Thursday, July 26, 2007

TLAM issue 11


http://www.thanlwin.com/thanlwinainmat/

၃လတစ်ကြိမ် မအားတဲ့ကြားက သံလွင်အိပ်မက်အမှတ်စဉ်တစ်ခု ထွက်ရှိဖို့ကြိုးစားတဲ့အယ်ဒီတာများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပထမဦးစွာပြောပါရစေ။

သံလွင်အိပ်မက်ထွက်တာ သိပေမယ့် မအားလို့ မကြေငြာဖြစ်ခဲ့လို့ပါ။ ကိုယ်တိုင်လည်း ဖတ်လို့ မပြီးသေးပါဘူး။

ကျွန်မ သံလွင်အိပ်မက်မှာ ခံစားမှုနဲ့ဘ၀အဖြစ်အပျက်တွေပဲ ရေးလေ့ရှိပါတယ်။ ကျွန်မရေးတာ အနုပညာ ခံစားမှုနဲ့ရေးထားတယ်ဆိုတာ မမေ့ဖို့တော့ အားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။


“အရှုံးတွေ အမြတ်တွေ အနိုင်ရမှုတွေနဲ့ တွက်ချက်သင်ကြားနေရတဲ့ ငါ့သင်ခန်းစာတွေကြားမှာ မင်းအချစ်တွေ ပိုင်ဆိုင်ဖို့အတွက် ရှယ်ရာတွေလိုဝယ်ယူလို့ရမယ်ဆိုရင် တစ်သက်တာစည်းစိမ်တွေပုံအောပြီး ထာဝရအရှုံးခံ သိမ်းပိုက်ထားမိမှာပဲ ။ လက်တွေ့ကျကျဖန်တီးယူမှရတဲ့ လှည့်ကွက်များတဲ့လူတွေကြားမှာ လက်တစ်လုံးခြား အနိုင်ယူခဲ့ဖူးပေမဲ့ မင်းနဲ့ပတ်သတ်သမျှတော့ ရှေ့တစ်ကွက်ကျောမမြင်တဲ့ ခပ်ညံ့ညံ့လူတစ်ယောက် ငါဖြစ်နေတာတော့ ငြင်းမရခဲ့ဘူး ။ မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ ကဗျာတွေ ရေရွတ်ခဲ့ဖူးတဲ့ ငါ့နှုတ်ခမ်းဖျားနဲ့အတူ မင်းရင်ခုန်သံတွေအသက်ဝင်နေတယ်လို့ ပြောခဲ့တဲ့ အင်းလေးဆိုင်တစ်နေရာမှာ ညနေခင်းတွေတိုင်း ငါတစ်ယောက်တည်းထိုင်ရင်း ဘယ်အချိန်ပြန်လာမယ်မှန်းမသိတဲ့ မင်းကို တိတ်တခိုးစောင့်မျှော်နေဆဲလေ ။ စင်္ကာပူမိုးကတော့ ငါ့ကိုခဏခဏလှောင်ပြောင်သရော်ရွာချနေရင်း မာနကြားက ငါ့မျက်ရည်တွေက မင်းသိပ်ကြိုက်တဲ့ စတော်ဘယ်ရီဖျော်ရည်ခွက်ထဲ ပြည့်လျှံနေခဲ့တာ ပြက္ခဒိန်ရက်တွေ လက်ချိုးမရေနိုင်တော့ပါဘူး ။

အချစ်မှာမာနမထားသင့်ဘူးလို့ ဘယ်အချစ်ဆရာတွေဖွင့်ဆိုခဲ့လည်းတော့ ငါမသိဘူး ။ ငါ့ရင်ဘတ်ထဲက မင်းမသိတဲ့ အချစ်တွေကတော့ မာနတစ်စက်မှမထားခဲ့မိတော့ အနိုင်ရမှုတွေနဲ့အတူ မင်းက ငါ့အသဲနှလုံးကို စားသုံးခဲ့တယ် ။ ”


အပြည့်အစုံဖတ်ရှုရန်...

Read More...

Thursday, July 19, 2007

မိုးစက်များကြားကသွေးမျက်ရည် (ဇူလိုင်၁၉)


တ၀ုန်းဝုန်းရွာချလာသော မိုးသီးမိုးပေါက်သံများကြားကြားချင်း အပြေးအလွှား တံခါးပေါက်တွေအားလုံး ကျွန်မ လိုက်ပိတ်လိုက်ရသည် .. ။ အိပ်ရေးတော့မ၀သေးပေမယ့် မိုးကြိုးပစ်သံတွေ ပြင်းထန်စွာ ဆက်တိုက်ထွက်ပေါ်နေတာနဲ့ အိပ်ရာမှ အမြန်ထလိုက်သလို အတွေးထဲမှာလည်း ၀င်လာသည်က “ဒီနေ့ အာဇာနည်နေ့ပါလား” ……. ။


အစိုးမရသော စင်ကာပူအကြောင်းသိပေမယ့် ဇူလိုင်၁၉ရက် မနက်အစောကြီးအချိန်မှစပြီး ပြင်းထန်စွာ ရွာသွန်းပစ်ခတ်နေတဲ့ မိုးစက်မိုးပေါက်တွေကိုကြည့်ပြီး ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ အားလုံးကို လေးစားရိုသေစွာဖြင့် ရင်ထဲမှ အလေးပြုမိသည် .. ။


တစ်နိုင်ငံလုံး ယူကြုံးမရစွာဖြင့် အစားထိုးဖြေသိမ့်မရနိုင်ခဲ့သော ရက်ကြီးတစ်ရက်ကို ဘယ်လိုများ မေ့လို့ရမှာလဲ။ လက်နက်တွေအားကိုးနဲ့ နိုင်ငံကိုချုပ်ကိုင်ထားပေမယ့် ပြည်သူတွေရင်ထဲက လေးစားဂုဏ်ယူချစ်မြတ်နိုးရသော အာဇာနည်ခေါင်းဆောင်ကြီးတွေအားလုံးကိုတော့ မေ့သွားအောင် အာဏာရှင်တွေမှာ လုပ်နိုင်စွမ်းမရှိ .. ။

ဒီနေ့ တစ်နေ့လုံးတော့ ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းပြီး အေးစိမ့်နေသလို အရာအားလုံးက မှိုင်းပျပျ .. ။ ငြိမ်သက်စွာရပ်နေသော မိနစ်ပိုင်းခန့်အချိန်ခါမှာ ကောင်းကင်တစ်ခွင်လုံး မိုးချုန်းသံတွေက စဉ်ဆက်မပြတ် ထွက်ပေါ်နေသလို သွေးဖုံးခဲ့သော ဒီမိုးတစ်နေ့ ၁၉ဇူလိုင်က ရင်ထဲကို စူးရှစွာ ဆက်လက်ထိုးဖောက်နေဆဲ … ။





Read More...

Sunday, July 15, 2007

“လွတ်လပ်ခြင်းအနုပညာ”



“လွတ်လပ်ခြင်းအနုပညာ”

