ကျမထင်ပြီး ပြန်ပြောကြသတဲ့။ ကျမအကြောင်း ကောင်းကောင်းသိသူများကတော့ ကျမ မဟုတ်မှန်း တန်းကနဲသဘောပေါက်ကြတယ်။ ကျမ ရီချင်တာပေါ့။ အဲဒီလို ကျမနာမည်ကိုလိုက်ဖျက်နေသူရင်ထဲမှာ ကျမနဲ့ပတ်သတ်ပြီး ဘယ်လောက်များ ပူလောင်နေကြလည်း။ ကျမအပေါ် အငြိုးတွေ ၊ အမုန်းတွေ စုပုံထားတာ သိပ်ပင်ပန်းနေမှာပါ။ ကျမကတော့ အေးဆေးပါ။ ဘာမှ မဖြစ်သွားပါဘူး။ ကျမနာမည်ကြီးနဲ့ သူများကိုသွားတက်ဆဲထားလည်း ကျမပြုံးနေတာ မပျက်သွားဘူးလေ။ အကုသိုလ်ပွားနေတဲ့ သူတို့ကိုပဲ သနားမိပါတယ်။ blog comments တွေပေးရင်လည်း ကျမ ကိုယ့်အကောင့်ကို လော့အင်ဝင်ပြီးမှ ပေးလေ့ရှိတာတော့ ပြောနေဖို့လိုမှာမဟုတ်ပါဘူးနော်။ နာမည်ဆိုတာ လက်ကရေးလိုက်ရင် ဖြစ်လာတာပဲ။ ဒီလူ ဟုတ်သလား မဟုတ်ဘူးလားဆိုတာ ကြည့်တာနဲ့သိပါတယ်။

ကျမလုပ်ခဲ့တဲ့အရာတွေအားလုံးမှာ ကျမယုံကြည်ချက်တစ်ခုက ပြည်သူတွေအားလုံးဆန္ဒနဲ့ ထပ်တူဖြစ်သလို ကောင်းသောအရာတစ်ခုကို မျှတစွာထောက်ခံထားခြင်းအဖြစ် စာတွေရေးခဲ့တာ အမှားယွင်းတစ်ခုမှ မလုပ်ဘူးဆိုတာ လုံးဝစိတ်ချပါတယ်။ ကျမသင်ယူရမည့် အသိပညာဗဟုသုတပိုင်း ၊ ဖြစ်ပျက်နေသော လက်ရှိအခြေအနေတွေ အများကြီးရှိပါသေးတယ်။ ကျမသိတာ မြူတစ်ပွင့်လောက်ပဲရှိပါသေးတယ်။ အဲဒီမြူတစ်ပွင့်ကိုတောင် ဒီလောက်ဆတ်ဆတ်ခါနာနေကြတာ လက်တစ်ဆုပ်လောက်ဆို အိမ်ထိ လာသတ်မလားတောင် မသိဘူး။

ရည်ရွယ်ချက် ပန်းတိုင်ခြင်း မတူတဲ့ ဆန့်ကျင်ဘက်လူသားတွေ ဘယ်အရာက ပိုအမြင့်မြတ်ဆုံးလည်း သိချင်ရင် သက်သေတွေအားလုံးနဲ့တကွ မျှတစွာ ယှဉ်ပြိုင်ရမှာပါ။ အခုလိုမျိုး သူတစ်ပါး နာမည်သုံးပြီး အများစာဖတ်သူများ အထင်လွဲအောင် လိုက်လုပ်နေတဲ့လုပ်ရပ်က တော်တော်လေး အောက်တန်းကျပါတယ်။ အဲဒီလို လိုက်လုပ်သူအနေနဲ့ ကိုယ်ဘယ်သူဆိုတာ အများမသိပေမယ့် ကိုယ့်အဆင့်အတန်း ၊ အကျင့်စာရိတ္တကို တစ်ချက်လောက် ပြန်ငဲ့ကြည့်ပါလားရှင်။ ကိုယ်ဘာလုပ်နေလည်းဆိုတာ ဘုရားသိတယ်။ ကိုယ်စောင့်နတ်သိတယ်။ နောက်ဆုံး ကိုယ့်လိပ်ပြာသိတယ်။ ကိုယ့်လိပ်ပြာရော ကိုယ်လုံရဲ့လားလို့။ အခုလို လိုက်ပြီးနာမည်ဖျက်နေတာ ဘယ်သူလည်းဆိုတာ ကျမသိပါတယ်။ ကျမတော့ စကားထဲ ထည့်မပြောတော့ပါဘူး။

မမမေဓါဝီက သူ့ခံစားချက်ကို အမှန်အတိုင်းရေးတယ်။ ကိုမျောက်၇ကောင်က သူတို့အမြင် အတွေးတွေကို ဖော်ပြတယ်။ မောင်လေးသက်နိုင်က သူ့ခံစားချက်နဲ့အမှန်တရားကို ပေါ်လွင်အောင် ရှင်းလင်းအောင် ရေးတယ်။ မြန်မာဘလူးအကိုကြီးက လက်ရှိအခြေအနေတွေကို တစ်ခါတစ်ရံ လူသားချင်းစာနာစိတ်နဲ့ရေးတယ်။ ကဒေါင်းညင်သာက သူ့အတွေးအခေါ်နဲ့ အနှစ်သာရတွေကို ရေးတယ်။ ကိုဂျန်နရေးရှင်းက သူ့ခံစားမှုနဲ့ အတွေးအမြင်ကိုရေးတယ်။ ကိုသံလွင်က သူ့ဘ၀နဲ့သူ့စိတ်ခံစားမှု ရည်ရွယ်ချက်တွေရေးတယ်။ ဒီလိုပဲ လင်းလက်ကလည်း လင်းလက်ခံစားမှု ၊ အတွေးအမြင် ၊ ဖြစ်ချင်တာတွေ ၊ ဆန္ဒတွေကိုရေးတယ်။ ကျမ ဒီစာတွေကို ရေးချင်ခဲ့တာ ရင်ထဲမှာကိန်းအောင်းနေခဲ့တယ်။ ဒါပေမယ့် လင်းလက် ရေးဖို့ အွန်လိုင်းမှာ နေရာ ရှာမတွေ့ခဲ့ဘူး။ ဖိုရမ်တွေမှာ မတော်တဆ စကားခဏခဏ မှားလို့တောင် အက်ဒမင်တော်တော်များများနဲ့ ကျမပြဿနာပေါင်းများစွာ ဖြစ်ခဲ့ဖူးတယ်။ မြန်မာဆိုဒ်တွေမှာ ဖိုရမ်တော်တော်များများရေးရင်း မော်ဒရိတ်တာနဲ့လည်း စကားများရ ၊ အက်ဒမင်ကလည်း သတိပေးနဲ့ ဘယ်သူ့ကို စိတ်ပျက်ရမှန်း မသိအောင် စိတ်ပျက်ခဲ့ရဖူးတယ်။ ကျမ သတင်းဌာနတွေကို ဆောင်းပါးအဖြစ်ရေးပို့ဖို့အတွက်ကလည်း ကျမကိုယ်ကျမ ဗဟုသုတနည်းသေးတယ်လို့ သတ်မှတ်ထားတဲ့အတွက် ဘယ်ပြိုင်ပွဲကိုမှ မ၀င်ခဲ့သေးဘူး။ ကျမလိုချင်တာက ကျမ ရင်ထဲဖြစ်တည်တာကို ဖွင့်ဟဖို့အတွက်ပါပဲ။ စာရေးဆရာဖြစ်ချင်လို့ ၊ လူသိအောင်လို့ လျှောက်ရေးချင်သူ မဟုတ်တဲ့အတွက် ကျမအတွက်က ဘယ်နေရာရေးရေး အကြောင်းမဟုတ်ပါဘူး။ ဘလော့ခ်ဆိုတာနဲ့ စတင်မိတ်ဆက်တော့ အဲဒီအချိန်တုန်းက မြန်မာဘလော့ခ်ဂါတွေနည်းသေးသလို ကျမလည်း ဘယ်သူနဲ့မှ မသိပါဘူး။ ကျမရေးချင်တာကို နောက်မဆုတ်ဘဲဆက်ရေးရင်း မိတ်ဆွေတွေတိုးပွားလာတယ်။ လူတွေရဲ့ စိတ်ဓါတ်ကို အွန်လိုင်းပေါ်မှာတင်သိလာရတယ်။ ကျမ ဘလော့ခ်နောက်ဆက်တွဲ ပြဿနာတွေကို ကျမ အများကြီးရင်ဆိုင်ခဲ့ရဖူးပါတယ်။ ကျမလူရင်းအချို့နဲ့တောင် ကွဲရတဲ့အထိပါ။ လူသစ်တွေတိုးသလို လူဟောင်းတွေလည်း လျော့သွားတာတွေလည်း အများကြီးပါ။ ကျမ boyfriend နဲ့တောင် ဘိုင်ဘိုင်လုပ်ရတဲ့အထိပါ။ ကျမကလည်း နအဖလုပ်ရပ်တွေကို အရိုးထဲမှာ စွဲနေအောင် ခါးသက်နေအောင် မုန်းတော့ လူသာပျောက်သွားမယ် မုန်းတာက မပျောက်တော့ ဒါတွေမလုပ်နဲ့ မိဘတောင် တားခွင့်မရှိခဲ့ပါဘူး။

ကျမ စီဗောက်စ်မှာ စကားရှည်ရင် သိပ်မပြောပါဘူး။ ကျမ ဒီနေရာကနေ ကိုသံလွင်ကိုပြောချင်တာလေး တစ်ခုရှိပါတယ်။ စကားပြောဆို ခင်မင်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ကျမစိတ်ဓါတ် ၊ ကျမ အပြောအဆို ၊ ကျမအကျင့်ကို ကောင်းကောင်းသိတဲ့ အကိုတစ်ယောက်အနေနဲ့ စီဗောက်စ်မှာ ဒီလိုစကားတွေကို ကျမပြောသလား မပြောသလားဆိုတာ တန်းကနဲ သဘောပေါက်သင့်ပါတယ်။ ကျမလို့ ထင်ပြီး ပြန်ပြောတဲ့ စကား၁ခွန်းကို တော်တော်လေးမကြိုက်ပါဘူး။ “နာမည်နဲ့လင့်ခ်”ဆိုတာ ဘယ်သူမဆို ရိုက်ထည့်လို့ရတဲ့ အရာတစ်ခုဆိုတာ မေ့နေသလော။ ကျမက နေရာတိုင်း လိုက်ပြီးပြောတတ်တဲ့ လူစားမျိုးလည်း မဟုတ်တော့ တချို့နေရာတွေ မျက်နှာလွှဲပါများတော့ အခွင့်ကောင်းယူတာ ခဏခဏကြုံရပါတယ်။ ကျမကို လာမမေးမချင်း မဖြေတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ ကျမက နအဖနဲ့ ပတ်သတ်ရင်သာ ကျမရေးတဲ့ စာအချို့ပြင်းချင်ပြင်းမယ်။ ကျမက စစ်ဗိုလ် စစ်သားတွေကိုလည်း မဆဲသလို ဘယ်လူစားမျိုးကိုမှ ဆဲလေ့မရှိပါဘူး။ ကျမတို့က မြန်မာလူမျိုးတွေပါ။ သူများ အရိုးကိုက်တိုင်း လိုက်မကိုက်တတ်တဲ့ လူစစ်စစ်ပါ။

မြန်မာလူမျိုးပြည်သူလူထုမှာ ရေးတဲ့စာတွေ ၊ ခံစားမှုတွေ ၊ အတွေ့အကြုံတွေသာ မတူချင် မတူမယ်။ ရည်ရွယ်ရာ နောက်ဆုံးပန်းတိုင်က အတူတူပါပဲ။ အားလုံးက လွတ်လပ်တရားမျှတသော ဒီမိုကရေစီ တန်းတူအခွင့်ရေး စနစ်ကို လိုလားနေချိန်မှာ လမ်းကြောင်းတူသူတွေကို လေးစားသလို ဆိတ်ဆိတ်နေသူတွေကို မှန်နေရင် လေးစားပါတယ်။

ပလန်းနက်မြေက မြန်မာယူစာပေါင်း အများဆုံးတည်ရှိတဲ့ နေရာတစ်ခုပါ။ အဲဒီနေရာကို သွားတိုင်း ကျမ စိတ်ထဲအေးမြရပါတယ်။ သူတို့တွေက မြန်မာနိုင်ငံကလူတွေ များသလို ကျမလိုချင်တဲ့ အချက်လက်တွေကိုလည်း လိုလိုလားလား ပြောပြလေ့ရှိပါတယ်။ အခက်ခဲတွေကိုလည်း ပြောလေ့ရှိကြတယ်။ ကျမက နအဖ အသိုင်းဝိုင်းနဲ့ ၂ဖက်ခွလူစားတွေကလွဲရင် ကျန်သောသူများကို တစ်မြေတည်းမောင်နှမတွေအဖြစ် လေးစားချစ်ခင်ပါတယ်။

Read More...

