Tuesday, February 17, 2009

ချစ်သူများနေ့ ဒိုင်ယာရီ


(Photo : http://sexyinvancity.com/wp-content/uploads/2008/02/ist2_2463420_couple_in_love_mchipster220.jpg )

ချစ်တတ်သူများအားလုံးအတွက် နှစ်စဉ်ရောက်ရှိလာတတ်တဲ့ “ချစ်သူများနေ့” ..။ ဖေဖော်ဝါရီ (၁၄)ရက် မတိုင်ခင်ကတည်းက လက်ဆောင်ပစ္စည်းဆိုင်တွေမှာ ခြေလိမ်နေကြတဲ့ ကောင်လေး ၊ ကောင်မလေးတွေရဲ့ မျက်နှာပေါ်က ရွေးချယ်မှုအပျော်တွေဟာ ကျွန်မရင်ထဲကို နှစ်စဉ်ချိုမြစွာ ကူးစက်လာလေ့ရှိတယ်။ အမြဲတမ်း ပစ္စည်းလှလှလေးတွေကို သေချာရွေးချယ်ပေးနေတဲ့စိတ်ကူးအချို့က ကျွန်မရင်ထဲမှာ ဒီနှစ် အရောင်တစ်မျိုး ပြောင်းလဲသွားခဲ့တယ်။ တစ်အိမ်ထဲအတူနေရပြီဖြစ်တဲ့ “သူ”မသိအောင် ကိုယ်ပေးချင်တာလေး တိုးတိုးတိတ်တိတ်သွားဝယ်ရတာလည်း နည်းနည်းတော့ရီရပါတယ်။ ကြိုမသိစေချင်တဲ့စိတ်က တော်တော်လေး ဟန်ဆောင်ပေးခဲ့ရတယ်။


ချိုမြလှပတဲ့ “ချစ်သူများနေ့”မှာ နှစ်ယောက်တစ်ဘ၀ တည်ဆောက်ထားပြီဖြစ်တဲ့ ဒီမေတ္တာဘ၀အိမ်ကလေး ပိုမိုအသက်ဝင်သွားအောင် ဒီနှစ်မှာ ဆင်တူပစ္စည်းလေးတွေပဲ ကျွန်မရွေးချယ်ဖြစ်ခဲ့တယ်။


Precious Thots ဆိုင်က တွေ့လိုက်ရတဲ့ လက်ကိုင်ဖုန်းထည့်တဲ့ ဒီပစ္စည်းလေးကို သဘောကျတာနဲ့ ၂၀၀၉ခုနှစ် ချစ်သူများနေ့အတွက် တစ်စုံ ရွေးချယ်ပေးဖြစ်ခဲ့တယ်။


တစ်ခါမှ ဆင်တူ မ၀တ်ဖြစ်ခဲ့တာကို တွေးမိရင်း ဒီနှစ်အတွက် တီရှပ်ဆင်တူလေးကို အချိန်ပေးပြီး တော်တော်ရှာယူခဲ့ရတယ်။ ကျွန်မသွားရှာတဲ့အချိန်မှာ အတွဲတွေလက်သွက်ကြတာကြောင့် ကျွန်မသိတဲ့ဆိုင်တွေမှာ တီရှပ်တော်တော်များများ ကုန်နေခဲ့တယ်။ ဆိုင်ရှင်အမကြီးတွေက ကျွန်မကို ချစ်သူများနေ့မတိုင်ခင် (၁)ပတ် (၂)ပတ်အလိုလောက်လာဖို့ နောက်နှစ်အတွက် အကြံပေးလိုက်သေးတယ်။ စိတ်မလျှော့ဘဲ နေရာအနှံ့လျှောက်ရှာရင်း နောက်ဆုံးတော့ ဒီတီရှပ်လေး (၂)ထည်တွေ့လိုက်ရလို့ အရမ်းဝမ်းသာခဲ့မိပါတယ်။ လိုချင်တဲ့ အဖြူရောင်လည်းမရှိတော့ဘဲ (၂)စုံဘဲ ကျန်တော့တာမို့ ရှိတာကိုဘဲ ဝေးဝေးလံလံ မစဉ်းစားတော့ဘဲ ရွေးချယ်လိုက်ရပါတော့တယ်။


လက်ဆောင်ပစ္စည်းအရုပ်တွေက ကျွန်မတို့အိမ်မှာ တော်တော်များနေတာမို့ “အရုပ်ပေးခြင်း” အစီအစဉ်ကို နှစ်ယောက်ကြားမှာ သဘောတူညီစွာနဲ့ ရပ်တန့်ထားရတယ်။ ကျွန်မ သူ့ကို တစ်ခါမှ အင်္ကျီမ၀ယ်ပေးဖူးတာမို့ ဒီနှစ်အတွက် သူ့မှာ သိပ်မများတဲ့ အရောင်ကို ရှာဖွေပြီး ကျွန်မနှစ်သက်တဲ့ ဒီဇိုင်းကို ရွေးချယ်ဖြစ်ခဲ့တယ်။ “ချစ်ခြင်း”ကို ပိုအဓိပ္ပာယ်ဖော်ဆောင်တဲ့ “ချောကလက်”လေးတစ်ဘူးကို ထပ်မံဖြည့်စွက်လိုက်ပြီး ချစ်သူများနေ့အတွက် ကျွန်မလက်ဆောင်က ဒီလောက်ပါပဲ .. ။