မြန်မာပြည်ရဲ့ တကယ့်ကို လေးစားထိုက်သော ၊ ထူးချွန်ကြသော စာရေးဆရာကြီးများကို မြင်တိုင်း ၊ သူတို့ရေးတဲ့ စာအုပ်တွေဖတ်တိုင်း ရင်ထဲမကောင်းရတဲ့အချက်က “စာပေလွတ်လပ်ခွင့်မရှိခြင်း”ပါပဲ .. ။ စာပေကို မြတ်နိုးတန်ဖိုးထားတဲ့ စာပေအနုပညာသမားတွေအားလုံးရင်ထဲမှာ မတူညီတဲ့ အတွေးအခေါ်တွေ မြောက်မြားစွာ ရှိနိုင်ပါတယ် .. ။ သူတို့တွေ ဘာတွေကို ဝေဖန်ကြမလဲ .. ။ ဘာတွေကို ပိုလိုလားမလဲ .. ။ ဘယ်လို တန်ဖိုးရှိတဲ့ အတွေးတွေနဲ့ အမြင်မတူတာတွေကို လွတ်လပ်စွာ ဖလှယ်ကြမလဲ .. ။ အဲဒါတွေကို ကျွန်မ ဖွင့်ပေးစေချင်မိတယ် .. ။ မြင်လိုက်တိုင်း ဘောင်တစ်ခုနဲ့ ကန့်သတ်ပြီး ရေးနေရတဲ့ဘ၀ကို စိတ်ပျက်မိတယ် .. ။ စာမူတည်းဖြတ်ရေးအဖွဲ့ကလဲ တစ်ချက်ကလေး မှားလိုက်တာနဲ့ ခွင့်ပြုချက်မရဘူးဆိုတော့ တော်တော်လေး အကျပ်ရိုက်ရမှာပါ .. ။ အရည်အသွေးတွေစုနေတဲ့ ရတနာတွေကို တွင်းထဲပိတ်လှောင်ထားတာ ဘယ်လိုလူစားတွေပါလိမ့် .. ။
အခု ဘလော့ခ်ဂါစာအုပ်ထုတ်ဖို့လုပ်ကြတယ် .. ။ ဖတ်ပြီးတည်းဖြတ်ရေးလုပ်ကြသူများလဲ တော်တော်ခေါင်းခြောက်ရမှာပါ .. ။ မလွတ်လပ်တဲ့ စာပေရေးသားခြင်းကိုတော့ ရေးရတာ ရင်ထဲ ကျဉ်းကျပ်မိပါတယ် .. ။ အစိုးရကိုဝေဖန်တယ်ဆိုတာထက် မိမိရင်ထဲက မကျေနပ်ခြင်း ၊ လူငယ် လူကြီးတွေ အားလုံး၇င်ထဲက လိုအပ်ချက် … အဲဒါတွေအားလုံးကိုရေးတဲ့ စာတွေကို ဖတ်ချင်သလို ကိုယ်တိုင်လည်း ရေးချင်တယ် .. ။ ကျွန်မ ဒီဘလော့ခ်စာအုပ်နဲ့ပတ်သတ်ပြီး လုပ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပူးပေါင်းပါဝင်သူ လက်တစ်ဖက်တောင် ပြည့်ပါ့မလား မသိဘူး .. ။ မိမိရင်ထဲက ခံစားချက်အစစ်တွေ ၊ မြန်မာပြည်နဲ့ပတ်သတ်ပြီး တွေ့ကြုံရတဲ့ အဖြစ်ပျက်စာတွေ ၊ ပြည်ပရောက် အခက်ခဲ အတွေ့အကြုံ ခံစားမှုတွေ ၊ လူတွေရဲ့ ရင်ထဲက လိုအပ်ချက်တွေကို ခံစားမှု အနုပညာပေါင်းပြီး လွတ်လပ်စွာရေးထားတဲ့ ပို့စ်တွေ … အားလုံးပေါင်းပြီး ဘယ်စာမူတည်းဖြတ်ရေးအဖွဲ့မှ မတင်ဘဲ ရအောင်ထုတ်ချင်တယ် .. ။ “စာပေ”ဆိုတာ လူတွေရဲ့ နှလုံးသား ၊ သွေးထဲက ဖြစ်လာတဲ့ ရတနာတစ်ခု .. ။ အဲဒီလို ရတနာမျိုးကို အာဏာရှင်ကို ဘာလို့ချုပ်ကိုင်ခွင့် ပေးရမှာလဲ .. ။ ထိုင်းလို နိုင်ငံမျိုးမှာဆို မြန်မာတွေ ပိုမတရားခံရတာ များပါတယ် .. ။ နောက် မမခင်မင်းဇော်ရေးတဲ့ “သောင်ရင်းမြစ်ကိုဖြတ်ခဲ့ပြီ” စာမျိုးတွေ ပါဝင်စေချင်တယ် .. ။ အဲဒီဘက်ကနေ တွေ့ကြုံရတဲ့ ဘ၀ခါးခါးတွေအားလုံးကို မြန်မာပြည်မှာ သိစေချင်တယ်.. ။ ကျွန်မတို့လူငယ်တွေက စာပေလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံမှာ မိမိရင်ထဲက လိုအပ်ချက် ၊ ခံစားချက် ၊ တောင်းဆိုမှုတွေအားလုံးကို ရဲဝံ့စွာ တင်ပြရတဲ့ အဖြစ်ပျက်တစ်ခုကို အားလုံးရှေ့က လမ်းပြလုပ်ဆောင်ချင်တယ် … ။ ကန့်သတ်ပြီး ရင်ထဲရှိတာကို တရားမျှမျှတတ လုပ်ခွင့်မပြုတဲ့ စည်းမျဉ်းတွေအောက်မှာ ရေးရတာ ဘာမှလဲ မထွက်လာဘူး .. ။ အဲဒီဘ၀မျိုးကို ကျွန်မ မကြိုက်ဘူး .. ။ ကလောင်တံအားလုံးကို ကြိုးနှင့်ချုပ်ထားတာကို ကျွန်မ သိပ်မုန်းတယ် .. ။ “ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်”ဆိုတဲ့စကားပုံအတိုင်း ဖြစ်စေချင်တယ် .. ။
လူတိုင်း လူတိုင်းမှာ Freedom ဆိုတာ ရှိကိုရှိသင့်တယ် .. ။ နံရံတွေကြား လေးဘက်လေးရံ ညှပ်ထားတဲ့ အချိန်မှာ လူဖြစ်ရတဲ့ဘ၀က ဘယ်လောက် အကျည်းတန်ရုပ်ဆိုးလဲ တဖြေးဖြေးပိုသိလာမိတယ် .. ။ ဟိုဟာ လုပ်ချင်လဲ မလုပ်ရ ၊ ဒီဟာဖြစ်ချင်လဲ အဆင်မပြေ ၊ ဟိုဟာတင်ပြလဲ ပယ်ချ စိတ်ကုန်တယ် .. ။ နောက်ဆုံး ဘာမှလုပ်စရာကို မကျန်တော့ဘူး .. ။ အကုန်ချောင်ပိတ်ပြီး မျက်လုံးကို အ၀တ်နဲ့စည်းထားတာ တော်တော် ဒုက္ခရောက်တယ် .. ။ တနိုင်ငံနဲ့တနိုင်ငံက စီးပွားရေးအရ ဆက်ဆံ ၊ ကိုယ့်နိုင်ငံကိုယ် အားလုံးက ကောင်းသထက် ပိုပိုကောင်းလာအောင် လုပ်ဆောင်နေကြတာတွေကို ကြည့်တိုင်း ကျွန်မနိုင်ငံအတွက် ရင်ထဲမှာ တနုံ့နုံ့ ဖြစ်ရတယ် .. ။ ကျွန်မတို့နိုင်ငံက ကမ္ဘာကြီးက ခွဲထွက်နေတဲ့ ကျွန်းတစ်စုနဲ့ တူနေတာတော့ အမှန်ပဲ .. ။
ကျွန်မရင်ထဲကဖြစ်ချင်တာတစ်ခုကို မဝေးတဲ့အချိန်တစ်ခုအတွင်းမှာပဲ ဖြစ်အောင် လုပ်ချင်တယ် .. ။ လွယ်တဲ့ ကိစ္စမဟုတ်မှန်းသိပေမယ့် ရအောင်တော့ လုပ်ချင်မိတယ် .. ။ ကျွန်မ ရင်ထဲမှာ မြန်မာပြည် ပြန်ဖို့ Target ထားထားတဲ့ အချိန်တစ်ခုရှိတယ် .. ။ အဲဒီအချိန်အတွင်းမှာ အားလုံးကို ပြီးအောင်လုပ်ချင်စိတ်က တားမရအောင် ဖြစ်နေတယ် .. ။ ဘယ်သူတွေ ကျွန်မနဲ့လျှောက်ရဲလဲတော့ ကျွန်မ မသိဘူး .. ။ အတူတူ လက်တွဲရင်တော့ အတိုင်းမသိ လေးစားမိမှာပါ .. ။
ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို ဘာလို့များ ထိန်းချုပ်ရမှာလဲ .. ။ စိတ်ထဲရှိတဲ့ အမှန်တရားဆိုတာ ဖော်ပြသင့်တယ် .. ။ ဒီအတိုင်းဆက်သွားနေရရင်တော့ ကျွန်မကိုယ်ကျွန်မ လူဖြစ်ရကျိုးနပ်တယ်လို့ မထင်မိဘူး။ အခု ကျွန်မအသက် ၁၈ ကျော်ပြီ .. ။ ဘာတစ်ခုမှ မလွတ်လပ်သေးဘူး .. ။
အလင်းရောင်မများရင်တောင် မပျောက်ဆုံးသွားတဲ့ ခပ်မှိန်မှိန် အလင်းရောင်ပျပျတစ်ခုအဖြစ် … လွတ်လပ်ခြင်းအနုပညာတစ်ခုကိုတော့ မှင်အိုးတွေကုန်ဆုံးသွားတဲ့အထိ ကျွန်မ ဖန်တီးချင်မိသည် … ။

Read More...

Saturday, July 14, 2007

ကိုဒွေး ကောင်းရာ သုဂတိလားပါစေ







ရုပ်ရှင်သရုပ်ဆောင်ဒွေး heart attack နဲ့ကွယ်လွန်သွားတယ်လို့ သတင်းကြားချိန်မှာ အများကြီး စိတ်မကောင်းဖြစ်မိပါတယ် ..။ လင်းက သူ့ရဲ့ ပရိတ်သတ်တစ်ဦးပါ ..။ သဘာဝဆန်တဲ့ သူ့ရဲ့ သရုပ်ဆောင်ပုံတွေကို အများကြီး နှစ်သက်ပါတယ် .. ။ သေခြင်းတရားက အရိပ်မပြဘဲ ချက်ချင်း ခေါ်ဆောင်သွားတတ်တာပါလားဆိုတာ သဘောပေါက်လာမိတယ်.. ။

ဒွေးရဲ့အရိုးပြာကို ဒွေးယုံကြည်ကိုးကွယ်သော ချောင်းဝဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်ဝင်းအတွင်းမှာ လွမ်းစေတီတည်ထားမည်လို့ ကြားသိရပါတယ် .. ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာ အများကြီးစိတ်မကောင်းပါဘူး .. ။ ကောင်းရာ သုဂတိလားပါစေ ကိုသားကြီး .. ။

ဖန်သားပြင်ပေါ်မှာအကြိမ်ကြိမ်လွမ်းဆွေးခွဲခွာ

ပုံစံအမျိုးမျိုးနဲ့သရုပ်ဆောင်ခဲ့ပေမယ့်

ဒီတစ်ကြိမ်မှာတော့

အားလုံးရဲ့မျက်ရည်တွေကိုယူဆောင်

တိတ်ဆိတ်စွာဖြင့် ထာဝရခွဲခွာသွားခဲ့ပြီ .. ။

အကို့ရဲ့ပီပြင်တဲ့သရုပ်ဆောင်မှု

ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှု

နာမည်ဆိုးများကင်းဝေးခြင်းစတဲ့ဂုဏ်ပုဒ်တွေနဲ့

ပြည်သူချစ်သော အနုပညာရှင်ကောင်းတစ်ဦးအဖြစ်

အားလုံးရင်ထဲ “ဒွေး”ဆိုတာ အမြဲရှင်သန်နေမှာပါ … ။


လင်းလက်ကြယ်စင်




Read More...

Tuesday, July 10, 2007

အမှန်တရားများ

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အမှန်တရားများ


အတ္တတွေအတွက်
လူထုတစ်ရပ်လုံးကိုနှိပ်စက်ညှဉ်းပန်း
ဂုတ်သွေးကိုစုပ်ယူ
ဒီလူတန်းစားတစ်ရပ်ကို
တော်လှန်နေကြတာလဲ အမှန်တရား … ။


ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြား
ဖြစ်ချင်တာတွေရင်မှာသိုဝှက်
ဖြစ်သင့်တာအားလုံးနဲ့
ဘ၀ကိုလက်ပစ်ကူးနေရတာလဲ အမှန်တရား .. ။


ငွေကြေးဓနတွေအားလုံးအတွက်
အချင်းချင်းလိမ်လည်လှည့်ဖြား
မုသာဝါဒတွေဦးခိုက်နေတဲ့
လူသားတွေရှိနေတာလဲ အမှန်တရား .. ။


သူတစ်ပါးမကောင်းကြောင်း
တီးတိုးတိတ်တဆိတ်ပြောဆို
ရှေ့တင်ဟန်ဆောင်ကောင်းပြ
သတ္တိမဲ့ငကြောင်တွေအကြောင်းကလဲ အမှန်တရား … ။


မကုန်ဆုံးနိုင်တဲ့ကြင်နာခြင်းတွေနဲ့
ချစ်သူဘ၀မှာအချစ်ကုန်
ပြောင်းလဲသွားတဲ့အချိန်တစ်ခုနောက်မှာ
အေးခဲသွားတဲ့မာယာတွေနဲ့
အက်ဆစ်တွေဝင်နေတဲ့နှလုံးသားလဲ
ငြင်းမရတဲ့ အမှန်တရား ……… ။


လင်းလက်ကြယ်စင်



Read More...