Sunday, December 17, 2006

ဒေါ်အောင်ဆန်းစုကြည့်နှင့်မိုက်ကယ်အဲရစ်



အမှန်တကယ်တော့ ဒီရေးတဲ့စာတွေကို ၆လလောက် လက်လွှတ်ထားမလို့ပဲ။ အကြောင်းရင်းကတော့ ဖိုင်နယ်မှာ စာတွေမနိုင်မနင်းဖြစ်မှာကြောက်တာလည်းပါသလို အိမ်က လိုချင်တာ မလုပ်ပေးနိုင်မှာလည်း ပါပါတယ်။ ကျမရဲ့ part time အဖြစ်ကြိုးစားဆောင်ရွက်တဲ့ ဒီစာပေအချိန်တွေက full timeနီးပါး ဖြစ်နေတော့ ခဏတာ ခွဲခွာမလို့ပါပဲ။ သံလွင်အိပ်မက် အမှတ်(၁၀)အတွက်တောင် ကျမစာရေးဖြစ်ချင်မှ ရေးဖြစ်မယ်။ ကျမ management အပိုင်းကို သင်္ကြန်မှာ စာမေးပွဲဖြေရမှာဆိုတော့ အားလုံးကအချိန်ကွက်တိဖြစ်နေတယ်။ ရတဲ့အချိန်ထဲကနေ ကျမ မရေးဖြစ်သေးတဲ့ ဒီအကြောင်းတွေကို ဖြစ်မြောက်အောင် ကြိုးစားရေးပေးလိုက်ပါတယ်။ အထူးသဖြင့် အမေကိုပုတ်ခတ်တဲ့သူများအတွက် ကျမပြန်လည်တုံ့ပြန်ချင်တဲ့ စိတ်ကပြင်းနေတော့ ရေးဖြစ်သွားတာပါပဲ။ ကျမက ဒေါ်အောင်ဆန်းစုကြည်ကို အသဲနှလုံးထဲက လေးစားရလွန်းသူအဖြစ် ချစ်ခင်တဲ့အတွက် သူမကိုထိခိုက်ပြောဆိုရင် အမှန်ဘက်ကနေ မဆိုင်းမငံ့ ပြန်လည်ချေပတတ်ပါတယ်။ ကျမအမေရင်းကိုချစ်သလိုမျိုး သူမကိုလည်း ကျမရဲ့ အမေလို ချစ်တဲ့အတွက် သူမနဲ့ပတ်သတ်တိုင်း အမှန်တရားတိုင်းကို ထိခိုက်လာရင် မငုံ့ခံတတ်ခဲ့ပါ။

၁) ဒေါ်အောင်ဆန်းစုကြည့်နှင့်မိုက်ကယ်အဲရစ်

မိန်းမတစ်ယောက်က အချိန်တန်ရင် ယောက်ျားတစ်ယောက်ကိုယူရမှာဖြစ်သလို ယောက်ျားတစ်ယောက်ကလည်း အချိန်တန်ရင် မိန်းမတစ်ယောက်ကိုယူရတယ်ဆိုတာ သိပ်ဆန်းကြယ်လှတဲ့ ပြဿနာမဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ယူတဲ့သူက လူမျိုးခြား ၊ ဘာသာခြားဖြစ်နေရင် သူနဲ့ကိုယ် ဘယ်လိုညှိနှိုင်းသွားကြမလည်း။ ကိုယ့်ယဉ်ကျေးမှုတွေကို မပစ်ပယ်ရရင် ၊ သူလည်း နားလည်ပေးရင် ဒီအိမ်ထောင်ရေးကို ဘာမှဘေးလူက ၀င်ရှုံ့ချနေဖို့မလိုဘူး။ လူမျိုးခြားကိုယူထားတာနဲ့ ပြည့်စုံတဲ့ အရည်အချင်း ၊ အတွေးအခေါ်တွေကို မှန်မှန်ကန်ကန် လုပ်ပိုင်ခွင့်မရှိဘူးလို့ ဘယ်ဘုရားကဟောထားခဲ့လည်း။ ဘေးမှ ပြေလည်နေတဲ့ ကိစ္စကိုလာရှုံ့ချတယ်ဆိုရင် သေချာတာကတော့ လာရှုံ့ချသူတွေက မနာလိုဝန်တိုခြင်းရှိနေလို့ (သို့မဟုတ်) တော်လွန်းနေတဲ့အရည်အချင်းတွေကို မပြိုင်နိုင်လို့ပဲ ဖြစ်မှာပါ။ နိုင်ငံအရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အမေရဲ့အိမ်ထောင်ရေးကိစ္စကို ပြောနေတယ်ဆိုတာ ဘာနဲ့တူလည်းဆိုတော့ အိမ်သာတက်ဖို့ အိမ်သာပေါ်ခြေလှမ်းနေတဲ့သူကို ထမင်းစားကောင်းရဲ့လားလို့ မေးနေတဲ့ ငအတွေနဲ့တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိုက်ကယ်အဲရစ်ကို ယူပြီးချိန်မှာ သူမမြတ်နိုးတဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ၊ ထုံးလမ်းစဉ်လာတွေကို ပစ်ပယ်ခဲ့လို့လား။ သူမက အမြဲတမ်း မြန်မာဝတ်စုံကို ဆင်မြန်းပြီး သူမကို မြင်ကတည်းက လွန်စွာကျက်သရေရှိတယ်ဆိုတာ ခင်ဗျားတို့မငြင်းပါနဲ့။ အမေကို ၀င်ရိုက်ဖို့ အထက်က အမိန့်အတိုင်းကြိုးစားတဲ့ ဗိုလ်မှုးမိန်းမတွေတောင် အမေအရှိန်အ၀ါကြောင့် ရိုက်လို့ရခဲ့လို့လား။ ခင်ဗျားက မွေးတဲ့ ခင်ဗျားတို့သမီးတွေ ၊ ဆွေမျိုးတွေ ၊ ပတ်ဝန်းကျင်ကလူတွေအပါအ၀င် ကျူပ်တို့အားလုံးလည်း ဘယ်တုန်းကများ မြန်မာဝတ်စုံကို အချိန်ပြည့်ဆင်မြန်းနိုင်လို့လည်း။ ရိုးရာဝတ်စုံကိုအမြဲဝတ်ပြီး အဖြူတွေနဲ့ပေါင်း မြန်မာပြည်ကို ဆန့်ကျင်နေတယ်လို့လည်း လာစွပ်စွဲဖို့မကြိုးစားပါနဲ့။ မြန်မာပြည်အတွက် အမေက သူမကိုယ်ကျိုးနဲ့ဘ၀ကို စွန့်လွှတ်ပြီး ကြိုးစားပေးနေတာကိုမှ မထောက်ထားဘဲ ဆဲနေတဲ့ စစ်သားတွေက ကိုယ့်အမေနှလုံးသားကို ဓါးနဲ့ပြန်ထိုးနေတဲ့ ငမိုက်တွေနဲ့တူပါတယ်။

အချို့မြန်မာမိန်းမတွေက အဖြူကောင်တွေနဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီးရင် အမေစုကို လက်ညိုးထိုးပြတယ်။ ဥပမာ လန်ဒန်က ရွှေမမပေါ့။ နရင်း၂ချက်လောက်တီးပစ်လိုက်ချင်တယ်။ အမေစုက သူမယောက်ျားကို တရားဝင်ယူထားသလို သူမယောက်ျားကပါ ပါဌိကို ကျွမ်းကျင်တဲ့ မြန်မာ့ယဉ်ကျေးမှုအတိုင်း ကြိုးစားနေထိုင်ခဲ့တဲ့ ခင်ပွန်းကောင်းတစ်ဦးပါ။ ကိုယ့်ဘာသာကိုယ် ရွစိထိုးပြီးကဲနေတဲ့သူတွေ ဆီနဲ့ရေလိုကွာခြားတဲ့ မိန်းမတစ်ယောက်ကို သွားယှဉ်နေတာ ရီစရာပဲ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အကျိုးကိုမငဲ့ဘဲ သူမဘာသာ သူမဘ၀အတွက် ကြိုးစားနေမယ်ဆိုရင် အခုအချိန်မှာ သူမက သိပ်ကိုထူးချွန်တဲ့ ယူအင်က ပုဂ္ဂိုလ်တစ်ဦးဖြစ်ကောင်းဖြစ်နေမှာပါ။ သူမက သူမဘ၀ကို စွန့်လွှတ်ပြီး မြန်မာပြည်သူပြည်သားတွေအတွက် မိန်းမတစ်ယောက်အင်အားနဲ့ အစွမ်းကုန် ကြိုးစားနေတာကို ခင်ဗျားက မိုက်ရိုင်းစွာ ရှုံ့ချနေမယ်ဆို၇င် မိတ်ဆွေ သေချာတာတော့ ခင်ဗျား brain wash လုပ်သင့်ပြီ။

မြန်မာမင်းအဆက်ဆက်ကို ပြန်ကြည့်ကြည့်ပါ။ တော်တဲ့ သူရဲကောင်းဆိုရင် မြန်မာမင်းတွေက သတ်ပစ်ပါတယ်။ ကျန်စစ်သားကို လှန်နဲ့ထိုးတော့ လှန်က ကြိုးကိုထိပြီး လွတ်မြောက်သွားတဲ့အဖြစ်အပျက်တွေက သာဓကပါ။ ယနေ့ ကမ္ဘာပေါ်မှာ တိုးတက်ထူးချွန်လွန်းနေတဲ့ နိုင်ငံတွေကိုကြည့်ကြည့်ပါ။ သူတို့က သူတို့နိုင်ငံသားရယ်မှ မဟုတ်ဘူး။ အခြားနိုင်ငံကနေ တအားတော်တဲ့သူတွေလာရင် လခကောင်းကောင်းပေး ၊ စည်းစိမ်တွေပေး ၊ ရာထူးတွေပေးပြီး သူတို့နိုင်ငံမှာပဲထားစေပါတယ်။ ဒါက သူတို့က သူတို့နိုင်ငံအတွက် လုပ်ဆောင်ခြင်းပါ။ မြန်မာပြည်မှာတော့ တော်တဲ့ကောင်ဆိုသတ်လို့ရရင်သတ်ပစ်ကြတယ်။ သတ်မရရင် အမှုဆင်ပြီး ဖမ်းထားတယ်။

နိဂုံးပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးခြားကိုယူခဲ့ပေမယ့် ဘာသာပြောင်းခြင်း ၊ မြန်မာ့ယဉ်ကျေးမှုကိုပစ်ပယ်ခြင်းတွေ မရှိခဲ့သလို သူမက နိုင်ငံအတွက်အကောင်းဆုံးဖက်ကနေ ကြိုးပမ်းအားထုတ်နေခြင်းဖြစ်တဲ့အတွက် သူမကိုအပြစ်တင်စရာ ၊ ကဲ့ရဲ့စရာမလိုပါ။ လူမျိုးခြားတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ မြန်မာမိန်းကလေးတွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကနေ တင်ပြောခြင်းတွေ ရပ်ဆိုင်းသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မိုက်ရိုင်းစွာဆဲတဲ့ စစ်သားတွေအနေနဲ့လည်း တစ်နေ့နေ့မှာ ဒီဘက်သာတော့ဒီဘက်ကပ် ၊ ဟိုဘက်သာတော့ဟိုဘက်ကပ်လုပ်မယ်လို့တော့ စိတ်မကူးပါနဲ့။ ကိုယ်က ဒေါ်အောင်ဆန်းစုကြည်ထက် ပိုထူးချွန်နေမှသာ သူမလုပ်ရပ်တွေကို မိုက်မိုက်ရိုင်းရိုင်းဝေဖန်ပြီး ရှုံ့ချနိုင်ဖို့ ကြိုးစားပါ။ ဘာမဟုတ်တဲ့လိုင်းပေါ်မှာ မိန်းမတစ်ယောက်ကို အသလွတ်စွတ်အော်နေမယ်ဆိုရင်တော့ အရူးထောင်ကိုသာ ဂျွမ်းပြန်ပြီးလစ်ပေတော့မိတ်ဆွေ။

၂) စိတ်ဓါတ်နှင့်လုပ်ရပ်

အချို့သူများရဲ့ပြောကြားချက်ပါ။ အခြေခံအုတ်မြစ်ကနေ အထက်ဆင့်ထိ တကယ်လုပ်နိုင်တွေသူကိုမှ စကားပြောချင်တယ်လို့ပြောချင်သူတွေပါ။ မိတ်ဆွေတို့ပြောတာ မမှားပါဘူး။ မိတ်ဆွေတို့က စာရေးသူတွေကိုဆိုရင် အထင်မကြီးဘူး။ စာတစ်စောင် ပေတစ်လွှာထက် နအဖကို ဗုံးကျဲသူကို ပိုလေးစားမယ်ဆိုတာတော့ ကျမလည်းအတူတူပါပဲ။ နိုင်ငံရေးသမားတွေ ဘာမှမလုပ်နိုင်ဘူး အာပလာတွေပါဆိုပြီး အချို့က သိပ်အထင်သေးကြတယ်။ မိတ်ဆွေ ဘာကြောင့်လည်း သိချင်ရင်ကိုယ်တိုင် လေ့လာပါ။ လက်ဖက်ရည်မှာ ထိုင်ပြီး ဘယ်သူမှအထင်မကြီးဘူးကွ အော်နေရင်တော့ ဆင်ကန်းတောတိုးနဲ့ တူနေပါလိမ့်မယ်။ မြန်မာလူမျိုး၁၀ယောက်ပေါင်းရင် အတွေးအခေါ်၁၀မျိုးထွက်လာတယ်။ ဒီလိုပါပဲ ဘယ်နေရာမှာမဆို သွားရာလမ်းကြောင်းခြင်းမတူကြပေမယ့် နောက်ဆုံးပန်းတိုင်တွေကတော့ အားလုံးအတူတူပါပဲ။ အချိန်တွေက ပြောင်းလာခဲ့ပြီ။ ဗိုလ်ချုပ်က လွတ်လပ်ရေးကို တိုက်ခဲ့တုန်းက မြန်မာ့တပ်မတော်ဆိုတာ အဓိကနေရာကနေ ပါဝင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက တပ်မတော်က တကယ့် မှန်ကန်လေးစားရတဲ့ တပ်မတော်အစစ်ပါ။ အခုအချိန်မှာ တပ်မတော်ကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက် မိုက်မဲနေတဲ့ လူတစ်စုကြောင့် အကုန်လုံးက ဒုက္ခအမျိုးမျိုးနဲ့ ခြေတစ်လှမ်း နောက်ရောက်နေကြခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ကို ဘယ်လိုလူတွေကသာ ပြန်လည်ချေမှုန်းမှာလည်းဆိုတာ လေးလေးနက်နက် တွေးရမယ့်အဆင့်ရောက်နေပါတယ်။ ဘယ်အတိုင်းအတာထိ ဘယ်သူတွေက လုပ်ပေးမှာလည်း။ စိတ်ဓါတ်ပြင်းထန်ပြီး စွန့်လွှတ်နိုင်သူအရေအတွက်က ပြန်လှည့်ကြည့်နေရသူ အရေအတွက်လောက် မများဘူးဖြစ်နေပါတယ်။ အသားထဲကလောက်ထွက်တွေကလည်း တိုးတက်ပြောင်းလဲရေးကို နှောင့်နှေးစေပါတယ်။ သေချာစဉ်းစားမယ်ဆို၇င်တော့ မြန်မာပြည်ကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ဆိုတာ စိန်ခေါ်ပွဲတစ်ရပ်လိုဖြစ်နေတယ်။ အချိန်ကိုအရင်းပြုပြီး လုပ်နိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒီယခုအချိန်မှာမှ ကျူပ်တို့ခင်ဗျားတို့မလုပ်ဖြစ်ရင် နောင်တစ်သက် သားစဉ်မြေးဆက် အကုန်လုံး ဒုက္ခရောက်ကြရမှာပဲ။

၃) ကျမပြောချင်သောအကြောင်းတရား

ဒီတစ်ခါပြောမှာက ကျမ လွတ်လပ်စွာပြောခွင့်ပေးထားတဲ့ ချတ်ဗောက်စ်က အမည်မသိသူများရဲ့ စကားပါ။ `လင်းလက်ကြယ်စင်ကိုအမြင်မှန်ရစေချင်တယ်´ဆိုသောစကားတွေအတွက် တစ်ခုလောက် မေးပါရစေ။ ဘယ်ဟာကို အမြင်မှန်စေချင်တာလည်း။ ပြင်ပေးဖို့မလိုပါဘူး။ ကိုယ်က မှန်တာလွန်နေလို့ တစ်ဖက်ကမ်းရောက်နေတာကို ဘာကိုများပြင်ပေးမလည်း။ အချို့ကပြောတယ် `လင်းလက်ရိုင်းတယ်´။ ဒီစကားကို သက်နိုင်ဘလော့ခ်မှာလည်း ရေးထားပြီးသားပါ။ ဘိုးတော်ဘုရားဦးအောင်ဇေယျခေတ်ကနေ ယနေ့မြန်မာခေတ်သစ်စကားတွေအထိ အကုန်လုံးကျုပ်ပြောတတ်ပါတယ်။ နအဖအကြောင်းနဲ့ ပတ်သတ်ရင်တော့ သတင်းကြေငြာသလို `ဗိုလ်ချုပ်ကြီးများအားလုံး ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထားခြင်း´အော်သလိုမျိုးတော့ မရေးတာအမှန်ပဲ။ ကျူပ်ပြောခဲ့ပြီးပြီပဲ။ မကောင်းတဲ့ပထွေးကို ပထွေးလိုပဲ ခေါ်မယ်လို့။ အမေနောက်ယောက်ျားလို့ လှလှလေးမရေးဘူး။ စာဖတ်သူများကို ကျမ မလေးစားဘူးလို့ အချို့က လွှင့်ပြန်တယ်။ အမှန်ခုံမှာထိုင်နေတဲ့သူက နေရာတိုင်းမှာ လိုက်မပြောဘူးဆိုတာတော့ ရှင်တို့ မမေ့ပါနဲ့။ ကျမက ကျမစာတွေအားလု့းကို ဖတ်သူတွေကိုလည်း လေးစားတယ်။ ဝေဖန်သူကိုလည်း လေးစားတယ်။ မိုက်ရိုင်းသူကိုတော့ ကန်တော့ဆွမ်း။ ကျမလိုချင်တာက စူးရှတဲ့စကားလုံးတွေနဲ့ အမှန်တရားကို ရင်ထဲနင့်အောင် ခံစားစေချင်တယ်။ ခံစားချက်ကနေ အားမာန်ဆိုတာ ဖြစ်တာပါ။ ခံစားမှုမဖြစ်၇င် ဘာမှမဖြစ်နိုင်ပါဘူး။ တိုက်ပုံနဲ့ပုဆိုးဝတ် ၊ ခါးမှာဟမ်းဖုန်းလေးချိတ်ပြီး စကားကိုလှလှလေးပြော မိုက်ရိုင်းယုတ်မာတဲ့ လူစားမျိုးထက်စာရင် အမှန်ကိုပြင်းပြင်းရှရှပြောတဲ့ ဂျစ်ကန်ကန်လူစားမျိုးကို ကျမ ပိုအထင်ကြီးပါတယ်။ ယဉ်ကျေးသိမ်မွေ့လွန်းစွာနဲ့ နားထဲချိုအီနေအောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ဒီဘလော့ခ်က romantic အကြောင်းပြောနေတာမဟုတ်တဲ့အတွက် တန်ရာတန်ကြေးကိုပဲ ရေးနေတာပါ။ ကျမကို ပါစင်နယ်အရ မုန်းသူတွေက `အမိယုတ်တော့နှုတ်ကြမ်း´တယ်လို့ တက်ပြောတယ်။ ဟားတိုက်ရီလိုက်ချင်တယ်။

ကျမပြည်ပရောက်လာချိန် ၊ နောက် နအဖနဲ့ပတ်သတ်တဲ့ အသိုင်းဝိုင်းနဲ့ဆက်ဆံပြီးချိန်တွေမှာ သူတို့စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို ပိုသိလာရတယ်။ သူတို့တွေက အမှန်ကိုအမှားနဲ့တုမရဘူးဆိုတာ သိပြီးချိန်မှာ အမှန်ဘက်က ရပ်သူတွေကို စိတ်ဓါတ်ရေးရာကနေ ထိုးစစ်ဆင်ကြတယ်။ စိတ်ဓါတ်ကျအောင် ၊ စိတ်ရှုပ်အောင် ၊ အမှားတွေ ဖြစ်သွားအောင် အမျိုးမျိုးဒုက္ခပေးတယ်။ ဒါက သူတို့ရဲ့ ယုတ်မာသော လှည့်ကွက်တစ်ခုပါ။ မြန်မာပြည်မှာ နေတုန်းကလည်း မြန်မာပြည်အခြေအနေကို သိပါတယ်။ ဒါပေမယ့် အပြင်ရောက်လာချိန်မှာ ရှင်းရှင်းလင်းလင်းကြီး ပိုသိသွားရတယ်။ မြန်မာလူမျိုးတွေရဲ့ ဖြစ်အင်အမှန်တွေကိုလည်း ထင်ထင်ရှားရှားမြင်လာရတယ်။ ယခင်က အမှန် အမှားခွဲခြားနိုင်တယ်ဆိုတာ ကလေးကစားစရာ ဖြစ်သွားတယ်။