သူ့ထံက ကျွန်မရလိုက်တဲ့ လက်ဆောင်က သတင်းစာထဲမှာ ကြေငြာကတည်းက ကျွန်မလိုချင်နေခဲ့တဲ့ နာရီလေးပါပဲ .. ။ “ချစ်သူများနေ့”အတွက် အထူးသေချာလှလှပပလေး ထုတ်လုပ်ကြေငြာရောင်းချနေတဲ့ ဒီနာရီလေးကို ရလိုက်တဲ့အတွက် စိတ်ကျေနပ်မိတယ်။ နာရီပတ်လေ့မရှိတဲ့ ကျွန်မအကျင့်က လိုချင်တဲ့ နာရီလေးကို ရလိုက်တော့ အခု နေ့တိုင်း နာရီပတ်တဲ့အကျင့် ပြန်ပြောင်းသွားပါပြီ .. ။


မရှိမဖြစ် “နှင်းဆီပွင့်လေး”က အခုထိ မနွမ်းခြောက်ဘဲ ကျွန်မစားပွဲပေါ်မှာ လှပဖူးပွင့်နေဆဲ .. ။ ကျွန်မ မေ့သွားတဲ့ “ကဒ်”ကလေးကို သူက မမေ့မလျော့ ပေးလို့ “ဆောရီး”ပြောဖြစ်ခဲ့သေးတယ်။ တူညီတဲ့ ချောကလက်ဘူးကလေး တွေ့လိုက်ရလို့ အတူရီမောခဲ့မိပါသေးရဲ့ .. ။


အမှတ်တရလေးတွေ ဖလှယ်ပြီးချိန် .. နှစ်ယောက်လုံးအတူကြည့်ချင်တဲ့ The Curious Case of Benjamin Button ရုပ်ရှင်သွားကြည့်ဖြစ်ခဲ့တယ်။ အပြင်မှာ တကယ်မဖြစ်နိုင်ပေမယ့် ရုပ်ရှင်သဘောအရ ကြည့်လို့ကောင်းတဲ့ ထူးခြားဖွယ် အချစ်ရုပ်ရှင်ကားတစ်ခုပါပဲ။

ချစ်သူများနေ့မှာ Singapore Flyer ကို ကျွန်မတို့သွားခဲ့ပေမယ့် Full Car Park အခြေအနေကြောင့် လူမများနိုင်သော Fort Canning Park ဘက်မှာပဲ ခဏလမ်းသွားလျှောက်ဖြစ်ခဲ့တယ်။ ဒီလိုနေ့ရက်တွေမှာ နေရာတိုင်း လူတွေအမြဲတိုးကျပ်နေတာကြောင့် ရက်ပြောင်းကျင်းပရမှာလားတောင် စဉ်းစားမိပါတယ်။


လမ်းလျှောက်ပြီး ပြန်လာချိန်မှာ Esplanade ဘက် ကားမပြည့်တာကြောင့် လှည့်ဝင်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် Esplanade အပြင်ဘက်မှာ ရှိုးပွဲဆိုနေတာ တွေ့ရတာနဲ့ အတူဝင်ရောက်နားထောင်ခဲ့တယ်။ Singapore Idol မှ အဆိုတော်အမျိုးသမီးတစ်ယောက် သီဆိုနေတာကို နားထောင်ရင်း အားလုံးပြီးမှပဲ ပြန်လာဖြစ်ခဲ့ပါတယ်။

ရောင်စုံဘောလုံးတွေ ၊ ပန်းပွင့်လေးတွေ ၊ လက်ဆောင်ပစ္စည်းလေးတွေ ကိုင်ဆောင်ရင်း ပျော်ရွှင်စွာ သွားလာနေကြတဲ့ စုံတွဲတွေအားလုံးကိုကြည့်ရင်း ကျွန်မတို့လူတွေအားလုံး “အချစ်”နဲ့ပတ်သတ်ရင် ကျွန်မအပါအ၀င် အားလုံး တော်တော်ရူးသွပ်ကြပါလား စဉ်းစားမိပါတယ်။ အရင်နှစ်တွေ ချစ်သူများနေ့ ကျွန်မ အပြင်မှာ ပျော်ရွှင်စွာ သွားလာနေချိန် အိမ်ပြန်နောက်မကျဖို့ အမြန်သွားလာခဲ့ရတာတွေ ပြန်စဉ်းစားရင်း နှစ်ယောက်သဘောတကျရီခဲ့ရသေးတယ်။ တကယ်တော့ .. ရင်ခုန်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာဖလှယ်မှုလေးတွေ လိုအပ်သလို ဘ၀မှာ တကယ်ဖြစ်ပျက်လာမယ့် လက်တွေ့အခက်အခဲတွေကို “မေတ္တာ”အပြည့်နဲ့ အဆင်ပြေပြေ ပျော်ရွှင်စွာ ရင်ဆိုင်ကျော်ဖြတ်ရင်း ချစ်ခြင်းမေတ္တာတွေ ခိုင်မြဲဖို့ကလည်း သိပ်အရေးကြီးတယ်ဆိုတာ ချစ်သူစုံတွဲတွေအားလုံး မမေ့ဖို့တော့ အမြဲလိုအပ်လျက်………. ။

Read More...