ရင်တွင်းဖြစ်


“မဖြစ်နိုင်ပါဘူး သမီးရဲ့ ”

တွေဝေစွာပြောဆိုလာသော ကျွန်မ ဒယ်ဒီ စကားအဆုံးမှာ ကျွန်မ တစ်စုံတစ်ခုကို နားလည်သဘောပေါက်ခဲ့ရပြီ။ ကျွန်မ အားလုံးကိုအပြစ်မတင်ပါ .. ။ ကျွန်မ မငိုပါ .. ။ ကျွန်မမှာ ငိုစရာမျက်ရည်လည်း မရှိတော့ပါ … ။ ကျွန်မမှာ ၀မ်းနည်းစရာ ဘာတစ်ခုမှလဲ မရှိတော့ပါ .. ။ ခံစားဖို့ နှလုံးသားပင် သေဆုံးသွားခဲ့ပြီ .. ။

မြန်မာလူမျိုးဖြစ်ရသည့်အတွက် ယခုထိ ကျွန်မ ဂုဏ်ယူနေမြဲပင်ဖြစ်သည် ။ ကျွန်မဂုဏ်ယူသော ထို ပါ့စ်ပို့လေးက မိသားစုတစ်ခုလုံးကို မြေလှန်အောင် လုပ်နေခဲ့တာကို သိလျက်နှင့် ကျွန်မ ခေါင်းထဲတွင် တွန်းလှန်နေဆဲပင် ဖြစ်သည် … ။

ကျွန်မ၀ါသနာတွေအားလုံးကို စွန့်လွှတ်ရတော့မည့် လမ်းစတွေကို တွေ့နေရချိန်မှာ ကျွန်မ လက်ထဲမှ ဖောင်တိန်ချောင်းလေးကို စွဲမြဲစွာ ဆုပ်ကိုင်ထားမိသည် .. ။ ကျွန်မဘ၀တွင် အလိုချင်ဆုံးသောအရာ (၄)ခု ရှိခဲ့သည်။ ထို (၄)ခုလုံးကို ကျွန်မ စွန့်လွှတ်ရတော့မည့်လမ်းစကို သဘောပေါက်လာချိန်မှာ ကျွန်မမှာ ငိုစရာ အသဲနှလုံးပင်မရှိတော့ပါ။ တစ်စုံတစ်ခုကို စွန့်လွှတ်ရတာထက် အရာအားလုံးကို စွန့်လွှတ်ရသော ကျွန်မရင်ထဲက အသဲနှလုံးမှာ ဘာကိုလက်ခံရမှန်းတောင် မသိတော့ပါ ။ အချိန်တစ်ခုကြာမှ ကျွန်မ ပြန်ကောက်ယူခွင့် ရမည်ဆိုတာတော့ သိပေမယ့် ကျွန်မလက်ချောင်းတွေကား ထိုအရာကို လက်ခံနိုင်ခြင်းမရှိခဲ့။

လူတွေက မိမိဘ၀အကြောင်း ၊ မိမိခံစားချက် တော်တော်များများကို သိမ်းဆည်းထားချိန်မှာ ကျွန်မက လွတ်လပ်စွာ ပေါက်ကွဲလေ့ရှိသည်.. ။ ထိုသံစဉ်စကားလုံးများနောက်ကွယ်မှာ ကျွန်မ မျက်ရည်တွေ ကပ်ငြိနေသည် . ။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကြား ဖြစ်ချင်တာတွေ သိုဝှက်ပြီး ဖြစ်သင့်တာတွေကြား အမြဲ လက်ပစ်ကူးနေရသော ဘ၀ကို ကျွန်မ တစ်ခါတစ်လေ စက်ဆုပ်မိသည် .. ။

ချစ်သူက ပြောခဲ့ဖူးသည် .. “ကျွန်မအတွက် အမြဲဂုဏ်ယူသည်”ဟု … ။ မောင်နှမတွေက ပြောဖူးသည် “ညီမလေးအတွက် ဂုဏ်ယူသည်”ဟု … ။ အားပေးသူတွေက ပြောဖူးသည် “လေးစားသည်”ဟု … ။ တကယ်တော့ ကျွန်မက တစ်စက်မှ အသုံးကျသူ မဟုတ်ပါ .. ။ ကျွန်မကိုကျွန်မ ဘယ်တုန်းကမှ ကောင်းသည်ဟုလဲ မမြင်ခဲ့ဖူးပါ .. ။ ဘာကောင်းကျိုးမှ ပေးတတ်သူ မဟုတ်ပါ .. ။ ကျွန်မကို ချစ်သောသူအားလုံးနှင့်ဆန့်ကျင်သောအရာကိုမှ လိုချင်တတ်သော မိန်းကလေးတစ်ယောက်သာ ဖြစ်သည် .. ။ ကျွန်မက တော်ဝင်သဇင် မဟုတ်ပါ .. ။ စံပယ်ဖြူလို အမြဲ မအေးမြနေပါ .. ။ ခရေပန်းလို အမြဲမမွှေးပျံ့နေပါ .. ။ မြက်ရိုင်းကြားမှ ကြိုးစားထိုးထွက်နေသော ပန်းရိုင်းတစ်ပွင့်သာလျင် ဖြစ်သည် .. ။

တကယ်တော့ ကျွန်မ မထူးချွန်ပါ .. ။ ငွေကြေးတွေ တွက်ချက်ဖို့ထက် ကျွန်မလက်တွေက စာရေးဖို့ပဲ သိသည် .. ။ လူ့လောကထဲမှာ လူပီသစွာ အခြေအနေအလိုက် လှည့်ဖြားနေတတ်ဖို့ထက် ကျွန်မစိတ်ထဲရှိတာကို လွတ်လပ်စွာ ပြောဆိုဖို့ပဲ ကျွန်မ သိသည် .. ။ ဦးနှောက်တွေနှင့် တွက်ချက် လုပ်ယူနေသော လူ့လောကထဲမှာ ကျွန်မကတော့ နှလုံးသားက တောင်းဆိုချက်ကိုသာ နားလည်သည် .. ။ ကျွန်မ စိတ်ချမ်းသာဖို့ထက် ကျွန်မကို ချစ်သောသူများ စိတ်ချမ်းသာဖို့ကိုသာ ကျွန်မ သိသည် .. ။ ကျွန်မလိုချင်တာထက် အများလိုချင်တာကိုပဲ ကျွန်မ ခေါင်းညိတ်လေ့ရှိသည် .. ။ ဓနတွေထက် အနုပညာဖန်တီးမှုကိုသာ စိတ်ဝင်စားသည် .. ။ တကယ်တော့ ကျွန်မသည် လူမဖြစ်သင့်ဘဲ ကျောက်ရုပ်သာ ဖြစ်သင့်သည် .. ။

လက်ရှိအသိုင်းဝိုင်းကြားမှာ ကျွန်မ ဘယ်သူ့လုပ်ရပ်ကို သဘောကျလဲဟု ပြောရလျင် “အကိုညီလင်းဆက်” ဖြစ်သည် .. ။ ကျွန်မ သူနှင့်စသိချိန်က ကျွန်မ စင်ကာပူရောက်ပြီး သိပ်မကြာချိန် .. ။ “လိုချင်တာတစ်ခုရဖို့ထက် ဖြစ်သင့်တာတွေနောက် အရင်လိုက်ရင်း ဖြစ်ချင်တာတွေက ပျောက်ဆုံးကုန်ရော”ဟု သူပြောခဲ့သော စကားတစ်ခွန်းက ကျွန်မရင်ထဲတွင် ယနေ့တိုင် စွဲနေဆဲ .. ။ ကျွန်မ မလုပ်နိုင်သော အရာတော်တော်များများကို သူလုပ်ဆောင်နိုင်တာကြည့်ရင်း ကျွန်မ လေးစားနေမြဲ .. ။

ဖြစ်ချင်တာ (၄)ခုကြားမှာ တစ်ခုမှ မရနိုင်တာ သိလျက်နဲ့ ရှေ့ဆက်တိုးနေတာကို “အရူး”လို့ ခေါ်ခဲ့ရင် အဲဒီအရူးက ကျွန်မပဲ ဖြစ်မှာပါ .. ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်လို့ ပြောစမှတ်ပြုကြရင် တစ်သက်လုံး ဖြစ်ခွင့်မပေးတဲ့ ဒီရည်ရွယ်ချက်တွေကြားမှာ ကျွန်မက ဘာကိုများ ထပ်ပြီး မျှော်လင့်ရမှာလဲ ………. ။

Read More...

Sunday, July 08, 2007

၁၉ဇူလိုင်မမေ့နိုင်

(Photo Credit: http://luminarymagazine.files.wordpress.com/2010/07/burma-martyr-day-copy.jpg ) 
updated on 18 July 2013