လစဉ်လတိုင်း Image magazine ကိုကျမဆောင်လေ့ရှိပါတယ်။ ယခု ဒီဇင်ဘာလ ၊ ကျမမွေးလမှာတော့ ကျက်သရေအလွန်တုံးသော စာမျက်နှာတစ်ခုကို ကျမဖတ်လိုက်ရတယ်။ image ကို မကိုင်ချင်တော့လောက်အောင် ကျမစိတ်ပျက်သွားတယ်။ သူတို့ကိုတော့ အပြစ်တင်လို့မရပါဘူး။ နအဖ အဖွဲ့တွေဘက်က ဒါဆိုဒါပဲသူတို့လုပ်ရတာကိုး။ မဂ္ဂဇင်းထဲရဲ့ စာမျက်နှာတစ်ခုမှာ ကိုသက်ဝင်းအောင်ကို နအဖဘက်က ဆေးသေချာကုသပေးပေမယ့် နှလုံးကြွက်သားရောင်ရမ်းသော ရောဂါကြောင့် နှလုံးလုပ်ငန်းရပ်ဆိုင်းပြီး သေဆုံးတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲစာမျက်နှာလေးတစ်ခုကို ထည့်သွင်းထားတယ်။ ကြည့်ရတာ ဘယ်သူမှသတင်းစာမဖတ်ကြလို့ မဂ္ဂဇင်းတွေထဲထိပါ လိုက်ပြောပြနေတယ် ထင်ပါရဲ့။ နောက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့က ဆူပူအုံကြွမှုတွေကို ဖန်တီးနေကြောင်း ၊ နယ်ချဲ့အစိုးရနောက်ကို လိုက်နေကြောင်း ဗီုလ်ချုပ်ကျော်ဆန်း ရှင်းလင်းထားပါတယ်။ ဖတ်လိုက်ရတာကိုက တော်တော်လေးအကုသိုလ်များပါတယ်။ ဦးမင်းကိုနိုင်တို့က ကျောင်းသားမဟုတ်တော့ကြောင်း နအဖက ပြောဆိုရာမှ အင်းလေ ဘယ်လိုလုပ်ကျောင်းသားဖြစ်တော့မှာလည်း ကျောင်းသားဘ၀ကတည်းက အခုချိန်ထိ သူတို့ကထောင်ထဲဆွဲသွင်းထားတာပဲ။ ငြိမ်းချမ်းရေးကို လိုလားတဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေကို အကြောင်းမရှိဆွဲဖမ်းပြီး စွပ်စွဲနေတာ အံ့ပါရဲ့။ ကိုသက်ဝင်းအောင်သေဆုံးမှုက သူတို့ သတင်းစာတွေထဲ ဘယ်လိုပဲ လိမ်လိမ် အာပလာပဲ။ တစ်ခါတစ်လေ ဆွေးနွေးတဲ့ဖိုရမ်တွေမှာ သတင်းစာကြီးကိုင်ပြီး ပြောတဲ့လူတွေကို မြင်ဖူးပါတယ်။ အဲဒီအခါမျိုးဆို အဆုံးထိဆက်မပြောတော့ဘူး စိတ်သိပ်မရှည်လို့။ ကိုယ့်အတွေးအခေါ် သူ့အမြင်ဖလှယ်နေချိန်မှာ ရေးနေတဲ့ပို့စ်တွေက သတင်းစာကြီးကိုင်ပြောနေမှ ဒုက္ခ။

ကျမနောက်ဆုံးပြောလိုတာက ကျမက နိုင်ငံရေးဆိုတာကြီးကို သင်ကြားချင်လွန်းလို့ လုပ်နေခဲ့တာ မဟုတ်ပါဘူး။ ကျမရည်ရွယ်ချက်က မတရားတာကို ခံနေရတဲ့ ကျမတို့အားလုံးအပါအ၀င် ပြည်သူဘက်ကနေ တရားမျှတမှုနဲ့ မှန်ကန်သော ဥပဒေ ၊ လေးစားထိုက်သော အစိုးရတက်လာအောင်အတွက် သဲတစ်ပွင့်လောက် လုပ်ပေးခွင့်ရရင် သဲတစ်ပွင့်လောက် ၊ အုတ်တစ်ချပ်သယ်ခွင့်ရရင် အုတ်တစ်ချပ်သယ်ပြီး အမှန်ကန်ဆုံးသော လမ်းစဉ်စနစ် ရောက်ဖို့အတွက် ရင်ထဲမှာခိုင်မြဲနေတဲ့ သစ္စာတရားကြောင့်ပါပဲ။ ကျမအတွေးအခေါ်တွေနဲ့ ကျမရေးတဲ့စာတွေ အရည်အချင်းတော်တော်နိမ့်ချင်နိမ့်နေမှာပါ။ ကလောင်တံအစုတ်ဖြစ်ချင်လည်း ဖြစ်နေမှာပါ။ ကျမ လက်တွေ့လုပ်နေတဲ့ အရာတွေကလည်း နည်းချင်နည်းနေမှာပါ။ အခြေအနေနဲ့လွဲနေတာနဲ့ ကျမလုပ်နေတာတွေ အသေးအမွှားလေးပဲ ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမယ့် ကျမရင်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒ ၊ လုပ်ချင်တဲ့ အရာတွေ အားလုံးနဲ့ မတရားတာကို ဘယ်တော့မှနှုတ်ပိတ်နေမှာ မဟုတ်ဘူးဆိုတာ လေးလေးနက်နက်ပြောရင်း မြန်မာပြည်ဒီမိုကရေစီရချိန်ထိ ကြိုးစားနေသူတွေနဲ့ လက်တွဲရင်း ခိုင်မြဲနေမယ်ဆိုတာကို သစ္စာပြုအပ်ပါတယ်။

Read More...

Tuesday, December 05, 2006

အမေပြောသောမိန့်ခွန်းများ

ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ၁၉၈၉ ခုနှစ်တွင် ပြောခဲ့သော မိန့်ခွန်းများကို ပြန်လည်ပေါင်းချုပ်ထားခြင်းဖြစ်ပါသည်။ ကျမကို ဒီမိန့်ခွန်းများ ပို့ပေးခဲ့သော အိုးဝေမှ ဦးလေးအား ကျေးဇူးအများကြီးတင်ရှိပါသည်။ အချိန်ကုန်ခံ ရိုက်ပေးထားသော မိန့်ခွန်းများကို ဖတ်ရင်း အသိများပွင့်လာပါစေဟု ဆန္ဒပြုအပ်ပါသည်။

Ø ကျမတို့ဟာ ကျမတို့ရဲ့နိုင်ငံထဲမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာ ကမ္ဘာကသိစေချင်တယ်။

Ø ကျမဒီကနေစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာနေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါလေးအတွက်နဲ့ ကျမတိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။

Ø နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲဒီလို ဝေးဝေးကင်းကင်း နေခဲ့ချင်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ပါဝင်နေသလဲလို့ မေးစရာရှိပါတယ်။ အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်း ဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေ့ရဲ့သမီးလုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းကြီးဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။

Ø ကျမဟာ ကျမအဖေရဲ့အစဉ်လာအတိုင်း ဒီမိုကရေစီတိုက်ပွဲကို ၀င်လို့နွှဲခဲ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ ညီညွတ်ရန် ဘာမဆိုဖြစ်နိုင်ပါတယ်။

Ø လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သတ်လို့ ကျမပြောစရာလေးတွေ ရှိပါတယ်။ ကျောင်းသားလူငယ်များဟာ အင်မတန်မှတော်ပါတယ်။ သူတို့ရဲ့ လက်ရုံးကိုလည်း ပြပြီးပါပြီ။ အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမယုံကြည်ပါတယ်။

Ø အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်။

Ø အဖွဲ့ချုပ်ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့သက်သက်မှ မဟုတ်ဘဲ။ ၁၈ရက် စက်တင်ဘာလ စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြန့်ကျဲသွားတဲ့ ဒီမိုကရေစီအင်အားတွေကို တစုတရုံးတည်းဖြစ်အောင် စုစည်းပြီး ၊ အဲဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျဖြစ်အောင် ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါဘဲ။

Ø မြန်မာမင်းတွေထဲမှာ ကျန်စစ်သားနဲ့ ဘုရင့်နောင်ဟာ သိပ်ချီးကျူးဖို့ကောင်းပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကျန်စစ်သားဆိုရင် အနော်ရထာ ၊ ဘုရင့်နောင်ဆိုရင် တပင်ရွှေထီးကို ပုန်ကန်ခြားနားနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါပေမယ့် ကျန်စစ်သားရော ဘုရင့်နောင်ပါ သစ္စာရှိကြတယ်။ လူတော်တယောက် ၊ အရည်အချင်းရှိတဲ့ လူတယောက်ဟာ သစ္စာရှိဖို့သိပ်အရေးကြီးတယ်။

Ø စစ်ရှုံးပြီးစ ဂျပန်ဘုရင်ကြီးပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ကျုပ်တို့ဟာ မခံနိုင်တဲ့ ကိစ္စတွေကို ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။ မဖြစ်နိုင်တဲ့ကိစ္စတွေကို ဖြစ်နိုင်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိရမယ်တဲ့။ အဲဒီလို ကျမတို့ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ ၊ သတ္တိရှိရှိနဲ့ မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင် ဘာမှ မအောင်မြင်စရာ မရှိပါဘူး။

Ø အဆိုးဆုံးအစိုးရဆိုတာ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ အစိုးရ ၊ ဒီထက်နဲနဲ ကောင်းတာက ပြည်သူလူထုက ကြောက်တဲ့အစိုးရ ၊ ဒီထက်ပိုပြီး ကောင်းတာကတော့ ပြည်သူလူထုက ချီးမွမ်းတဲ့ အစိုးရ ၊ အကောင်းဆုံးကတော့ ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရတဲ့။ ကျမတို့ အိမ်တအိမ်မှာဆိုရင် အမေလိုပေါ့။ အမေရှိမှန်းတောင် သတိမထားမိဘူး။ စားချိန်တန်စားရတယ်။ ၀တ်ချိန်တန် ၀တ်ရတယ်။ အားလုံးအဆင်သင့်ပဲ။ အဲ့သလိုဖြစ်နေရမယ်။ နားလည်ထားရမယ်။

Ø ဒီမိုကရေစီစနစ်မှာ အမတ်လုပ်ချင်တဲ့သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်။

Ø နိုင်ငံရေး အသိအမြင်ဆိုတာ လူမှုရေးအသိမြင်ပဲဖြစ်ပါတယ်။ ကိုယ်ဟာ အိမ်နီးချင်းတယောက် ပီသလို့ရှိရင် တဖြေးဖြေးနဲ့ လူမှုရေးကနေ စပြီးတော့ နိုင်ငံရေးသမားကောင်းတစ်ယောက် ပီသလာမှာဘဲလို့ ကျမမြင်ပါတယ်။

Ø ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းတယောက်နဲ့တယောက် လေးစားတဲ့စနစ်ပါပဲ။

Ø အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့အဖွဲ့ချုပ်ကြီးဟာ ဖျက်ပစ်ဖို့ပဲရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်းလုပ်ရမယ်။

Ø လူ့အခွင့်ရေးဆိုတာ လူတိုင်း လူတိုင်းပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင် မဟုတ်ဘူး။ ကိုယ့်ရန်သူများပင်လျင် လူ့အခွင့်အရေးရှိရမယ်။ အဲဒီတော့ တစ်နေ့ ကျမတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါကျရင် ရှုံးတဲ့သူတွေဟာ သူတို့ရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ခံစားနိုင်ရမယ်။ ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီ တာဝန်ဖြစ်တယ်။

Ø မက်လုံးပေးပြီးတော့ စည်းရုံးမှုမျိုးကို ကျမတို့မလိုချင်ဘူး။ ငါတို့ အစိုးရတက်ရင် ဒါတွေ လုပ်ပေးမယ်ဆိုတဲ့ စည်းရုံးမှုမျိုးတော့ မလုပ်ကြပါနဲ့။

Ø ဒီမိုကရေစီစနစ် ထူထောင်တဲ့အခါကျရင် ကျောင်းတိုင်း ၊ ကျောင်းတိုင်းမှာ ကိုယ့်တိုင်းပြည်မှာ ရှိတဲ့ဘာသာထဲက အနည်းဆုံးဘာသာနှစ်ရပ်ကို လူတိုင်း လူတိုင်းသင်မယ်။ ဗမာနဲ့ ရှမ်းဖြစ်ဖြစ် ၊ ဗမာနဲ့ကရင် ဖြစ်ဖြစ် ၊ ဗမာနဲ့မွန်ဖြစ်ဖြစ် သင်သင့်တယ်။