Sunday, February 15, 2009

Kuala Lumpur ခေတ္တခရီး


Kuala Lumpur ကို အလုပ်ကိစ္စကြောင့် ခေတ္တရောက်သွားဖြစ်ခဲ့တယ်။ “သူ”အတွက်တော့ အလုပ်ကိစ္စ။ ကျွန်မအတွက်တော့ လျှောက်သွားချင်လို့ “သူ”ခေါ်ရာနောက် သွားဖြစ်ခဲ့သော ခရီး။ အမြဲတမ်း လျင်မြန်သွက်လက်စွာ ၊ တိုးကျိတ်စွာ လှုပ်ရှားနေရတဲ့ ခြင်္သေ့ကျွန်းကနေ ခေတ္တထွက်ခွာရမယ်ဆို တစ်ခါမှ ကျွန်မ မနှေးကွေးခဲ့။ KL မှာ တည်းခိုရာနေရာနဲ့ မနီးမဝေးလောက်ပဲ ကျွန်မလမ်းလျှောက်ရင်း လေ့လာဖြစ်ခဲ့တယ်။ မလေးရှားမှာ အနည်းငယ်ဈေးသက်သာရန်ထင်ထားတာတွေက KL City Centre ရောက်တဲ့နေ့ကတည်းက လန့်သွားခဲ့ရတယ်။ ကားငှားခတွေ စင်္ကာပူထက် ပိုဈေးကြီးတာ ၊ Food Court လိုနေရာမျိုးမှာ အစားအသောက်တွေ ပိုဈေးကြီးတာ သိရရင်း လန့်သွားရတယ်။ စာပြန်ရေးဖို့ လက်က နှေးနေတာကြောင့် အရေးအသားပြန်လည်အစပျိုးတဲ့အနေနဲ့ လျှောက်ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေပဲ ဖော်ပြပေးလိုက်ပါတယ်ရှင်။



Petronas Twin Towers ကို ပန်းခြံလေးထဲက လှမ်းရိုက်ထားတဲ့ပုံပါ။







Twin Towers ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းကို ရိုက်ထားတာပါ။ အပေါ်ကိုတက်ဖို့ Free Ticket ကြိုယူရပါတယ်။ တန်းစီတာ ၊ စစ်ဆေးတာနဲ့ အချိန်နည်းနည်းပေးပြီး သွားခဲ့ရသော နေရာပါ။ ကျွန်မတို့ နေခဲ့တဲ့ ဟိုတယ်က Twin Towers ဘေးနားလေးဖြစ်လို့ သွားဖြစ်ခဲ့တာပါ။ တကူးတကဆိုရင် အချိန်သိပ်မရတာကြောင့် အဝေးကြီးသွားဖြစ်မယ်မထင်ဘူး။


ဒီဥပုံကြီးက စိတ်ဝင်စားဖို့ကောင်းတာနဲ့ ရိုက်ဖြစ်ခဲ့တယ်။ နှစ်ပေါင်းဒီလောက်ကြာတဲ့ ဥကြီးကို တွေ့ဖူးလိုက်ရတာပေါ့။






မနက်ခင်းနိးလာတိုင်း အခန်းထဲကနေ ကြည့်လိုက်ရင် ဒီပန်းခြံကြီးကို မြင်ရလို့ စိတ်ကြည်လင်အေးချမ်းမှုရမိတယ်။ မနက်စာ စားပြီးတာနဲ့ ပန်းခြံထဲမှာ လမ်းလျှောက်ရင်း စင်္ကာပူလို လူတွေ အမြဲမတိုးကျိတ်နေတာကို သဘောကျမိပါတယ်။ အေးချမ်းစွာနဲ့ စာအုပ်တစ်အုပ် ၊ ရေတစ်ပုလင်း ဘေးနားချပြီး စာသေချာဖတ်ရတဲ့အရသာကို လွမ်းမိနေဆဲပဲ .. ။


ရေကူးကန်ဆိုတာ ရေကူးတတ်သူတွေအတွက်တော့ အပန်းဖြေစရာဆိုပေမယ့် ကျွန်မလို ရေမကူးတတ်သူအတွက်တော့ ရေထဲဆင်းပြီး ဟိုလျှောက်ဒီလျှောက် ၊ ရေကူးကန်ဘေးနားမှာ စာထိုင်ဖတ်ဖို့ အလုပ်လောက်ပဲ ရှိနေတယ်။ သူများတွေရေကူးတာကို အခန်းထဲကနေပဲ လှမ်းကြည့်ရင်း အခုထိ ရေကူးသင်ဖို့ ဆန္ဒသိပ်မရှိသေးပါ။

Read More...