ဇူလိုင်၁၉ဆိုသည်မှာ မြန်မာပြည်သူ ပြည်သားတို့အတွက် ဘယ်သောအခါမှ မေ့ဖျောက်မရနိုင်သော နေ့ရက်တစ်ရက်ဖြစ်သလို ထိုအကြောင်းစာတွေဖတ်လိုက်ရတိုင်းလည်း ရင်ထဲ မကောင်းခဲ့ .. ။  
၁၉ဇူလိုင်မမေ့နိုင်
ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီးနောက် အခန်းထဲသို့ ပထမဆုံး ရောက်ရှိလာသော ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အား လဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက် သုံးချက်ခန့်တွေ့ရသည်။
သို့ရာတွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိသွားပြီးနောက် ဆရာဝန်ကြီးများက အသေအချာ စစ်ဆေးကြည့်ရှုသောအခါ ဗိုလ်ချုပ်၏ကိုယ်တွင် သေနတ်ဒဏ်ရာ ၁၃ချက်တိတိကို တွေ့ကြရသည်။
ဗိုလ်ချုပ်တစ်ဦးတည်း မျှသေနတ်ဒဏ်ရာ အများအပြား ထိမှန်ရခြင်းမှာ လူသတ်သမားများသည် ဗိုလ်ချုပ်ကို “မဲ”ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
လူသတ်သမားများ ၀င်ရောက်ပစ်ခတ်ကြသည့် ဗိုလ်ချုပ်၏ အခန်းမှာ တံခါးပေါက် သုံးပေါက်ရှိသည့် အခန်းကျယ်ကြီးဖြစ် လက်ယာဘက်တွင် အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ အခန်း ၊ လက်ဝဲဘက်တွင် အတွင်းဝန် ဦးရွှေဘော်၏အခန်း စသဖြင့် အသီးသီးရှိကြသည်။
အဆိုပါ အခန်းကျယ်ကြီးအတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်အလုပ်လုပ်သော စားပွဲရှိသည်။ တောင်ဘက်နံရံတွင်မူ ၀န်ကြီးများ အစည်းအဝေး ကျင်းပသော စားပွဲကြီးရှိသည်။
ဝန်ကြီးများ၏ အစည်းအဝေး ကျင်းပရာ စားပွဲကြီးမှာ စားပွဲရှည်ကြီး ၃ခုကို (ဂ)ငယ်ပုံအတိုင်း ထိပ်မှတစ်ခု ၊ ဘေးတစ်ဖက်တစ်ချက်မှ တစ်ခုစီထောင့်ချိုး ဆက်ထားခြင်း ဖြစ်သည်။ ထိပ်မှ စားပွဲမှ အလျား၁၀ပေ ၊ အနံ ၃ပေ ခန့်ကျယ် ဘေးတစ်ဖက်တစ်ချက်မှ ဆက်ထားသော စားပွဲများမှာ ၁၈ပေ ၊ ၃ပေခန့် ရှိကြသည်။
ထိုနေ့က အစည်းအဝေးသို့ ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဆမားဒူးဝါးဆင်းဝါးနောင် ၊ စောစံဖိုးသင်နှင့် ဦးဝမ်ကိုဟောတို့မှ တစ်ပါး ကျန်ဝန်ကြီးများအားလုံး တက်ရောက်လာကြသည်။ ၀န်ကြီး ဦးကျော်ငြိမ်းမှာ ထိုစဉ်က အင်္ဂလန်သို့ရောက်နေ အခြားဝန်ကြီးသုံးဦးမှာလည်း နယ်များသို့ ခရီးထွက်နေကြသည်။
အစည်းအဝေးကျင်းပရာ ဗိုလ်ချုပ်သည် ထိပ်စားပွဲ၏ အလယ်တည့်တည့်တွင် ထိုင်လျက်ရှိသည်။ လက်ယာဘက် စားပွဲတွင် သခင်မြ ၊ ဦးဘချို ၊ ဆရာကြီးဦးရာဇတ် ၊ ဦးဘ၀င်း ၊ မန်းဘခိုင် စသော ၀န်ကြီးများ အစဉ်အတိုင်းထိုင်ကြ လက်ဝဲဘက် စားပွဲတွင်မူ ဦးဘဂျမ်း ၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန်စော်ကွားကြီး စပ်စံထွန်း စသည့်ဝန်ကြီးများယှဉ် ထိုင်နေကြသည်။
ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်မှာ အစည်းအဝေးကျင်းပစဉ် ဗိုလ်ချုပ်အား လိုအပ်သော စာရွက်စာတမ်းများ ၊ ဖိုင်တွဲများစသည်တို့ကို အဆင်သင့်ရှာဖွေနိုင်ရန် ထိပ်စားပွဲတွင် ဗိုလ်ချုပ်၏ လက်ဝဲဘက် ရှိနေသည်။
အစည်းအဝေးမှာ ၁၀နာရီ ၊ ၁၅မိနစ်တွင် စတင်ကျင်းပခဲ့ရာ အစီအစဉ်အတိုင်း ဌာနလိုက်ဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးလာခဲ့ကြသည်။
အတောအတွင်း ဗိုလ်ထွန်းလှသည် အစည်းအဝေး ခန်းမထဲသို့ နှစ်ကြိမ်သုံးကြိမ်မျှ ၀င်လာပြီး ဗိုလ်ချုပ်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ပေးခဲ့သည်။
သို့နှင့်ပင် ဌာနဆိုင်ရာကိစ္စရပ်များကို အစည်းအဝေး အစီအစဉ်အရ တင်ပြဆွေးနွေးလာခဲ့ကြရာ ၁၀မိနစ် ၊ မိနစ် ၃၀ သာသာခန့်တွင် လမ်းပန်းဆက်သွယ်ရေးဌာနဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် အလှည့်ကျလာခဲ့သည်။ တွ် အဆိုပါဌာနမှ ဒုတိယအတွင်းဝန် အိုင်စီအက်ဦးအုန်းမောင်သည် အစည်းအဝေးခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။
သူသည် လက်ယာဘက် စားပွဲထိပ်မှ သခင်မြအနီးတွင် ၀င်ထိုင်ကာ လိုအပ်လာပါက တင်ပြရန် ဖိုင်တွဲများကို အသင့်ပြင်ဆင်နေခဲ့သည်။
အချိန်မှာပင် လူသတ်သမားများသည် အစည်းအဝေးခန်းမထဲသို့ မျက်နှာစာရှိ တံခါးမကြီး ၃ခုအနက် မြောက်ဘက်ဆုံး တံခါးမကြီးမှ ၀င်ရောက်လာကြခြင်းဖြစ်သည်။
လူသတ်သမားများသည် ၁၂နံပါတ် တပ်မတော်တံဆိပ်များဖြင့် ယူနီဖောင်းများ အပြည့်အစုံ ၀တ်ဆင်လာကြသည်ဖြစ်ရာ ရုတ်တရက်အားဖြင့်ဆိုသော် အလွန်အရေးကြီးသော အကြောင်းထူး ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသဖြင့် ၀န်ကြီးများ အစည်းအဝေးသို့ တိုက်ရိုက်အစီရင်ခံရန် ၀င်လာကြသည်ဟု ထင်လိုက်ရသည်။
သို့သော် ထိုသို့မဟုတ်ဘဲ လူသတ်သမားများသည် (ဂ)ငယ် ပုံသဏ္ဌာန် သုံးဖက်ဝိုက်ထားသော စားပွဲသုံးခု၏အတွင်းဘက် အလယ်သို့ တန်းစီဝင်လာကြပြီး ရှေ့ဆုံးမှ ၀င်လာသူသည် “ဟိတ်”ဟု တစ်ခွန်းခပ်ကျယ်ကျယ်အော်လိုက်ကာ အော်ရင်းပစ်ရင်း ဗိုလ်ချုပ်အောင်ဆန်းအား တော်မီဂန်းဖြင့် စပစ်လိုက်သည်။
ဗိုလ်ချုပ်သည် ထိုင်နေရာမှ ရုတ်တရက်ထကာ လူသတ်သမားများကို လက်ကာပြရင်း တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ သို့သော် ဗိုလ်ချုပ်ပါးစပ်မှ ပြောလိုက်သောစကားသည် ဘာဟူ သဲသဲကွဲကွဲ မပီမသဘဲ စကားမဆုံးမီ “ဒိုင်း .. ဒိုင်း .. ဒိုင်း”ဟူသော တော်မီဂန်း ပစ်ခတ်သံများအကြားတွင် ဗိုလ်ချုပ်မှာ နောက်သို့ ပက်လက်လန်ကာ လူရောကုလားထိုင်ပါ လဲကျသွားရှာသည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် လူသတ်သမားများသည် လက်ဝဲဘက်နှင့် လက်ယာဘက် စားပွဲတွင် ထိုင်နေကြသော ၀န်ကြီးများကို အနီးကပ်ချိန်ရွယ် စတင်းဂန်း ၊ တော်မီဂန်းများဖြင့် တရစပ် ပစ်ခတ်ကြရာ ယမ်းခိုးယမ်းငွေ့များ အကြားတွင် ၀န်ကြီးများမှာ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံးလဲကျကုန်ကြရှာသည်။
ဝန်ကြီးပျော်ဘွယ်ဦးမြနှင့် အတွင်းဝန် ဦးရွှေဘော်တို့မှာမူ နှစ်ယောက်သား ယှဉ်ထိုင်နေရာမှ ရှေ့ဆုံးလူသတ်သမားက ဗိုလ်ချုပ်အား စတင်ပစ်ခတ်လျှင်ပစ်ချင်း သူတို့၏ ကျောဘက်ရှိ ပြတင်းပေါက်မှ အချိန်မီ ခုန်လွှားကျော်ပြေးကြသဖြင့် လုံးဝဒဏ်ရာမရဘဲ အခန်းပြင်ဘက်သို့ လွတ်မြောက်ရောက်ရှိသွားကြသည်။ ၀န်ကြီး ဦးဘဂျမ်းမှာလည်း ရုတ်ခနဲ သတိရှိစွာဖြင့် သူ၏ လက်ဝဲဘက်မှ ဦးအောင်ဇံဝေ၏လက်ကို တအားဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်သို့ ပြိုင်တူလှဲချလိုက်သည်။
လူသတ်သမားများသည် (ဂ)ငယ် ပုံသဏ္ဌာန် စားပွဲသုံးခ အလယ်မှနေ ပထမတွင် မတ်တပ်ရပ်ပစ်ကြပြီး နောက်တစ်ဖန် မုဆိုးဒူးထောက်ထောက်ကာ ဆက်ပစ်ကြပြန်သည်။ စိတ်တိုင်းကျ အားရပါးရပစ်ပြီးမှ ဗြုံးခနဲ အပစ်ရပ်ကာ ပြန်ထွက်သွားကြသည်။
လူသတ်သမားများသည် အပေါ်ထပ်မှ ဆင်းပြေးရန် လှေကားဆီသို့ တဟုန်ထိုးပြေးကြရာ လမ်းခုလတ်တွင် ဗိုလ်ထွန်းလှအခန်းမှ ပြေးထွက်လာသော ဗိုလ်သန်းဝင်းနှင့် ပက်ပင်းပါ တိုးမိကြသည်။ လူသတ်သမားများက “ဟေ့ မဆိုင်သူ မကပ်ကြနဲ့ကွ”ဟု အော်ဟစ်ခြိမ်းခြောက်ရင်း သေနတ်များဖြင့် ချိန်ရွယ်လာသည်။ ဗိုလ်သန်းဝင်းကလည်း စစ်ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထားသော လူသတ်သမားများကို ရုတ်တရက်အားဖြင့် တကယ့်စစ်သားများဟု ယူဆကာ တရားခံများကို လိုက်လံဖမ်းဆီးကြသူများဖြစ်သည်ဟု တွေးထင်လိုက်မိသည်။
ထိုအခိုက်မှာပင် လှေကားထိပ်ရှိ အခန်းထဲမှ ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့် ကိုထွေးဆိုသူ ရုတ်တရက် ထွက်လာရာ လူသတ်သမားများသည် ကိုထွေးအား စတင်းဂန်းဖြင့် တစ်ချက်မျှ ဆွဲမွှေ့လိုက်ပြီး လှေကားမှ တရှိန်ထိုး ပြေးဆင်းသွားကြသည်။
အဖြစ်အပျက်မှာ လျင်မြန်လှပြီး မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော ၀န်ကြီးများအနက်မှ ပျော်ဘွယ်ဦးမြနှင့် ဦးအောင်ဇံဝေတို့မှာ ကံအားလျော်စွာ လုံးဝဒဏ်ရာမရဘဲ ရှိခဲ့ကြသည်။ ပျော်ဘွယ်ဦးမြနှင့်အတူ ပြတင်းပေါက်မှ ကျော်လွှားခုန်ချခဲ့သော အတွင်းဝန် ဦးရွှေဘော်မှာလည်း လုံးဝထိခိုက်ခြင်းမရှိခဲ့။
ဦးအောင်ဇံဝေတို့မှာ ဦးဘဂျမ်းက လက်ကိုဆောင့်ဆွဲကြမ်းပြင်ပေါ်သို့ လှဲချလိုက်သဖြင့် ကျည်ဆံတစ်ချက်မှ မထိခဲ့သော်လည်း သူ့လက်ကို ဆောင့်ဆွဲပြီး သူနှင့်အတူ ကြမ်းပြင်ပေါ်သို့ လှဲချခဲ့သော ဦးဂျမ်းမှာမူ လက်ဝဲဘက် နံပါးတွင်တစ်ချက် ၊ လက်ယာဘက် လက်သူကြွယ်တွင်တစ်ချက် ထိမှန်ခဲ့သည်။
သို့သော် ဒဏ်ရာမှာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ အပေါ်ယံရှပ်မှန်ခဲ့ခြင်းသာ ဖြစ်သည်။