Ø မွန် ၊ ဗမာ ၊ ကရင် ၊ ကချင် ၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီးတော့ မတွေးပါနဲ့။ ငါတို့အားလုံးဟာ ပြည်ထောင်စု တိုင်းရင်းသားများ ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာထားပြီး အတူတူလုပ်သွားစေချင်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သွားတယ်ဆိုရင် တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့ ပြည့်ပြည့်စုံစုံ ပေးချင်တယ်။ တိုင်းရင်းသား လူမျိုးများရဲ့ဘာသာရေး ၊ ယဉ်ကျေးမှု စသည်ဖြင့် ကျမတို့အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများအတွေးအခေါ် ၊ အများယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့ ၊ ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက် အများကြီးခိုင်ခံ့လာပေမယ့် အများကြီးတိုးတက်နိုင်မယ် ၊ အများကြီးလည်း ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Ø တချို့က ခု ဒီမှာတမျိုးပြော ၊ ဒီမှာ ဒီဟာ လုပ်မယ်ပြော ၊ ခု ဒီမှာ ဟိုဟာလုပ်မယ်ပြော ၊ စိတ်တွေက ပြောင်းလိုက် ၊ အပြောတွေက ပြောင်းလိုက် ၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ ပြောတယ်။ ကျမကတော့ ဒါ နိုင်ငံရေးပဲလို့ နားမလည်ဘူး။ ဒါ ကလိမ်ကကျစ် လုပ်တာပဲလို့ နားလည်တယ်။ ဒီလို နိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့မဖြစ်ဘူး။

Ø နိုင်ငံရေး ပရိယာယ်ဆိုတာ တကယ် သေချာကြည့်လိုက်တော့ ကလိမ်ကကျစ် လုပ်တာချည်းပဲ။ ဒီ နိုင်ငံရေး ပရိယာယ်ဆိုတာလည်း အထင်မကြီးပါနှင့်။ ပရိယာယ်ဆိုတဲ့ စကားလုံးကို ကျမ မကြိုက်ဘူး။ ကိုယ့်ကို ထိပါးလာရင်လည်း ခံနိုင်ရည်ရှိရမယ်။ မှန်မှန်ကန်ကန်ပဲ လုပ်ပါ။

Ø နောက် တိုင်းပြည် ကောင်းကျိုးအတွက်ဆိုရင် ခုကနေစပြီးတော့ ကျမတို့ လက်ခံမယ့် ခေါင်းဆောင်များဟာ စကားတည်ရမယ်။ စကားမှန်ရမယ်။ အများသဘောကို လိုက်နာရမယ်။ အဲဒီလို ခေါင်းဆောင်မျိုးသာ ကျမတို့လိုချင်ပါတယ်။

Ø ဗမာလူမျိုးများဟာ လူများစုကြီး ဖြစ်နေလို့ တိုင်းရင်းသားများကို လေးစားပါ။ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို လေးစားပါ။ စိတ်ဝင်စားကြပါ။ လေ့လာကြပါ။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက်ရဲ့ ယဉ်ကျေးမှု ၊ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ယုံကြည်ချက်များကို လေ့လာနားလည်မှ ကျမတို့အချင်းချင်း တကယ့်သဘောထားတူတွေ အဖြစ်နဲ့ ရနိုင်မှာပါ။

Ø တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထု ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျမတို့သင်ထားတဲ့ ၊ သိခဲ့တဲ့ သင်ခန်းစာပါပဲ။

Ø မှန်ကန်တဲ့ နိုင်ငံရေးစနစ်မှာ ကျမတို့လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျမတို့က ဖော်ထုတ်ရမယ်။ လိုချင်တဲ့ပုံသွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့လိုချင်တဲ့ပုံ သူတို့သွင်းသွားလိမ့်မယ်။ အဓိပ္ပါယ်က ဘာဖြစ်မလည်းဆိုတော့ အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။

Ø မြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ လုံးလုံး တပါတီ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရလည်း။ ဘာဖြစ်လို့ ဒီလိုဆင်းရဲဒုက္ခတွေကို ခံခဲ့ရလည်းဆိုတာ ကျမစဉ်းစားတယ်။ တခါပြန်ပြီးတော့ စဉ်းစားရင် ပြည်သူလူထုကြီးက အချင်းချင်းမညီညွတ်လို့ဘဲ။

Ø မတရားသဖြင့် လုပ်တဲ့သူတွေကို မုန်းဖို့ဆိုတာ ကလေးလေးတွေကို သင်ထားရမယ်။ မတရားတဲ့ ကိစ္စမှန်သမျှကို ကန့်ကွက်ရမယ်။ မတရားတဲ့ ကိစ္စမှန်သမျှကို ငါတို့ အသက်ပေးပြီးတော့ ခုခံမယ်ဆိုတဲ့ စိတ်တွေကို ကလေးလူငယ်တွေထဲမှာ သွင်းထားပါ။ ကျမတို့ကိုယ်တိုင်ကလည်း ဒီလိုစိတ်တွေမွေးပါ။

Ø ဒီမိုကရေစီအပင်ကြီးဟာ ရှင်သန်လို့ရှိရင် ဒီအပွင့်တွေ အသီးတွေဟာ ကျမတို့ လူလတ်ပိုင်း ၊ လူကြီးပိုင်းတွေက ခံစားချင်မှ ခံစားရမယ်။ ဒါပေမယ့် လူငယ်ပိုင်းနဲ့ ကလေးလေးတွေ ကြီးလာလို့ရှိရင် အသီးအပွင့်တွေခံစားနိုင်ရမယ်ဆိုရင် ကျမတို့ကျေနပ်ပါတယ်။

Ø လူတစ်ယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက်ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလည်း။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲဒီတော့ တစ်ကိုယ်ကောင်း မကြံကြပါနဲ့။ အများအတွက်လုပ်ကြပါ။ အများအကျိုးဆောင်တဲ့သူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။

Ø လူငယ်များရဲ့ ဘ၀ကိုသာယာပါစေ။ လူငယ်များရဲ့ဘ၀ သာယာမှ ကျမတို့ရဲ့ တိုင်းပြည်ဟာ တိုးတက်မှာပါ။ လူငယ်များရဲ့ဘ၀ သာယာအောင် ဖန်တီးမပေးနိုင်ရင် နောက်ခေတ်အဆက်ဆက် ကျမတို့လူမျိုးများ သာယာမှုရနိုင်မှာ မဟုတ်ပါဘူး။

Ø အရင်လွတ်လပ်ရေးတိုက်ပွဲတုန်းကဆိုရင် လူမျိုးခြားတစ်ယောက်ကို တိုက်ခဲ့ရတယ်။ လူမျိုးခြားကို တိုက်ရတာထက် ကိုယ့်အချင်းချင်းပြန်ပြီး တိုက်ရတာက အင်မတန်မှ စိတ်ညစ်စရာကောင်းပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စကြီးပါ။

Ø တိုင်းပြည်တပြည်မှာ အစိုးရရယ်၊ တပ်မတော်ရယ် ၊ ပြည်သူလူထုရယ် တပေါင်းတစည်းတည်း မဖြစ်နိုင်ရင် ဘယ်နည်းနဲ့မှ တိုးတက်မှုမရှိနိုင်ပါဘူး။ ပြည်သူလူထုကိုလည်း ညှဉ်းပန်းနှိပ်စက်မယ်။ တပ်မတော်နဲ့ပြည်သူလူထုကြားမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်မယ်ဆိုရင် ဒီတိုင်းပြည်အပေါ်မှာ စေတနာ နည်းနည်းမှမရှိဘူးလို့ ကျမတို့ သတ်မှတ်ရမှာဘဲ။

Ø ပြည်သူလူထုနဲ့ တပ်မတော်ကြားမှာလည်း စိတ်ဝမ်းကွဲအောင်လို့ လုပ်နေတယ်။ ဒီလို စိတ်ဝမ်းကွဲအောင်လုပ်နေတာဟာ ပြည်သူလူထုက လုပ်နေတာမဟုတ်ဘူး။ ကျမတို့ နိုင်ငံရေးလုပ်နေကြသူတွေကလည်း လုပ်နေတာ မဟုတ်ဘူး။ တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးချင်တဲ့သူများက လုပ်နေတာဘဲဖြစ်တယ်။ အဲဒီတော့ ဒီလိုစနစ်မျိုးကို ကျမတို့အားလုံးကနေပြီးတော့ အတိုက်အခံလုပ်ရမယ်။

Ø ဒီမိုကရေစီစနစ်အောက်မှာ အများစုရဲ့ သဘောတူညီချက်အရ အနည်းစုက လုပ်ရတယ်ဆိုပေမယ့် အနည်းစုကို အများစုက အတိုက်အခံလုပ်တယ် ၊ နှိပ်စက်တယ် ၊ ညှဉ်းပမ်းတယ် ၊ အမျိုးမျိုးအနှောင့်အယှက်ပေးတယ်ဆိုတာ လုံးလုံးမရှိရဘူး။

Ø ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းကို ခန့်မှန်းချင်လို့ရှိရင် အရင်တုန်းက ဒီခေါင်းဆောင်ဟာ ဘယ်လိုလုပ်ခဲ့သလည်း။ တကယ်ပဲ သယ်ပိုးခဲ့သလား။ တိုင်းပြည်ကပဲ ဒီခေါင်းဆောင်ကို သယ်ပိုးခဲ့တာလား။ ဒီခေါင်းဆောင်က တိုင်းပြည်ကို သယ်ပိုးခဲ့တာလည်းဆိုတာဟာ အများကြီးစဉ်းစားဖို့လိုပါတယ်။

Ø အမှန်ကိုလုပ်ရတာဟာ အမှားကိုလုပ်ရတာထက် အများကြီးခက်ခဲလှပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ အမှန်လုပ်တဲ့သူကသာ အောင်မြင်မှုရမှာပါ။ အမှန်တရား လုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ် ၊ နိုင်ရင်လည်း နိုင်ရမယ်ဆိုတာ ပြောလို့ရပါတယ်။ အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်။ နိုင်ရင်လည်း ရှုံးရမယ်။

Ø ကျမတို့ ၁၉၈၈က ကျဆုံးသွားတဲ့ ကျောင်းသားလေးတွေဆိုရင် အသက်သာ ပျောက်သွားတယ်။ သူတို့ကို ဆုံးရှုံးသွားတယ်လို့ မဆိုလိုနိုင်ပါဘူး။ သူတို့ဟာ အောင်မြင်ခြင်းပဲ။ အဲဒီဟာကို စိတ်ထဲမှာစွဲထားပါ။

Ø ဒီမိုကရေစီအခွင့်အရေးလိုချင်တယ်ဆိုတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဆွဲဖြုတ်ချင်လို့မဟုတ်ပါဘူး။ ပြည်သူလူထု အများကြီးဟာ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်းကိုယ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင်လို့ဆိုတဲ့စိတ်နဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပါပဲ။ အားလုံးက ဒီအခွင့်အရေးလိုချင်ရင် အားလုံးက၀င်ပြီးတော့ လှုပ်ရှားရမှာပဲ။

Ø ကျမတို့ခေတ်မှာ ကျမတို့ကုသိုလ်ကံကြောင့်မို့လို့ ဒီတိုင်းပြည် ပြည်သူလူထုကို အကြောက်တရားကနေပြီးတော့ လွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေ ရလာတယ်။ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံပါနဲ့။ ဒီလို ပြည်ထောင်စုအသစ် တည်ထောင်ဖို့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် ကျမတို့ဟာ သမိုင်းပေးတာဝန် မကျေပွန်သူတွေအဖြစ် သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာဖြစ်မှာပါ။

Ø ကျမတိုကက ပြည်သူလူထုကိုအားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲ့ အင်အားဆိုတာကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်။ နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျမတို့ကဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်မှာလည်း အကျိုးဖြစ်စေမယ်။ ပြည်သူလူထုကလည်း စိတ်ချမ်းသာလာမယ်/

Ø ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်ရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့ရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားပါမယ်။ လူတစ်ယောက်အနေနဲ့လည်း အများကြီးဂုဏ်သိက္ခာကျပါတယ်။ အဲဒီတော့ အားလုံးက မှန်တာလုပ်ရရင်ကြောက်နေလည်းလုပ်ရမှာပါ။

Ø ဒီမိုကရေစီလိုချင်တဲ့သူများဟာ မုန်းတဲ့စိတ်နဲ့တိုက်နေတာ မဟုတ်ဘူး။ မေတ္တာစိတ်နဲ့ တိုက်နေတာပါပဲ။ ပြည်သူလူထုအပေါ်မှာ မေတ္တာရှိလို့ ၊ တိုင်းပြည်အပေါ်မှာ မေတ္တာရှိလို့ ၊ ပြည်သူလူထုခံနေရတာ ၊ တိုင်းပြည်ခံနေရတာ ၊ ပြည်ထောင်စုကြီး နစ်နာနေတာကို မကြည့်ရက်လို့ မေတ္တာစိတ်နဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀င်နေတာဖြစ်မယ်။

Ø ကျမတို့ အခု ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာတာမဟုတ်ဘူး။ တာဝန်ကို ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာပဲ။ ကျမတို့ အဖွဲ့ချုပ်အတွက်ရော ၊ လှုပ်ရှားမှုတွေထဲမှာ ပါဝင်နေကြတဲ့ ပြည်သူလူထုအတွက်ရော ၊ အဓိက စကားလုံးဟာ အာဏာမဟုတ်ပါဘူး။ တာဝန်ပါပဲ။ ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်မှာ ရှိတဲ့တာဝန်အရ ဒီလှုပ်ရှားမှုထဲမှာ အားလုံးပါဝင်နေကြတာပါပဲ။

Ø ကျမတို့ဟာ မှန်ကန်တဲ့နည်းနဲ့ ကိုယ်လိုချင်တာကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိရအောင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ရမယ်။ တခြားလူတွေကိုလည်း ဒီိလိုအရည်အချင်းတွေ ရှိအောင် ပြုစုပျိုးထောင်ပေးရမယ်။ ဒီလိုဆိုရင် ကျမတို့ဟာ အဆင့်မြင့်တဲ့ နိုင်ငံရေး လုပ်နိုင်မယ်။ အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်နိုင်မှ အဆင့်တန်းမြင့်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်။

Ø တချို့က ဒီမိုကရေစီဆိုတာ အားလုံးက ဗိုလ်ချည်းပဲလို့ ထင်တယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ အားလုံးတန်းတူရည်တူလို့ ပြောတာမဟုတ်ဘူး။ အားလုံးဟာ တန်းတူညီတူ အခွင့်ရေးရှိတယ်လို့ ပြောတာဖြစ်တယ်။ အားလုံးမှာရှိတဲ့ တန်းတူညီ အခွင့်အရေးနဲ့ အများအကျိုးဆောင်မယ့် သူတွေကို ရွေးထုတ်ပိုင်ခွင့်ဆိုတာ ရှိတယ်။ ဒါကိုပြောတာပဲ။

Ø ရပ်ကွက်ညီလာခံတွေ လုပ်တဲ့အခါ အကျင့်စာရိတ္တကောင်းတဲ့လူကို ရွေးချယ်ပါ။ ပညာအမျှော်အမြင်ရှိတဲ့လူတွေကို ရွေးချယ်ပါ။ အကျင့်စာရိတ္တနဲ့ ပညာအရည်အချင်းနှစ်ခုကြားမှာ ရွေးရမယ်ဆိုရင်တော့ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အကျင့်စာရိတ္တကောင်းတဲ့လူတွေကို ရွေးကြပါ။

Ø အစိုးရဟာ ပြည်သူလူထု ဆင်းရဲနေတဲ့အခါမှာ ဇိမ်နဲ့နေဖို့ မစဉ်းစားသင့်ဘူး။ နောက်တက်မယ့် အစိုးရဟာ အင်မတန်မှရုန်းကန်ရမယ့် အစိုးရပါ။ အဲဒီတော့ နောင်တက်မယ့် အစိုးရထဲမှာ ၀ိုင်းဝန်းပြီး ကူညီပါဝင်လိုတဲ့ သူများဟာ နေရာလိုချင်လို့မဟုတ်ဘဲ ၊ အာဏာလိုချင်လို့ မဟုတ်ဘဲ ၊ ချမ်းသာချင်လို့ မဟုတ်ဘဲ ပြည်သူ့အကျိုးကို အနစ်နာခံလိုတဲ့ လူမျိုးဖြစ်ဖို့လိုပါတယ်။

Ø သူများမှားလို့ သူများမဟုတ်တာလုပ်လို့ ကိုယ်လည်းလိုက်လုပ်မယ်ဆိုရင် ကိုယ်လည်း သူတို့နဲ့အတူ တန်းတူဖြစ်သွားမှာပဲ။ ကလေးကငိုလို့ လူကြီးကပါ လိုက်ပြီး ခြေဆောင့်ငိုရင် လူကြီးသာ သိက္ခာကျမှာပေါ့။ ကလေးကတော့ ကလေးမို့ငိုတယ်ဆိုပြီး ဘေးကနေ ခွင့်လွှတ်မှာပဲ။ လူများတွေ ဂုဏ်သိက္ခာမရှိလို့ ကိုယ်က ဂုဏ်သိက္ခာမရှိတဲ့ အလုပ်ကို လုပ်ရမယ်ဆိုတာ မဖြစ်စေရဘူး။ မဖြစ်သင့်ဘူး။ အဲဒီတော့ ကျမတို့ စည်းရုံးရေးလုပ်တဲ့အခါ ဘယ်သူ့ကိုမှ ပုတ်ခတ်တာ ၊ မမှန်ကန်တဲ့နည်းနဲ့တိုက်ခိုက်တာ မလုပ်ကြပါနဲ့။ မူတွေကိုပဲ တိုက်ခိုက်ကြရပါမယ်။

Ø ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့အခါမှ ပထမဦးဆုံး ကျမတို့လိုချင်တာက လွတ်လပ်စွာ တွေးတောပိုင်ခွင့်ပဲ။ လူကိုသာ ချုပ်ထားနိုင်မယ်။ စိတ်ကိုတော့ မချုပ်ထားနိုင်ဘူး။ ဒီလို မချုပ်ထားနိုင်တဲ့စိတ်တွေကြောင့် မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးထဲကို သတ္တိရှိရှိနဲ့ဝင်ခဲ့ပြီ။ စခဲ့ပြီ။ ဒီလှုပ်ရှားမှုကြီးကို ဆုံးခန်းတိုင်အောင် ၊ အောင်မြင်အောင် လုပ်သွားရမယ်။

Ø ဖေဖေကပြောခဲ့တယ်။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာဟာ သတ္တိတဲ့။ ခံရဲတယ်ဆိုတာလည်း အမှန်တရားအတွက် ခံရဲတာကိုပြောတာ ၊ မမှန်ကန်တဲ့ ကိစ္စအတွက် ခံရဲတာ သတ္တိမဟုတ်ဘူး။ ဒါဟာ လူမိုက်ရဲ့ထုံးပဲ။ ကျမတို့ဟာ လူမိုက်တွေ မဟုတ်ဘူး။ အင်မတန်မှ ပညာအမျှော်အမြင်ရှိတဲ့ လူထုဆိုတာ ကျမဖြစ်စေချင်တယ်။ ဒီလို အမျှော်အမြင်ရှိတဲ့ ပြည်သူလူထုကမှ ခေတ်သစ်မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်မှာပါ။

Ø ကိုယ့်တိုင်းပြည်အတွက် အသက်ကိုပေးရတယ်ဆိုတာ အင်မတန်မှ ကြည်နူးဖို့ ကောင်းပါတယ်။ အင်မတန်မှ သင့်တော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်း လူတိုင်းဟာ မိမိရဲ့တိုင်းပြည်ကို အားလုံးထက်ပိုပြီးတော့ ချစ်ရမယ်။ မိမိရဲ့ ကိုယ်ထက် ပိုပြီးချစ်ရမယ်။ မိမိရဲ့ မိသားစုထက်ပိုပြီးချစ်ရမယ်။ မိမိရဲ့ မိဘများထက်လည်း ပိုပြီးချစ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတိုင်းပြည်က ဒီမိသားစု ၊ ဒီမိဘအားလုံးကို မွေးထုတ်လိုက်တဲ့ တိုင်းပြည်ပဲ။ အားလုံးရဲ့ ကျေးဇူးရှင်ပဲဖြစ်တယ်။ ပြည်သူလူထုအားလုံးရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ဒီနိုင်ငံကို အမြဲပဲအထွတ်အမြတ်ထားရမယ်။ ဒီနိုင်ငံအတွက်ဆိုရင် ဘာပဲ စွန့်ရ ၊ စွန့်ရ စွန့်နိုင်တဲ့ သတ္တိရှိရမယ်။ လူတိုင်း လူတိုင်းအတွက် အစွန့်နိုင်ဆုံး ၊ တန်ဖိုးအရှိဆုံး အရာကတော့ မိမိရဲ့အသက်ပဲ။ အဲဒီတော့ ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးအသက်ကို စွန့်လွှတ်သွားတဲ့ ဒီမိုကရေစီရဲဘော်တွေကို ထောက်ထားသောအားဖြင့် ကျမတို့ဟာ ဒီမိုကရေစီ အောင်မြင်တဲ့အထိ ချီတက်သွားရမယ်။

Ø ဒီခေတ်က ဒီမိုကရေစီ အုတ်မြစ်ချတဲ့ခေတ်ပဲ။ အုတ်မြစ်ချပြီးတော့မှ အပေါ်က အဆောက်အအုံကြီးကို တည်ဆောက်ရမှာ။ ကျမတို့ဟာ အုတ်မြစ်ချတဲ့လူတွေဆိုတော့ ပင်ပင်ပန်းပန်းနဲ့လုပ်ပြီးတော့ တကယ့်အနှစ်သာရကို ခံစားသွားရချင်မှ ခံစားသွားရမယ်။ ကိစ္စမရှိပါဘူး။ နောင်လာနောက်သားတွေ ၊ ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကျမတို့ ချခဲ့တဲ့ အုတ်မြစ်ပေါ်မှာ ဒီမိုကရေစီနိုင်ငံကြီးကို တည်တည်တံ့တံ့ တည်ထောင်ပြီး ဒီမိုကရေစီ အခွင့်အရေးတွေကို ခံစားသွားရမယ်ဆိုရင် ကျမတို့အတွက် အများကြီး ဂုဏ်ယူစရာဖြစ်မိပါတယ်။

Ø ကျောင်းသားလူငယ်များဟာ ဘယ်လိုပဲ ဖိနှိပ်မှုတွေရှိခဲ့ ၊ ဘယ်လိုပဲ သူများတွေ ဘယ်လိုလုပ်လုပ် ၊ ဘယ်လိုပဲ သူများတွေ ညစ်ပတ်ညစ်ပတ် ၊ ဒို့တတွေကတော့ သန့်သန့်ရှင်းရှင်း ၊ စင်စင်ကြယ်ကြယ်နဲ့ တိုင်းပြည်အကျိုးဆောင်တဲ့ လူငယ်တွေ ဖြစ်အောင်နေမယ်။ နောင်တခေတ်ကျရင် တိုင်းပြည်အကျိုးဆက်ပြီးဆောင်တဲ့ လူကြီးတွေဖြစ်အောင် နေမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ထားကြပါ။