စင်စစ်အားဖြင့် ဦးဘဂျမ်းသည် ထိုနေ့က ၀န်ကြီးများ အစည်းအဝေးသို့ တက်ရန်မရည်ရွယ်ခဲ့ .. ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူသည် ဟင်္သာတခရိုင်သို့ ခရီးထွက်ရာမှ ပြန်ရောက်စဖြစ် အအေးမိကာ အနည်းငယ် မကျန်းမမာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် သူသည် ထိုစဉ်က အရေးကြီးသော သတင်းထူးတစ်ခု ရရှိထားခဲ့သည်ဖြစ်ရာ အဆိုပါသတင်းကို ၀န်ကြီးများ အစည်းအဝေးတွင် အမြန်ဆုံး တင်ပြအစီရင်ခံရန် လိုအပ်သည်ဟု ယူဆကာ ဇူလိုင်လ ၁၉ ရက် ၀န်ကြီးများ အစည်းအဝေးသို့ ကြိုးစား တက်လာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဦးဘဂျမ်း ရရှိခဲ့သည်ဆိုသော သတင်းမှာ သို့ဖြစ်သည်။
လွန်ခဲ့သော ဇွန်လ နောက်ဆုံးပတ်အတွင်းက ဗိုလ်တထောင် ဘီအိုဒီ ( Base Ordnance Depot ) ခေါ် စစ်ပစ္စည်း သိုလှောင်ရေးတပ်ဖွဲ့မှ ဘရင်းဂန်း အလက် ၂၀၀ကျော် ပျောက်ဆုံးသွားခဲ့သည်။ သို့ပျောက်ဆုံးသွားခဲ့သည်မှာ ဖောက်ထွင်းခိုးယူခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသော စစ်ဖက်အရာရှိများ၏ လက်မှတ်အတု ၊ တံဆိပ်တုံးအတုများဖြင့် တစ်စုံတစ်ယောက်က ကျကျနန ၊ ပိပိရိရိ လိမ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘရင်းဂန်း ၂၀၀ လိမ်ထုတ်ခြင်းခံရသည့် သတင်းမှာ အပြင်သို့ ပေါက်ကြားရုံမျှမက နေ့စဉ်သတင်းစာများတွင်ပင် စာလုံးမည်းကြီးဖြင့် ဖော်ပြပါရှိနေပြီး ယခုအထိ မည်သူက မည်သို့သော ရည်ရွယ်ချက်ဖြင့် ထုတ်သွားသည်ကို တရားခံမပေါ် ၊ လက်သည်ရှာမရသေးဘဲ ဖြစ်နေခဲ့သည်။
ဝန်ကြီးဦးဘဂျမ်းသည် အဆိုပါ “ဘရင်းဂန်း ၂၀၀ လိမ်ထုတ်သွားသည့်” အမှုကြီးနှင့် စပ်လျဉ်း အရေးကြီးသော သတင်းထူးတစ်ခုကို ရခဲ့ခြင်းဖြစ်သည်။
သူရသော သတင်းကား အခြားမဟုတ်။ အရင်း ၂၀၀ကို ပိပိရိရိ လိမ်ထုတ်သွားသူမှာ ဂုန်ဦးစောပင် ဖြစ်သည်ဟူသော သတင်းပေတည်း။
သို့ဖြစ်ရာ ဦးဘဂျမ်းသည် အဆိုပါအရေးကြီးလှသော သတင်းကို ၀န်ကြီးများအား တင်ပြအစီရင်ခံလိုသဖြင့် အစည်းအဝေးသို့ တက်ရောက်လာခဲ့သည်။
သို့သော် သူသည် တစ်ဖက်ကလည်း အအေးမိကာ နေမကောင်းဖြစ်နေရာ အ၀တ်များကို တတ်နိုင်သမျှ ခပ်ထူထူဝတ် အစည်းအဝေးသို့ ထွက်လာခဲ့သည်။
အတွင်းဝန်များရုံး အပေါ်ထပ် အစည်းအဝေး ကျင်းပသည့် အခန်းထဲတွင် ဦးဘဂျမ်းနှင့် ဗိုလ်ချုပ်တို့ မျက်နှာချင်းဆို ပြိုင်တူရောက်လာကြရာ ခါတိုင်းကဲ့သို့ ခေါင်းစုတ်ဖွားဖြင့်မဟုတ်ဘဲ ဆံပင်ညှပ်ပြီးစ သပ်သပ်ရပ်ရပ်ဖြစ်နေ မြန်မာဝတ်စုံများကို ယနေ့မှ ထူးထူးခြားခြား ၀တ်ဆင်လာသော ဗိုလ်ချုပ်ကိုကြည့်ကာ
“ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ”ဟူပင် ဦးဘဂျမ်းက လှမ်းနောက်လိုက်သေးသည်။
ထို့နောက် အစည်းအဝေးခန်းမထဲသို့ ၀န်ကြီးများ အစုံအညီ ရောက်နေကြသဖြင့် အစည်းအဝေးကို စတင်ကျင်းပခဲ့ကြရာ မိနစ်နှစ်ဆယ်ကျော်အကြာတွင် လူသတ်သမားများ ဗြုံးခနဲဝင်ရောက်လာပြီး အထက်ပါအတိုင်း ပစ်ခတ်ကြခြင်းဖြစ်သည်။
ဦးဘဂျမ်းသည် ဦးအောင်ဇံဝေကိုဆွဲကာ နှစ်ယောက်သား လှဲချ ကြမ်းပြင်ပေါ်တွင် မှောက်နေခိုက် လက်ဝဲဘက် နံပါးနှင့် လက်ယာဘက်လက်သူကြွယ်တို့တွင် ဒဏ်ရာနှစ်ချက် ထိမှန်ခဲ့သည်။
သို့သော် ကံအားလျော်စွာ နံပါးတွင် ထိသောဒဏ်ရာမှာ သူ့ကိုယ်တွင် အထပ်ထပ်ဝတ်ဆင်လာသော အ၀တ်အစားများကြောင့် ကျည်ဆံသည် အသားထဲသို့ မ၀င်ဘဲဖြစ်နေခဲ့သည်။ အဆိုပါ ကျည်ဆံထိမှန်သောနေရာတွင် သူဝတ်ဆင်ထားသော အ၀တ်အစားများမှာ အပေါ်ဆုံးမှ သက္ကလပ်တိုက်ပုံအကျီ ၊ ထို့နောက် လုံချည် ၊ ဘောင်းဘီ ၊ ရှပ်အင်္ကျီ၊ ဆွယ်တာလက်ပြတ်၂ထည်နှင့် စွပ်ကျယ် စသည်ဖြင့် စုစုပေါင်း ၇ ထပ်ရှိနေသခြင့် အသက်မသေဘဲ ဖြစ်ခဲ့ရသည်။
လမ်းပန်းအဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေး ဌာနဆိုင်ရာ ၀န်ကြီးဖြစ်သူ ဦးဘဂျမ်းအနေနှင့် အသက်ဘေးမှ ထိုကဲ့သို့ သီသီကလေး လွတ်မြောက်လာခဲ့သော်လည်း သူ့ဌာနမှ အတွင်းဝန်ဖြစ်သူ ဦးအုန်းမောင်မှာမူ သေနေ့သေရက်စေ့သည်ဟု ဆိုရမည်လားမသိ ၊ အစည်းအဝေးခန်းမထဲသို့ သူဝင်လာ သူ့ဌာနဆိုင်ရာ ဖိုင်တွဲ ၊ စာတွဲများကို လိုအပ်လျှင် တင်ပြရန် ပြင်ဆင်နေစဉ် နှစ်မိနစ် သုံးမိနစ်အကြာတွင် လူသတ်သမားများ ရောက်ရှိလာကြပြီး ပစ်ခတ်ခြင်းခံလိုက်ရသဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရရှာသည်။
ဦးအုန်းမောင်ကဲ့သို့ပင် သေမင်းနှင့် ပက်ပင်းတိုးမိသလို ဖြစ်ရသော အခြားပုဂ္ဂိုလ်တစ်ဦးမှာ ၀န်ကြီး ဦးရာဇတ်၏ သက်တောင်စောင့် ကိုထွေးပင်ဖြစ်သည်။ ကိုထွေးမှာ လူသတ်သမားများ ပစ်ခတ်နေစဉ်က အစည်းအဝေး ခန်းမထဲတွင် မရှိသော်လည်း အခန်းထဲမှအထွက် လှေကားအနီးတွင် ရင်ဆိုင်တိုးမိရာမှ စတင်းဂန်းဖြင့် အပစ်ခံရရှာခြင်း ဖြစ်သည်။ ကိုထွေးမှာ ဒဏ်ရာ ၄ ချက်ထိ ဆေးရုံတွင် သေဆုံးသွားရှာသည်။ သူ့အသက်မှာ ထိုအခါက ၁၈ နှစ်မျှသာ ရှိသေးသည်။
ဒီးဒုတ်ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာလည်း ဆေးရုံရောက်ပြီးမှ ဒဏ်ရာပြင်းထန်လှသဖြင့် သေဆုံးခဲ့ကြရှာသည်။ အခြားဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်မြ ၊ ဆရာကြီး ဦးရာဇတ် ၊ မန်းဘခိုင်နှင့် ဦးဘ၀င်းတို့မှာမူ နေရာတွင်ပင် ပွဲချင်းပြီး အသက်ပျောက်ခဲ့ကြရှာသည်။
ဗိုလ်ချုပ်အောင်ဆန်းမှာ ထိုအချိန်က ၀န်ကြီးများအဖွဲ့၏ ဒုတိယ သဘာပတိဖြစ် တစ်ချိန်တည်းတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူနေရသည်။ ၁၉၁၅ ခု ၊ ဖေဖော်ဝါရီလ ၁၃ ရက် ( ၁၂၇၆ ခု ၊ တပေါင်းလဆန်း ၁ ရက် ) စနေနေ့တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်သည် လူသတ်သမားလက်ချက်ဖြင့် ကျဆုံးရှာသည့်အချိန်တွင် အသက် ၃၃နှစ်မျှသာ ရှိသေးသည်။
သခင်မြမှာ ဘဏ္ဍာရေးဝန်ကြီးဖြစ် အသက် ၄၃ နှစ်ရှိပြီ ဖြစ်သည်။ လူသတ်သမားများ၏ ကျည်ဆံဖြင့် အဆုတ်တွင် ဒဏ်ရာရကာ နေရာတွင်ပင် ကျဆုံးခဲ့ရှာသည်။
ဒီးဒုတ်ဦးဘချိုမှာ ပြန်ကြားရေးဝန်ကြီးဖြစ်သည်။ သူကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့သော “ဒီးဒုတ်” ဂျာနယ်ကို အကြောင်းပြု “ဒီးဒုတ်ဦးဘချို”ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ သတင်းစာဆရာ ၊ စာရေးဆရာ တစ်ယောက် အဖြစ်သာမက ထင်ရှားသော ဂီတပညာရှင်တစ်ယောက်အဖြစ် တပည့်တပန်း ပေါများလှသူဖြစ်ရာ အများပင် “ဆရာ ၊ ဆရာကြီး”ဟူ ခေါ်လေ့ရှိကြသည်။ ဆရာတွင် သေနတ်ဒဏ်ရာ ၅ ချက်ထိခဲ့ရာ တစ်ချက်မှာ ဦးခေါင်းတွင်ဖြစ်၍ ဦးနှောက်ကိုပါ ဖောက်သွားခဲ့သည်။ သို့တိုင်အောင် ဆရာသည် ရုတ်တရက် အသက်မသေဘဲ ဆေးရုံရောက်ပြီး ထိုနေ့ညနေဘက်တွင်မှ ကွယ်လွန်သွားခဲ့ရှာသည်။
ဆရာကြီးဦးရာဇတ်မှာ ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာနဆိုင်ရာဝန်ကြီး ဖြစ်သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ရာဇတ် ( Mr Abdul Razak ) ဖြစ်သည်။ မန္တလေးမြို့ အမျိုးသားကျောင်းအုပ်ကြီးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သဖြင့် အများကပင် ဆရာကြီးဟု ခေါ်ကြသည်။ ဆရာကြီးဦးရာဇတ်မှာ လူသတ်သမားများ လက်ချက်ဖြင့် ဒဏ်ရာ ၆ ချက်ရကာ နေရာတွင်ပင် ကျဆုံးခဲ့ရှာသည်။
မန်းဘခိုင်မှာ စက်မှုလက်မှုနှင့် အလုပ်သမားဌာနဆိုင်ရာဝန်ကြီးဖြစ်သည်။ ထင်ရှားသော ကရင်အမျိုးသားခေါင်းဆောင် တစ်ယောက်အဖြစ် ဗိုလ်ချုပ်၏ ယုံကြည်ကိုးစားမှုကို ရရှိခဲ့သူဖြစ်သည်။ ဒဏ်ရာ ၁၅ ချက်တိတိရရှိခဲ့၍ အများဆုံး ထိမှန်ခြင်း ခံရသည်။ အသည်းတစ်ခုလုံး ကြေမွပြီး နေရာတွင်ပင် ချက်ချင်း ကျဆုံးခဲ့ရှာသည်။
မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းမှာ နယ်ခြားဒေသဆိုင်ရာဝန်ကြီး ဖြစ်၍ ရှမ်းအမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဦးခေါင်းတွင် ဒဏ်ရာနှစ်ချက်ရရှိ၍ ဆေးရုံတွင် ကောင်းစွာသတိရနေခဲ့သေးသည်။ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းတည့်ချိန်လောက်မှ ကွယ်လွန်သွားရှာသည်။
ဦးဘ၀င်းမှာ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး ဖြစ်သည်။ ဗိုလ်ချုပ်၏ အစ်ကိုအရင်းဖြစ်၍ ယခင်က ကျောင်းဆ၇ာတစ်ယောက်အဖြစ် ရိုးသားဖြောင့်မတ်စွာ နေထိုင်လာသူဖြစ်သည်။ သေနတ်ဒဏ်ရာ ၈ ချက်တိတိထိမှန်၍ သူ၏ချစ်လှစွာသော ညီဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရှာသည်။
ဤသို့ဆိုလျှင် ထိုနေ့ထိုရက်က တစ်မျိုးသားလုံး၏ ချစ်ခင်မြတ်နိုးယုံကြည်ကိုးစားခြင်း ခံရသော ဗိုလ်ချုပ်နှင့်တကွ အပေါင်းပါခေါင်းဆောင်ကြီးများသည် မသမာလူသတ်သမားများ လက်ချက်ဖြင့် ကျဆုံးခဲ့ကြသည်ဖြစ်ရာ ထိုမည်သော ၁၉ဇူလိုင်ကို အဘယ်မှာလျှင် မေ့နိုင်ပါတော့မည်နည်းးးးးးးးးးးးးးးးးး ။။။။။။။။။။။။