Ø ဒီတိုင်းပြည် ၊ ဒီမြေကြီးဟာ အင်မတန်မှ ချမ်းသာတယ်။ ပြည်သူလူထုက အင်မတန်မှ ဆင်းရဲနေတယ်။ ဒါ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဒီတိုင်းပြည် ဒီမြေကြီးဟာ ဒီလောက်တောင်မှ ချမ်းသာနေရင် မှန်မှန်ကန်ကန်လမ်းနဲ့ ပြည်သူလူထုအတွက် အကျိုးဆောင်သွားမယ့် အစိုးရများဟာ ပြည်သူလူထုကိုလည်း ချမ်းသာအောင် လုပ်ပေးနိုင်ရမယ်။

Ø အများပြည်သူလူထု စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်။ ဒီလောက်တောင်မှ ကိုယ့်ဘေးက လူအများ ဆင်းရဲဒုက္ခရောက်နေလျက်သားနဲ့ ကိုယ်က စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်တယ်ဆိုတာ ကိုယ့်မှာ လူ့နှလုံးသားမရှလို့ပဲလို့ သတ်မှတ်ရပါမယ်။ ကိုယ်တစ်ယောက်ထဲ ၊ ကိုယ့်မိသားစု ၊ ကိုယ့်အသိုင်းအ၀ိုင်းပဲ စိတ်ချမ်းသာရင် တော်ပြီလို့ဆိုတဲ့သူများဟာ လူမဆန်ပါဘူး။

Ø ကျမဟာ တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ လုံးလုံးစိတ်ဝမ်း မကွဲစေချင်ဘူး။ အခုအချိန်မှာ တပ်မတော်ဟာ ဖေဖေဖြစ်စေချင်တဲ့ ပြည်သူကိုကာကွယ်မယ့် ပြည်သူကိုစောင့်ရှောက်မယ့် ၊ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းမယ့် တပ်မတော်ကြီးရယ်လို့ဖြစ်စေချင်တယ်။ မဖြစ်တာကိုတော့ ကျမ၀မ်းနည်းတယ်။ ဒီလို တပ်မတော်ကြီးပဲ ပြန်ပြီးတော့ ဖြစ်သွားစေချင်တယ်။

Ø ဖေဖေ အမြဲပဲမှာခဲ့တယ်။ ကလေးတွေကို ဘာကိုမှမကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ နှစ်ခုပဲရှိတယ်။ မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲရှိပါတယ်တဲ့။ အဲဒီတော့ ကျမတို့ရဲ့ မိဘပြည်သူများကိုလည်း အဲဒီလိုပဲနားလည်စေချင်ပါတယ်။

Ø ကျမတို့ လူမျိုးတွေကို သစ္စာရှိတဲ့ လူမျိုးဖြစ်စေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တဲ့ နေရာမှာတောင်မှ မြင့်မြင့်မြတ်မြတ် တိုက်ခိုက်တဲ့နည်းများနဲ့ တိုက်ခိုက်နိုင်ပါတယ်။ ရန်သူဆိုတာ မြင့်မြတ်တဲ့ရန်သူနဲ့ ယုတ်မာတဲ့ရန်သူ ၂မျိုး ရှိပါတယ်။ မြင့်မြတ်တဲ့ရန်သူဆိုတာ ယုတ်မာတဲ့မိတ်ဆွေထက် အများကြီးပိုပြီးတော့ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျမတို့ဟာ ရန်သူဖြစ်နေတဲ့ သူတွေပေါ်မှာလည်း မြင့်မြတ်တဲ့စိတ်ထားရှိရမယ်။

Ø နောင် တိုင်းပြည်ခေါင်းဆောင်များဖြစ်မယ့် လူငယ်များဟာ အခုကနေစပြီးတော့ ကိုယ်မှားသလား ၊ မှန်သလားဆိုတာ သုံးသပ်ရဲတဲ့ သတ္တိလည်းရှိရမယ်။ မှားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ပြုပြင်နိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်။ ဒီလို ကျမတို့တိုင်းပြည်မှ လူငယ်များဟာ ကိုယ့်ကိုယ်ကိုယ် မှားလို့ရှိရင် သုံးသပ်နိုင်မယ် ၊ ၀န်ခံနိုင်မယ် ၊ မမှားအောင် ပြုပြင်နိုင်မယ်ဆိုရင် နှစ်ဆယ့်ခြောက်နှစ်အတွင်းက ပျက်စီးခဲ့တဲ့ ကိစ္စမှန်သမျှကို ကျမတို့ပြန်ပြီးတော့ ပြင်သွားနိုင်မှာ ဖြစ်ပါတယ်။

Ø အခု ဒီမိုကရေစီလိုချင်တဲ့ စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ်ပဲ စီးဆင်းနေပါတယ်။ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျမတို့ အဖွဲ့ချုပ်ဟာ ဒီမြစ်ရေတွေကို မှန်ကန်တဲ့လမ်းကနေပြီးတော့ သွားနိုင်အောင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ်မဖြစ်နိုင်အောင်ဆိုတဲ့ တာဝန်တွေရှိပါတယ်။ ပြည်သူလူထုရဲ့ အင်မတန်မှ တက်ကြွတဲ့ စိတ်ဆန္ဒတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှုထဲမှာ ညီညွတ်မှုနဲ့ထပ်တူ အရေးကြီးတာကတော့ စည်းကမ်းရှိမှုပဲလို့ ကျမတို့ အတန်တန်ပြောနေတာဖြစ်ပါတယ်။

Ø အခုတိုက်ပွဲဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း တိုက်ပွဲသဘောမျိုးဖြစ်မယ်လို့ အင်မတန်မှ ရင်နာစရာကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီအတွက် လှုပ်ရှားတယ်ဆိုတာ အမှန်တရားကို အောင်မြင်စေချင်လို့။ အများအကျိုးအတွက် ဖြစ်စေချင်လို့ လှုပ်ရှားတာပဲ။ ကိုယ်ကျိုးအမြတ်ထွက်ချင်လို့လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း မဆုံးရှုံးမနစ်နာစေချင်ဘူး။ အဲဒီတော့ အမှန်တရားကို အောင်မြင်စေချင်တဲ့ စိတ်စေတနာ သန့်သန့်နဲ့ ကျမတို့အားလုံးဆက်လုပ်သွားဖို့ လိုပါတယ်။

Ø မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ချမ်းသာနေရတာဟာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ မရှက်သင့်တဲ့နေရာမှာ ရှက်နေကြပါတယ်။ တောင်သူလယ်သမား ကျေးလက်လူထုက ထမင်းနှစ်နပ်ကို အနိုင်နိုင်စားနေရချိန်မှာ တချို့က ငါးနပ်ခြောက်နပ်စားနေတာ ရှက်စရာပါ။ တကယ် အကျင့်စာရိတ္တကောင်းပြီး စိတ်သဘောထား မြင့်မြတ်တဲ့လူများအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မိမိချမ်းသာဖို့ကြိုးစားရတာဟာ ရှက်စရာ ဘယ်လောက်ကောင်းမလည်းလို့ တွေးထင်ကြမှာပါ။

Ø နေရာလိုချင်တယ်ဆိုတာ ကိုယ့်တစ်ယောက်ထဲအတွက်ပါ။ နေရာပေးချင်တယ်ဆိုတာ အများအကျိုးအတွက်ပါ။ အဲဒီတော့ နေရာမလိုချင်ကြပါနဲ့။ နေရာပေးချင်ကြပါ။ အရည်အချင်းရှိပြီး အကျင့်စာရိတ္တကောင်းတဲ့သူတွေကို နေရာပေးကြပါ။

Ø မိဘတွေက ဒီမိုကရေစီလှုပ်ရှားမှုတွေထဲမှာပါတဲ့လူငယ်တွေကို ဟန့်တားနေကြတယ်လို့ သိရပါတယ်။ မဟန့်တားကြပါနဲ့။ ကိုယ်ကြောက်လို့ ကိုယ့်သားသမီးတွေကိုပါ ကြောက်ဖို့သင်ပေးတယ်ဆိုရင် သိပ်ပြီးဆိုးတာပေါ့။

Ø ခေါမခေတ်က စပါတာနိုင်ငံမှာ ပြောလေ့ရှိတယ်။ စစ်တိုက်သွားဖို့ ဒိုင်းကိုင်ပြီး ထွက်သွားတဲ့အခါ အိမ်ကနေ အမေတွေ အမတွေက အမြဲမှာလိုက်တယ်။ ဒိုင်းကိုကိုင်ပြီးတော့ ပြန်လာရင်လာ ၊ ဒိုင်းပေါ်အိပ်ပြီးတော့ ပြန်လာရင်လာ ၊ သေပြီးတော့ ပြန်လာရင်လာ ၊ ဒါမှမဟုတ် စစ်ကိုနိုင်ပြီးတော့ ပြန်လာရင်လာ ၊ စစ်ရှုံးပြီးတော့ ပြန်မလာပါနဲ့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာပါပဲ။ ကျမတို့လည်း အဲဒီလိုစိတ်မျိုးထားရပါ့မယ်။

Ø ကျမတို့ဟာ နောင်ဒီမိုကရေစီပြည်ထောင်စုသစ် ထူထောင်ရေးအတွက်ကို ပင်လုံညီလာခံလို တိုင်းရင်းသားလူမျိုးအားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ခုခေါ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီညီလာခံကနေပြီးတော့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးများစုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ၊ ကိုယ်ပိုင်ပြဌာန်းချက်များ စတဲ့ကိစ္စတွေကို သေသေချာချာ ဆွေးနွေးပြီးတော့ အားလုံးရဲ့ သဘောတူညီချက်အရ အကောင်းဆုံးအဖြေကို ရှာမယ်ဆိုတဲ့ ရညရွယ်ချက်ရှိပါတယ။်

Ø မြန်မာနိုင်ငံမှာ နှစ်ပေါင်းလေးဆယ်ကျော် လက်နက်ကိုင်နည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှာခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိ မရသေးပါဘူး။ ဒါကြောင့်မို့ ကျမတို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံရေးနည်းနဲ့ ရှာရမယ်လို့ ယုံကြည်ပါတယ်။

Ø ကျမတို့ဟာ အနိုင်ယူချင်ရင် အနိုင်ယူနိုင်တဲ့စိတ်တွေမွေးရပါမယ်။

Ø ဆယ့်ရှစ်ရက် စက်တင်ဘာလမှာ စစ်အစိုးရကနေပြီးတော့ အာဏာအရပ်ရပ်ကို သိမ်းပြီးတဲ့နောက် တိုက်ပွဲပုံစံပြောင်းရမယ်လို့ ယုံကြည်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့ခဲ့တာဖြစ်ပါတယ်။

Ø ဘယ်စနစ်မျိုးကိုမဆို အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းလည်း ရှိရမယ်။ နောက်လိုက်ကောင်းလည်း ရှိရမယ်။ အဲဒီတော့ နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းဟာ ဘာလည်းဆိုရင် အရေးအကြီးဆုံးကတော့ ခေါင်းဆောင်ကောင်းများ ဖော်ထုတ်နိုင်တဲ့ အရည်အချင်းရှိရမယ်။

Ø လူတစ်ယောက်ရဲ့ တန်ဖိုးကို ဒီလူရဲ့အသက်ကို ကြည့်ပြီးတော့ မဆုံးဖြတ်နိုင်ပါဘူး။ ဒါကြောင့် ကျမတို့ဟာ လူတိုင်းလူတိုင်းရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန်ဝေဖန် ပြီးတော့ ပေးသင့်ပေးထိုက်တဲ့ နေရာကိုပေးကြပါ။