Read More...

Monday, July 02, 2007

ဂြိုလ်မွှေသောထိုစနေ ( July 19 )


ဇူလိုင်မိုးစက်လေးများဖွဲဖွဲကျတိုင်း ရင်ထဲ ၊ အတွေးထဲ ၀င်လာသည်က “ဇူလိုင်၁၉” .. ။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ အဖြစ်အပျက်ကို ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ထပ်မံဖော်ပြလိုက်ပါတယ်။

ဂြိုလ်မွှေသောထိုစနေ

“ဗိုလ်ချုပ် ၊ နက်ဖြန် ၀န်ကြီးအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော်ကော်မတီ အစည်းအဝေးကလည်း နက်ဖြန် ၁၀နာရီပဲ ဖြစ်နေတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ”

“ဟေ ဟုတ်လား ဒါဖြင့် နက်ဖြန် လွှတ်တော်ကော်မတီကိုပဲ တက်မယ်။ အီးစီ (ဘုရင်ခံ၏ အမှုဆောင်အဖွဲ့)ကို စနေနေ့မနက် ပြောင်းလုပ်လိုက်ကွာ”

အထက်ပါမေးခွန်းကို မေးသူမှာ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)ဖြစ်ပြီး အဖြေနှင့်တကွ ညွှန်ကြားချက်ပါ တစ်ပါတည်း ပေးလိုက်သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။

ထိုနေ့ထိုရက်မှာ ၁၉၄၇ခု ၊ ဇူလိုင်လ ၁၅ရက် အင်္ဂါနေ့ဖြစ်သည်။ ဗြိတိသျှတို့သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့် (၁၉၄၅ခုနှစ်)နောက်ပိုင်း မြန်မာပြည်အား ဗြိတိသျှဘုရင်ခံတစ်ဦး ခေါင်းဆောင်သည့် ၀န်ကြီးများအဖွဲ့တစ်ဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်အဖွဲ့ဟု အမည်ပေး အုပ်ချုပ်လာခဲ့သည်။

အဆိုပါ ၀န်ကြီးများအဖွဲ့ အစည်းအဝေးများကို ၁၉၄၆ခုနှစ်အထိ အဖွဲ့၏သဘာပတိဖြစ်သော ဘုရင်ခံ၏အိမ်တော်တွင် ကျင်းပလာခဲ့ရာမှ ၁၉၄၇ခုနှစ် ၊ ဇန်န၀ါရီလတွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဘုရင်ခံအိမ်တော်မှ အတွင်းဝန်ရုံးသို့ ပြောင်းရွှေ့ကျင်းပခဲ့ကြသည်။

ထို့ပြင် အထက်ပါ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရတို့က လွတ်လပ်ရေးပေးရန် သေချာသလောက်ဖြစ်နေခဲ့ရာ ၀န်ကြီးများအဖွဲ့၏ သဘာပတိဖြစ်သူ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ၁၉၄၇ခုနှစ် ဇန်န၀ါရီလမှစ ၀န်ကြီးများအစည်းအဝေးသို့ တက်ရောက်လာခြင်းမရှိတော့ဘဲ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကပင် သဘာပတိအဖြစ် ရှေ့ဆောင်ရှေ့ရွက်ပြုကာ ကျင်းပခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် တာဝန်ထမ်းဆောင်နေရသော ဗိုလ်ထွန်းလှသည် အထက်ပါဝန်ကြီးများ အစည်းအဝေးအပါအ၀င် ဗိုလ်ချုပ်၏ နေ့စဉ်နှင့်အမျှ များပြားလှသော အလုပ်တာဝန်များ ၊ ချိန်းဆိုချက်များနှင့် အခြားအရေးတကြီး ဆောင်ရွက်ရန်ရှိသည့် ကိစ္စရက်များကို သူ့နေ့နှင့်သူ ၊ သူ့အချိန်နှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အတိအကျစီစဉ်မှတ်သားပြီး ဗိုလ်ချုပ်ထံ နေ့စဉ်တင်ပြရသည်။

သို့နှင့်ပင် ဗီုလ်ထွန်းလှသည် သူ၏နေ့စဉ်လုပ်ငန်းတစ်ခုအဖြစ် ဗိုလ်ချုပ်၏ “အလုပ်တာဝန်ဇယား”ကို စီစဉ်မှတ်သားလာခဲ့ရာမှ ဇူလိုင်လ ၁၆ရက် ဗုဒ္ဓဟူးနေ့အတွက် အစည်းအဝေးနှစ်ခုမှ မမျှော်လင့်ဘဲ အချိန်ချင်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။

ဝန်ကြီးများအဖွဲ့မှာ အရေးပေါ်အစည်းအဝေးများမှတစ်ပါး သာမန်အစည်းအဝေးများကို တစ်ပတ်လျှင် တစ်ကြိမ်ကျ ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀နာရီတွင် ကျင်းပမြဲဖြစ်သည်။ သို့သော် ယခုအပတ် ထိုနေ့ ထိုရက် ထိုအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော်ကော်မတီ အစည်းအဝေးနှင့် အချိန်ချင်းသွားတိုက်ဆိုင်နေသည်ကို တွေ့နေရသဖြင့် ဗိုလ်ထွန်းလှသည် ထိုအကြောင်းကို တစ်ရက်ကြိုတင် ဇူလိုင်လ၁၅ရက်နေ့ အင်္ဂါနေ့ နံနက်တွင် ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကလည်း အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ တင်ပြချက်အပေါ်တွင် ထွေထွေထူးထူး ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ “အီးစီကို စနေနေ့မနက်ပြောင်းလုပ်လိုက်ကွာ”ဟူ အဆုံးအဖြတ်ပေးကာ အမှတ်မထင် ညွှန်ကြားခဲ့သည်။

ယင်းစနေ ၊ ထိုစနေကား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာပြည်ကြီးအား ဂြိုလ်မွှေခဲ့သည့် ဇူလိုင်၁၉ရက် စနေနေ့ပင်တည်း။

သို့နှင့်ပင် ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ ကတ်ဘိနက် ( Cabinet ) အဖွဲ့ဝင် ၀န်ကြီးအားလုံးထံ ၀န်ကြီးများအစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် မကျင်းပဖြစ်ဘဲ စနေနေ့တွင်မှ ကျင်းပမည်ဖြစ်ကြောင်း အချိန်မီအကြောင်းကြားနိုင်ခဲ့ပါသည်။

၁၉၄၇ခုနှစ် ၊ ဇူလိုင်လ ၁၉ရက် စနေနေ့

မြန်မာနိုင်ငံ၏ ရာသီဥတု အနေအထားအရ အထူးသဖြင့် အောက်မြန်မာနိုင်ငံ၏ ရာသီဥတုအစဉ်အလာအရ ဇူလိုင်ဆိုလျှင် မိုးဖြိုင်ဖြိုင်ရွာမြဲပင်ဖြစ်သည်။

နေ့စဉ် သတင်းစာများ “ယနေ့ ရန်ကုန်မြိုနှင့် အနီးတစ်ဝိုက်တွင် အများအားဖြင့် တိမ်ထူထပ်နေပြီး မိုးတစ်ပြိုက်နှစ်ပြိုက် ရွာမည်”ဟူ ဖတ်ရှုကြသလို မြန်မာ့အသံမိုးလေ၀သ သတင်းမှနေ “ယနေ့ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးသားများ အုံ့ဆိုင်းပြီးမိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချူန်းရွာဖွယ်ရာ ရှိပါသည်”ဟူသော ကြေငြာချက်ကို နေ့စဉ်ကြားနေကြရသည်။

သို့ဖြင့် နေ့စဉ်နေ့တိုင်း မွန်းလွဲပိုင်းတွင် အုံ့ဆိုင်းမှုန်မှိုင်းနေတတ်ပြီး ညနေစောင်းသည်နှင့်တစ်ပြိုင်နက် အညိုးကြီးစွာ သဲသဲမဲမဲအချိန်မှန်ရွာလေ့ရှိသော ရန်ကုန်မိုးသည် ဇူလိုင်လ ၁၉ရက်နေ့တွင်မူ ထူးထူးခြားခြား နံနက်စောစော အိပ်ရာထချိန်မှစ ဖွဲ့လိုက်သဲလိုက်ဖြင့် ရွာနေခဲ့သည်။

“ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်” ပတ်ဝန်းကျင်တွင် မိုးသားများဖုံး ကောင်းကင်ပြင်တစ်ခုလုံး ညိုမှောင်မှိုင်းပျနေသည်။

အချိန်မှာ နံနက် ၁၀နာရီ ထိုးလုနီးပြီဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရုံးချိန်ရောက်လာပြီ ဖြစ်သဖြင့် အ၀တ်အစားများလဲကာ တာဝါလိမ်းလမ်း ( Tower Lane ) နေအိမ်အပေါ်ထပ်မှ လှေကားအတိုင်း ခပ်သွက်သွက်ကလေး ဆင်းလာသည်။