Ø ဒီအဖွဲ့ချုပ်ကြီးကို ဖျက်သိမ်းပေးမှ အမျိုးသားရေးဖြစ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်မယ်ဆိုရင် ကျမတို့ဖျက်သိမ်းပေးဖို့အသင့်ပါပဲ။ ဒီအဖွဲ့ချုပ်က ရှေ့ကနေပေးမှ ၊ ကာကွယ်ပေးမှ ဒီလှုပ်ရှားမှုကြီးဟာ အောင်မြင်မယ်ဆိုရင်လည်း ကျမတို့ရှေ့ကနေပြီးတော့ ကာကွယ်ပေးပါ့မယ်။

Ø ကျောင်းသားသမဂ္ဂဆိုတာ နိုင်ငံရေးပါတီအရှိန်နဲ့လည်း ကင်းဝေးရမယ်။ ပါတီသြဇာနဲ့အာဏာနဲ့လည်း ကင်းဝေးရမယ်။ ကျောင်းသားသမဂ္ဂတစ်ခု ထူထောင်ပေးပြီးတော့ နိုင်ငံရေးမလုပ်ရဘူးဆိုတာ စစ်မှန်တဲ့သမဂ္ဂတစ်ခု ဖြစ်မှာမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂဆိုတာ ဒီမိုကရေစီရမှ ၊ ကျောင်းတွေအားလုံးဖွင့်မှ ကျောင်းသားအားလုံးရဲ့ သဘောတူညီချက်ဆန္ဒအရတင်မြှောက်ထားတဲ့ သမဂ္ဂမှ ဖြစ်နိုင်မှာပါ။

Ø အောင်ဆန်းလမ်းစဉ်ဆိုတာ နိုင်ငံအတွက် အကောင်းဆုံးလမ်းစဉ်ပါပဲ။ လမ်းစဉ်တစ်ခုရယ်လို့ မဟုတ်ဘူး။ နိုင်ငံအတွက် အကောင်းဆုံးလမ်းစဉ်။ ဒီလမ်းစဉ်ဟာ ကျမတို့ တချိန်လုံး အဖြေရှာနေရမယ်။ ဒီနှစ်တွက် ကောင်းတဲ့လမ်းစဉ်ဟာ နောင်နှစ်အတွက် ကောင်းတဲ့လမ်းစဉ် ဖြစ်ချင်မှဖြစ်မယ်။ နောင်နှစ်အတွက် ကောင်းတဲ့လမ်းစဉ်ဟာ နောင်ဆယ်နှစ်ကြာရင် ကောင်းတဲ့လမ်းစဉ်ဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့် ဒီလမ်းစဉ်တွေအားလုံးမှာ တူညီတဲ့ သဘောတစ်ခုရှိတယ်။ လမ်းစဉ်တိုင်း ၊ လမ်းစဉ်တိုင်းဟာ နိုင်ငံအကျိုးအတွက် ၊ အများပြည်သူ အကျိုးအတွက်ဦးတည်ပြီးတော့ ခင်းလိုက်တဲ့လမ်းစဉ်ဟာ အောင်ဆန်းလမ်းစဉ်ပါပဲ။

Ø ပြည်သူလူထုက စောင့်ကြည့်မယ်လို့ပြောရင် ကျမက မေးချင်ပါတယ်။ ဘာကို စောင့်ကြည့်မှာလည်း။ သူများတွေလုပ်သွားပြီးတော့ ဒီမိုကရေစီရတဲ့အထိ စောင့်ကြည့်မှာလား။ ကျမတို့စောင့်လို့မဖြစ်ပါဘူး။ အဲဒီတော့အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ကြပါ။

Ø ပြည်ထောင်စုတစ်ခု ထူထောင်ဖို့ဆိုတာ ဗမာတွေရဲ့ ဂတိအပေါ်မှာ မမူတည်ပါဘူး။ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး တယောက်ပေါ်တယောက် သစ္စာရှိမှုအပေါ်မှာ မူတည်ပါတယ်။

Ø မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ဆိုတာ ပြည်ပမှာပဲ ဒီမိုကရေစီရလို့မဖြစ်ဘူး။ ပြည်နယ်တစ်ချို့မှာပဲ ဒီမိုကရေစီရရုံနဲ့လည်းမဖြစ်ဘူး။ မြန်မာနိုင်ငံ တ၀ှမ်းလုံးမှာ ဒီမိုကရေစီရမှ ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်နိုင်မှာပါ။

Ø ကျောင်းသားလူငယ်များ နယ်စပ်ရောက်သွားရတဲ့ ကိစ္စ ၊ လက်နက်ကိုင်ပြီး ဒီစနစ်ကို တိုက်ခိုက်ချင်တယ်ဆိုတဲ့ ကိစ္စများဟာ လက်ရှိအစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ အရင်နှစ်က ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပြီး ပြည်သူလူထုကို ဒီမိုကရေစီလှုပ်ရှားမှုကို နှိမ်နင်းခဲ့တဲ့ ကိစ္စများရဲ့ အကျိုးဆက်ပဲ။

Ø နိုင်ငံရေးအလုပ်လုပ်တဲ့အခါမှာ ပြည်သူလူထုနဲ့ ကျမတို့ဟာ တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်း ဆက်ဆံချင်ပါတယ်။

Ø ရွေးကောက်ပွဲမှာ လွတ်လပ်ဖို့ ၊ တရားမျှတဖို့ဆိုရာမှာ ပြည်သူလထူက လူ့အခွင့်အရေးများရဖို့ လိုပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ၊ လွတ်လပ်စွာစုရုံးပိုင်ခွင့် ၊ လွတ်လပ်စွာရေးသားပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ရဖို့လိုပါတယ်။ ဒီလိုအခွင့်အရေးတွေ မရဘဲနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်ဆိုတာ နည်းနည်းမှ အဓိပ္ပါယ်မရှိပါဘူး။

Read More...

အကြောက်တရား

ကျမကလည်း ပြည်သူလူထုထဲက သာမန်ပြည်သူပါပဲ။ အဲဒီအတွက် ပြည်သူလူထုရဲ့ စိတ်ထားကို ကောင်းကောင်းနားလည်ပါတယ်။ ပြည်သူလူထုရင်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်တစ်ခုက အကြောက်တရားပါ။ အမှန်အတိုင်းပြောရရင်တော့ မြန်မာနိုင်ငံက ဘုရင်တွေလက်ထက်ကတည်းက ဘုရင်စနစ် ၊ ပြည်သူကို တန်းတူပေးသော အခွင့်အရေး မရှိခဲ့တဲ့အတွက် လူတွေစိတ်မှာက အရိုးစွဲနေကြတယ်။ ပြည်သူလူထုက အမှန် ၊ အမှား ၊ တရားခြင်း ၊ မတရားခြင်းကိုတော့ သေသေချာချာ ခွဲခြားနိုင်ပြီး သုံးသပ်နိုင်ကြတယ်။ ဒါပေမယ့် အဲဒီမှာတင် ရပ်သွားတယ်။ ရှေ့ဆက်မတိုးတော့ဘူး။ လမ်းမဆုံးခင် သူတို့ခရီးရပ်သွားတယ်လို့ ဆိုရမှာပေါ့။ ပြည်သူရင်ထဲမှာက “ဒီအခွင့်အရေးကို ရအောင် မဖြစ်မနေ ငါတို့အားလုံး ညီညွတ်စွာထမ်းဆောင်ရမယ်”ဆိုသောစိတ်ထားက ကင်းဝေးနေကြပါတယ်။ ဘာတွေက သူတို့ကို စိတ်ဓါတ်မတင်းမာစေလည်း။ အဓိက အကြောင်းရင်းကတော့ အရိုးစွဲနေတဲ့ အကြောက်တရားပါ။ မြို့နယ်တစ်ခုမှာ အမှန်အတိုင်း လုပ်ရဲ ကိုင်ရဲတဲ့သူဆိုတာ လက်တစ်ဖက်စာလောက်ပဲရှိမှာပါ။ မြန်မာပြည်သူလူထုကို ဘယ်ဘက်မှ မလှုပ်နိုင်အောင် စစ်အာဏာရှင်က ဖမ်းဆီးချုပ်ကိုင်ထားတယ်။ အဲဒီထဲမှာ အားလုံးကလည်း ပုံစံခွက်ထဲဝင်နေတာများတယ်။ ရင်ထဲမှာတော့ အမှန်တရားရှိတယ်။ လက်တွေ့ပူးပေါင်းဖို့အတွက် အားနည်းနေကြတယ်။ ဒါဟာ သူတို့ကို အကုန်အပြစ်တင်ခွင့်လည်း မရှိပါဘူး။ ခေတ်အဆက်ဆက်နေခဲ့ကြတဲ့ စနစ်ကိုက အကြောက်တရားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့အတွက် ပြည်သူရင်ထဲမှာ အကြောက်တရားက စိုးမိုးနေကြတာပါ။

အဲဒီအတွက် ထိပ်ပိုင်းအဖွဲ့အစည်းနဲ့ တကယ်လုပ်နေသူတွေက ဘာထမ်းဆောင်ရမလည်း။ ပြည်သူတွေကို သူတို့လိုက်နိုင်သလောက် အတိုင်းတာကနေ ဖြေးဖြေးချင်း ဆွဲခေါ်သွားရမှာပဲ။ လူထုအင်အားဆိုတာ တိုင်းပြည်အတွက် သိပ်အရေးကြီးပါတယ်။ ၀ုန်းဒိုင်းကြီး လာခဲ့ဆိုပြီး သွားဆွဲခေါ်လို့လည်းမရပါဘူး။ အများစုက မိမိတစ်ယောက်မှန်တာလုပ်ရင် ဆွေမျိုးအသိုင်းဝိုင်း မိသားစုတစ်ခုလုံး ဒုက္ခရောက်ကြရမှာကို ပူပန်စိုးရိမ်နေရတယ်လေ။ သူတို့အားလုံးရှေ့မှာ ပေးဆပ်စွန့်လွှတ်ပြရမယ့် သာဓကတွေ အများကြီးရှိနေရပါ့မယ်။ စစ်အာဏာရှင်က ပြည်သူလူထု ၁သိန်းလောက်ကို ထောင်ထဲဆွဲသွင်းလို့ မရပါဘူး။ အကုန်လုံးကို အခုချိန်မှာ ပစ်သတ်လို့လည်း မရပါဘူး။ အဓိကက တစ်ယောက်တည်းမဟုတ်ဘဲ အချင်းချင်းဆွေးနွေး တိုင်ပင်ပြီး တက်ညီလက်ညီ ဖြေးဖြေးချင်း အတူတူဆင်နွှဲကြဖို့ပါ။ ပြည်သူရင်ထဲက အကြောက်တရားတွေကို အားမာန်အဖြစ် ပြောင်းလဲပေးနိုင်ဖို့အတွက်က အရှေ့ကလမ်းပြပေးမယ့်သူတွေအပြင် စကားဝိုင်းတွေလည်း လိုအပ်ပါတယ်။ မြန်မာပြည်မှာက နိုင်ငံရေးနဲ့ပတ်သတ် အထောက်အထားတစ်ခုရှိရင်တောင် ပြဿနာရှာနေတော့ အစစအရာရာကလည်း အမြဲသတိထားနေရမှာပါပဲ။ “အသားထဲက လောက်ထွက်”ဆိုသော လူတွေကြောင့်လည်း လူဆိုး လူကောင်း မခွဲခြားနိုင်မှာကိုလည်း ပြည်သူလူထုက စိုးရိမ်နေကြတာပါ။

Read More...