ယနေ့အဖို့ရာ နံနက်စောစောစီးစီး မိုးသားများ အုံ့ဆိုင်းမှိုင်းပျ သဲလိုက်ဖွဲလိုက်ဖြင့် ထူးထူးခြားခြား မိုးများရွာသန်းနေသလို ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ခါတိုင်းကဲ့သို့ ယူနီဖောင်းဝတ်စုံဖြင့် မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည် ၊ သနပ်ခါးရောင် မန္တလေးပိုးတိုက်ပုံနှင့် အဖြူရောင်သဲကြိုးတပ်ထားသည့် လေယာဉ်ပျံဖိနပ်စသည်တို့ဖြင့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားသည်ကို ထူးထူးခြားခြားတွေ့ရသည်။

ဗိုလ်ချုပ်သည် နေအိမ်မှအထွက် ကားပေါ်တက်ခါနီးတွင် အငယ်ဆုံးသမီးထွေးလေး မမစုကို ခါတိုင်းကဲ့သို့ပင် တယုတယ နမ်းရှုပ်နှုတ်ဆက်ခဲ့သေးသည်။

မမစုကား ၂ခါလည်မျှသာရှိသေး ဗိုလ်ချုပ်၏ တတိယမြောက်သမီးထွေးဟု ဆိုရသော်လည်း မမစုအောက် စတုတ္ထသမီးကလေးတစ်ယောက် ၁၉၄၆ခုနှစ်က ရခဲ့ဖူးသည်။ သို့သော် ထိုသမီးကလေးမှာ မွေးဖွားပြီး ၅ရက်မျှနှင့်ပင် ကွယ်လွန်သွားရှာခဲ့ရာ ဗိုလ်ချုပ်သည် မမစုကိုပင် သမီးထွေးအဖြစ် အတိုးချ ချစ်နေရသည်။

ညနေရုံးဆင်းလာသည့်အခါတိုင်း ကားပေါ်မှဆင်းလျှင်ဆင်းချင်း အခြားဘာကိုမှ မလုပ်သေးမီ ဗိုလ်ချုပ်သည် “ဖေဖေပြန်လာပြီ”ဟူ မပီကလာပီဖြင့် ၀မ်းသာအယ်လဲ ဆီးကြိုလေ့ရှိသော သမီးထွေးကလေးမမစုကို ယုယစွာ ပွေ့ချီနမ်းရှုပ်လေ့ရှိသကဲ့သို့ နံနက်ရုံးတက်ချိန် အိမ်မှအထွက်တွင်လည်း သမီးထွေးကလေးကို ချစ်ခင်ကြင်နာစွာ နမ်းရှုပ်နှုတ်ဆက်၇သည်မှာ ဗိုလ်ချုပ်၏ နိစ္စဓူဝ နေ့စဉ်အကျင့်ဖြစ်နေခဲ့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်သည် တာဝါလိမ်းနေအိမ်မှ ၁၀နာရီခန့်တွင် သူ၏ကားနက်ကလေး အာရ်အေ-၂၈၇၄ ( RA- 2874) ဖြင့် ထွက်လာခဲ့ရာ ၁၀နာရီ ၁၀မိနစ်သာသာ အချိန်တွင် အတွင်းဝန်များရုံး၏ အလယ်ဗဟို ၊ လှေကားခြေရင်းသို့ အဆိုပါ ကားနက်ကလေးသည် ငြိမ့်ခနဲထိုးဆိုက်လိုက်သည်။

ထိုအချိန်တွင် အတွင်းဝန်များရုံး အပေါ်ထပ် ၊ ဗိုလ်အောင်ကျော်လမ်းဘက်ရှိ ကာကွယ်ရေးဝန်ကြီး၏ ရုံးခန်းထဲတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအားလုံး စုံစုံညီညီရောက်ရှိနေကြပြီဖြစ်သည်။

ရုံးအုပ်ကြီး ဦးခ ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနှင့်တကွ ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်တို့မှာ ယနေ့နံနက် ၀န်ကြီးများအစည်းအဝေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ၊ ဖိုင်တွဲများနှင့် မှတ်တမ်းစာတွဲများကို ရှာဖွေစုဆောင်းကာ အစည်းအဝေးကျင်းပမည့် အခန်းသို့ တစ်ခုပြီးတစ်ခု ပို့ပေးရင်း ၀င်ချေထွက်ချေဖြင့် အလုပ်များနေကြသည်။

ခဏအကြာတွင် လှေကားမှ ခြေသံများကို ကြားကြရပြီး ဗိုလ်ထွန်းလှနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ့ဆင့်နောက်ဆင့် တက်လာကြသည်ကို တွေ့မြင်ကြရသည်။

ဗိုလ်ထွန်းလှသည် လှေကားပေါ်တွင် ဗိုလ်ချုပ်ရှေ့ကနေ တက်လာခဲ့သည်မှာ အကြောင်းရှိသည်။

သူသည် ယနေ့မှသာမဟုတ် ၊ နေ့စဉ် ဗိုလ်ချုပ်အတွင်းဝန်ရုံးသို့ လိုက်ပါလာတိုင်း ဗိုလ်ချုပ်စီးလာသော ကားပေါ်မှ သူအရင်ရှေ့ကဆင်း အတွင်းဝန်ရုံးလှေကားပေါ်သို့ တက်ရာတွင်လည်း သူက ရှေ့ကအမြဲတက်ခဲ့လေ့ရှိသည်။

သူသည် ဗိုလ်ချုပ်နှင့် အခြားအစည်းအဝေးများ ၊ ဧည့်ခံပွဲများနှင့် ရံဖန်ရံခါ ညနေခင်း ဟိုဟိုသည်သည် အလည်သွားရာတွင်ဖြစ်စေ ၊ ယုတ်စွအဆုံးရုပ်ရှင်စသော ပွဲလမ်းသဘင်များ သွားရာလာရာတွင်ဖြစ်စေ ဗိုလ်ချုပ်၏ အပါးတော်မြဲအဖြစ် နောက်မှအမြဲတစေလိုက်ပါနေခဲ့ရသည်။

ထိုသို့ သွားလေရာ ဗိုလ်ချုပ်နောက်မှ တကောက်ကောက် လိုက်ပါနေရသော ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အတွက် အစစအရာရာ အမြဲတစေသတိထား ကာကွယ်စောင့်ရှောက်ခဲ့သည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် ၁၉၄၆ခုနှစ်အတွင်း ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် မြန်မာပြည်အရပ်ရပ်သို့ မီးရထား ၊ မော်တော်ကား စည်တို့ဖြင့် ကုန်းကြောင်းခရီးမှသော်လည်းကောင်း ၊ သဘောင်္ လှေ သမ္ဗာန် စသည်တို့ဖြင့် ရေကြောင်းခရီးမှ လည်းကောင်း ၊ လေယာဉ်ပျံဖြင့် လေကြောင်းခရီးမှလည်းကောင်း ၊ ခရီးအတန်တန်နေ့ရောညပါ သွားလာ စည်းရုံးရေးဆင်းခဲ့သည်။ ထိုစဉ် ဗိုလ်ထွန်းလှသည် မီးရထား ၊ မော်တော်ကား ၊ သင်္ဘော ၊ လေယာဉ်ပျံ စသည်တို့မှ တက်ရာ၌လည်းကောင်း ၊ ဆင်းရာ၌လည်းကောင်း ဗိုလ်ချုပ်အရင်တက်၍ ဗိုလ်ချုပ်အရင် ရှေ့ကဆင်းလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ရာအန္တရာယ်ကျရောက်လာခဲ့ပါက မိမိသာ ရှေ့က အသေခံမည်။ ဗိုလ်ချုပ်ကို လုံးဝမထိခိုက်စေရ”ဟူသော ရဲဘော်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်လိုသောကြောင့် ဖြစ်သည်။

အထူးသဖြင့် မိမိအား တက္ကသိုလ်ကျောင်းသားဘ၀က ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်အဖြစ်လည်းကောင်း ၊ ဗမာ့တပ်မတော် ရဲဘော်ဟောင်းတစ်ယောက်အနေဖြင့် လည်းကောင်း ချစ်ခင်ရင်းနှီးစွာနှင့် ယုံကြည်စိတ်ချစွာ အပါးတော်မြဲ အတွင်းဝန်တစ်ယောက်အဖြစ် အစစအရာရာ ပုံအပ်ထားခဲ့သည့် ဗိုလ်ချုပ်အတွက် အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်ဟူသော စိတ်ထားမှာ ဗိုလ်ထွန်းလှ၏ ရင်တွင်း၌ အမြဲတစေကိန်းအောင်းနေခဲ့သည်။

သို့ဖြစ်ရာ ဗိုလ်ထွန်းလှသည် ယနေ့အဖို့ရာ၌လည်း အတွင်းဝန်ရုံး လှေကားမှတစ်ဆင့် ၀န်ကြီးများ အစည်းအဝေးကျင်းပရာ ခန်းမဆောင်ထဲသို့တိုင်အောင် ဗိုလ်ချုပ်ရှေ့မှဝင်လာခဲ့ပြီးနောက် အစည်းအဝေးအတွက် လိုအပ်သော ဖိုင်တွဲများ ၊ မှတ်စုမှတ်တမ်းမျးကို ဗိုလ်ချုပ်ထိုင်မည့် စားပွဲထိပ်တွင် ချထားပေးလိုက်သည်။

ထို့နောက် စားပွဲထိပ်မှ သဘာပတိထိုင်မည့် ကုလားထိုင်ကြီးကို လူတစ်ယောက်ဝင်သာအောင် နောက်သို့ အနည်းငယ်ဆွဲပေးပြီးနောက် ထိုကုလားထိုင်တွင် ဗိုလ်ချုပ်ဝင်ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းမမှ သူ၏ရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းအး အစဉ်တစိုက် ကာကွယ်စောင့်ရှောက်လာခဲ့သော အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ထိုအခိုက်တန့်ကလေးတွင် ရန်ကုန်မြို့လယ် အတွင်းဝန်များရုံး အပေါ်ထပ်ဝန်ကြီးများ အစည်းအဝေးခန်းမတွင်း၌ မည်သို့မျှ အန္တရာယ်ဖြစ်ဖွယ်မရှိဟူသော အတွေးဖြင့် သူ့ရုံးခန်းထဲတွင် စိတ်အေးလက်အေး ရှိနေခဲ့သည်။

သို့သော် သူသည် ဗိုလ်ချုပ်အား အစည်းအဝေးခန်းမထဲတွင် ယခုတစ်ကြိမ်တွေ့မြင်ခဲ့ရခြင်းသည် အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ မြင်ခဲ့ရခြင်း ဖြစ်လိမ့်မည်ဟူ၍ ထိုစဉ်က စိုးစဉ်းမျှ မထင်မိခဲ့။

ထို့အတူ ဗိုလ်ချုပ်အဖို့ရာ၌လည်း မိမိသဘာပတိအဖြစ် ဆောင်ရွက်ကျင်းပသော ဤ၀န်ကြီးများ အ၀ည်းအဝေးသည် နောက်ဆုံးအစည်းအဝေးဖြစ်သည်ဟူ၍ လုံးဝရိပ်စားမိရှာခြင်း မရှိခဲ့။ ဗိုလ်ချုပ်သာလျှင် မဟုတ် ၊ အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများသည်လည်း ဤအချက်ကို အလျဉ်းမစဉ်းစားမိခဲ့ကြ။

ဝန်ကြီးများအစည်းအဝေးကား စတင်ကျင်းပနေလေပြီ။

အပြင်ဘက်တွင်မူ ရန်ကုန်မိုးသည် ခပ်ဖွဲဖွဲကလေး ရွာနေဆဲတွင်ပင် ဖြစ်သည်။ ထိုအခိုက် မိုးထဲရေထဲတွင် ဂျစ်ကားတစ်စီးသည် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)အတိုင်း ပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်၍ အနောက်မှအရှေ့သို့ မောင်းနှင်လာပြီးနော် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း)သို့ ရောက်သောအခါ ညာဘက်သို့ ချိုးလိုက်သည်။

ကားပေါ်တွင် မောင်းသူအပါအ၀င် လူ၅ယောက် လိုက်ပါလာသည်ကို တွေ့ရသည်။ ကားမောင်းသူမှာ ရှပ်အကျီလက်တိုအဖြူ ၊ စစ်ဘောင်းဘီရှည် အစိမ်းရင့်ရောင်ကို ၀တ်ဆင်ထား၍ ကျန်၎ယောက်စလုံးမှာမူ အစိမ်းရင့်ရောင် ယူနီဖောင်းများဖြင့် ဖြစ်ကြသည်။

ဂျစ်ကားကလေးသည် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း)ထဲသို့ ချိုးဝင်လာခဲ့ရာမှ တစ်ဖန် ဖရေဇာလမ်း (ယခု အနော်ရထာလမ်း)ကို ဖြတ်ကျော်လာခဲ့သည်။

ထို့နောက် အတွင်းဝန်ရုံး တောင်ဘက်ဂိတ်ဝသို့ ရောက်လာသည်တွင် စက်အရှိန်ကိုလျှော့ကာ အတွင်းဝန်များ ရုံးဝင်အတွင်းသို့ဝင်ရန် ကားစက်ခေါင်းကို ဘယ်ဘက်သို့ဦးတည်လိုက်သည်။

ထိုအချိန်မှာ ရုံးတက်စအချိန် ၁၀နာရီခွဲခန့်သာ ရှိသေးသည်ဖြစ်ရာ အတွင်းဝန်များရုံး တောင်ဘက်ဂိတ်ဝတွင် အရာရှိကြီးငယ်တို့ ကားကြီး ကားငယ်များ ရှေ့ဆင့်နောက်ဆင့် ၀င်နေကြသဖြင့် ဂျစ်ကားကလေးသည် ဂိတ်ဝတွင် ခေတ္တမျှ ရပ်စောင့်နေရသည်။

ခဏအကြာတွင် မိမိရှေ့မှ ကားများ တစ်စီးပြီးတစ်ပြီး ၀င်သွားကြသဖြင့် ဂျစ်ကားကလေးသည်လည်း ဘီးကို ခပ်ဖြည်းဖြည်းလှိမ့်ကာ အတွင်းဝန်များရုံးသို့ ၀င်လာခဲ့သည်။

ဂျစ်ကားကလေးသည် အတွင်းဝန်များ ရုံးဝင်းအတွင်း တစ်နေရာသို့အရောက်တွင် စက်မရပ်ဘဲ အရှိန်သတ်လိုက်ရာမှ လူ၎ယောက်သည် ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာကြသည်ကို တွေ့ရသည်။

သူတို့၎ယောက်စလုံးသည် အစိမ်းရင့်ရင့် စစ်ယူနီဖောင်းများ ၀တ်ဆင်ထားကြ၍ ပခုံးတွင်လည်း ၁၂ နာပါတ် စစ်တပ် ( X11 Army ) တံဆိပ်တပ်ဆင်ထားကြသည်။ သို့ရာတွင် သူတို့စီးလာကြသော ဖိနပ်များမှာ ကင်းဗတ်ဖိနပ်ရှည် ( Canva Shoes ) များ ဖြစ်နေကြသည်။

သူတို့၎ယောက်အနက် ၃ယောက်မှာ တော်မီသေနတ် ( Tomy Gun ) များ ကိုင်ထားကြပြီး ကျန်တစ်ယောက်၏ လက်ထဲတွင်မူ စတင်းသေနတ် ( Sterm Gun ) တစ်လက်ကို တွေ့ရသည်။

ဂျစ်ကားကလေးသည် သူတို့၎ယောက်ကို ချထားခဲ့ပြီး ထိုနေရာတွင် မရပ်ဘဲ ဆက်လက် မောင်းလာခဲ့ရာ တစ်ယောက်က ကားမောင်းသူအား “ကားကို စက်မရပ်ထားနဲ့” ဟူ လှမ်းပြောလိုက်သည်။

လက်နက်ကိုင် ယူနီဖောင်းဝတ်များ အတွင်းဝန်များရုံး အပေါ်ထပ်သို့ ပြေးတက်သွားကြသော အချိန်တွင် ဂျစ်ကားကလေးသည် ရုံးဝင်းအတွင်းတစ်နေရာ ရပ်စောင့်နေသည်ကို တွေ့ရသည်။ ကားရပ်ထားသော်လည်း စက်သံကိုမူ ခပ်အုပ်အုပ်ကလေး ကြားနေရဆဲပင် ဖြစ်သည်။

မကြာမီ အတွင်းဝန်များရုံး ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ “ ဒိုင်း .. ဒိုင်း . ဒိုင်း … ဒက် … ဒက်” ဟူသော သေနတ်သံများ ဆက်ကာဆက်ကာ ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရသည်။

အပါးတော်မြဲ ဗိုလ်ထွန်းလျသည် သေနတ်သံများကို ကြားလျှင်ကြားချင် ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် “၀န်ကြီးတွေတော့ အပစ်ခံရပြီ”ဟု ချက်ချင်းတွေးမိကာ သူ့ရုံးခန်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။

သူနှင့်အတူရှိသော ဗိုလ်သန်းဝင်းမှာလည်း အခန်းအပြင်ဘက်သို့ ၀ုန်းခနဲ ပြေးထွက်လာခဲ့သည်။

ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်တို့ အစည်းအဝေး ကျင်းပနေကြသော အခန်းဝသို့ရောက်လျှင် ရောက်ချင်း “ဆင်နားရွက်” တံခါးလေးကို ကမန်းကတန်းတွန်းအတွင်းသို့ ကြည့်လိုက်မိသည်။

ခပ်စောစောက မောင်းပြန်သေနတ်သံများဖြင့် ဆူညံသွားခဲ့သော အခန်းကြီးမှာ ယခုအခါ တစ်ခန်းလုံး ဘာသံမှ မကြားရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေလျက် ယမ်းငွေ့ယမ်းနံ့များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

ထိုသို့ ယမ်းငွေ့တလူလူ ဖြစ်နေဆဲပင် ရှိသေးသော ခန်းမကြီးထဲတွင် မြင်လိုက်ရသော မြင်ကွင်းကား ဗိုလ်ထွန်းလှအဖို့ သူ့တစ်သက်တာတွင် ဘယ်သောအခါမှ မေ့ရက်စရာမရှိသော မြင်ကွင်းပင်ဖြစ်သည်။

အစည်းအဝေးစားပွဲကြီး၏ တစ်ဖက်တစ်ချက်တွင် ၀န်ကြီးများဖြစ်ကြသော ဒီးဒုတ်ဦးဘချို ၊ သခင်မြ ၊ ဆရာကြီး ဦးရာဇတ် ၊ ဦးဘ၀င်း ၊ မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာ ကြမ်းပြင်ပေါ်တွင် မကြည့်ရက် ၊ မမြင်ရက်စရာ သွေးသံရဲရဲဖြင့် အတုံးအရုံး လဲကျနေကြလေပြီ။ ပွိုင့် ၄၅ ( .45 ) နှင့် ပွိုင့် ( .35 ) အမျိုးအစား သေနတ်ကျည်ဆံအခွံများမှာလည်း တစ်ခန်းလုံး ကြမ်းပြင်အနှံ့ ပြန့်ကျဲနေတော့သည်။

လျှပ်တစ်ပြက်အတွင်း အိပ်မက်ပမာ ယုံနိုင်ဖွယ်ရှာမရှိဘဲ ကြေကွဲနာကြည်းစရာ ကောင်းသည်နှင့်အမျှ တုန်လှုပ်ချောက်ချားစရာ ကောင်းလှသည့် အနိာရုံ မြင်ကွင်းကြီးကို ရုတ်တရက်မြင်လိုက်တွေ့လိုက်ရသော ဗိုလ်ထွန်းလှမှာ ခေါင်းထဲတွင် မိုက်ခနဲဖြစ်ကာ မှင်သက်မိသွားသည်။

ထိုအခိုက် ရုတ်တရက် အသက်မသေသေးဘဲ ရှိနေရှာသေးသော မိုင်းပွန်စော်ဘွားကြီး စောစံထွန်းသည် လဲကျနေရာမှ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြင့် ဒယိမ်းဒယိုင်ထ ဗိုလ်ထွန်းလှဆီသို့ ကယောင်ကတမ်း လျှောက်လာရာမှ ဗိုလ်ထွန်းလှသည် စောစံထွန်းအား ပြန်လဲကျမသွားစေရန် အတင်းပင် အထိုင်ခိုင်းရတော့သည်။

ထို့နောက် သူချစ်ကြည်လေးစားလှသော ဗိုလ်ချုပ်လဲကျနေသော နေရာသို့ အပြေးအလွှား သွားကြည့်လိုက်သည်။

ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ စားပွဲထိပ်တွင် သူထိုင်သော ကုလားထိုင်ကြီးနှင့်အတူ ပက်လက်လန် လဲကျနေရှာပေပြီ။ သေနတ်ဒဏ်ရာ ၃ ချက်ခန့်ဖြင့် ရင်အုံမှထွက်လာသော သွေးများသည် သနပ်ခါးရောင် ပိုးတိုက်ပုံတွင် ရဲရဲနီနေသည်။

ဗိုလ်ထွန်းလှသည် ဒရောသောပါးဖြင့် ဗိုလ်ချုပ်ကိုပွေ့ကာ ကမန်းကတန်း ကိုယ်ကိုစမ်းကြည့်လိုက်သည်။

လုံးဝ သွေးမတိုးတော့ ။ လုံးဝ အသက်မရှိတော့။

ဗိုလ်ချုပ်ကား ကျဆုံးခဲ့လေပြီ။

လွန်ခဲ့သော အင်္ဂါနေ့နံနက်က “အီးစီကို စနေနေ့မနက် ပြောင်းလုပ်လိုက်ပါကွာ”ဟူ ညွှန်ကြားပြောဆိုခဲ့သော ဗိုလ်ချုပ်သည် ထိုစနေဖြစ်သော ဇူလိုင်လ ၁၉ ရက် ၊ နံနက် ၁၀နာရီ ၃၇မိနစ်တိတိ အချိန်မှာပင် မသာမာသူ လူသတ်သမားတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပေပြီ။

ထိုစနေကား ဂြိုလ်မွှေသော စနေတည်းးးးးးး ။


သွေးစွန်းခဲ့သောနေ့ရက်များ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။




Read More...