မြက်ရိုင်းကြားကပန်းတစ်ပွင့်
နှင်းမှုန်ကြားရဲ့မနက်ခင်း
သွေးသံရဲရဲနှစ်တစ်ခုထဲ
အမိရဲ့မွေးဖွားသန့်စင်မှုကြား
လူ့လောကထဲစတင်ဝင်ရောက်လာ
ငယ်စဉ်ကတည်းက
စေတနာနဲ့ယုံကြည်ချက်တစ်ခုကိုလွှင့်တင်
ဝါသနာတစ်ခုနဲ့သာ
ဒီနေ့အထိ (ငါ) တည်ရှိနေခဲ့တာပါ .. ။
ထားရှိခဲ့တဲ့စေတနာတွေ
ဘ၀ရဲ့သူငယ်ချင်းဆိုတာတွေက
အကြိမ်ကြိမ်နောက်ကျောထိုး
ခါးသီးတဲ့ဆင်းရဲမှုကြားလဲ
ငါကြံ့ကြံ့ခံခဲ့ဖူးပါတယ် .. ။
စေတနာတွေသဲထဲရေသွန်သလို
ရင်ထဲရှိတာဆုံးဖြတ်တိုင်းလည်း
အမြဲအပြစ်တင်ခံရတာတွေများလွန်းလို့
“ငါးဖယ်”ဆိုတဲ့ဘွဲ့တစ်ခု
ငါဦးထိပ်ဆင်နိုင်ခဲ့ပါပြီ .. ။
ငါသိပါတယ်
ငါလုံးဝအသုံးမကျတာ ..
ငါသိပါတယ်
ငါငတုံးဆိုတာ …
ငါသိပါတယ်
ရင့်ကျက်တယ်လို့လူတွေပြောပေမယ့်
ငါမရင့်ကျက်နိုင်သေးတာ .. ။
တော်ဝင်သဇင်လဲမဟုတ်
မြင့်မြတ်တဲ့နှင်းဆီလဲမဟုတ်
တကယ်ဆို .. ငါက
မုန်တိုင်းထန်တဲ့လွင်ပြင်ထဲ
ကြိုးစားထိုးထွက်နေတဲ့
မြက်ရိုင်းကြားက ပန်းတစ်ပွင့်ပါ ..။
သန့်စင်သောစေတနာ
ကိုးကွယ်သော မာန
ငါယုံကြည်ရာငါလျှောက်လှမ်း
စေတနာတွေလှိုက်လှိုက်မွေးခဲ့ပေမယ့်
တစ်ဘို့တည်းကြည့်တတ်ကြသူတွေက
စေတနာတွေအသိမှတ်မပြု
ရင်ကိုတူးဆွကြလွန်းလို့
ပန်းနဲ့ပေါက်ရင်တောင်
ရင်တစ်ခုလုံး နာချင်လာတယ် .. ။
ဗုဒ္ဓရဲ့အဆုံးအမတွေအောက်
ငါမကျင့်ကြံနိုင်သေးလို့
သဲထဲရေသွန်သလို
ခဏခဏလဲပြိုတဲ့စေတနာတွေအတွက်
ရင်တစ်ခုလုံးဒဏ်ရာတွေပြည့်ခဲ့ပေမယ့်
ခဏခဏလာမစော်ကားနဲ့
မြက်ရိုင်းကြားကပန်းတစ်ပွင့်မှာ
မဟုတ်မခံ မာနဆူးတွေတော့ ကိန်းဝပ်နေတယ် .. ။
လင်းလက်ကြယ်စင်
3 comments:
သိပ်ကောင်းတယ်ညီမလေးရယ်။ ဆက်ကြိုးစားပါ။ အားပေးလျှက်ရှိပါတယ်။ အစ်ကိုက ကဗျာများများမရေးနိုင်ဘူး။ တခါတလေဘဲ ရေးနိုင်တယ်။ သူများရေးတဲ့ကဗျာတွေကို ပိုကြိုက်တယ်။
လေးစားစွာဖြင့်
အစ်ကို (သာလှဦး)
wonderful poem . You are such a brilliant writer. Carry on nyi ma lay.
လင်းလက်ရေ စိတ်ဓါတ်မကျပါနဲ့၊ ကိုယ့်ကို ဝေဖန်သွားတဲ့လူတွေအတွက်ကို သိပ်ပြီးမခံစားပါနဲ့။ ကိုယ်လုပ်နိုင်တဲ့အပိုင်းကနေ ကိုယ်လုပ်ပေးနေတာကို က တိုင်းပြည်အတွက်အကျိုးပြုနေတာပါ။ ဆက်လက်ပြီး၊ တတ်နိုင်တဲ့ဘက်ကနေလုပ်ပေးပါ။ လင်းလက်ရေ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် ကို စိတ်ဝင်တစ်စားနဲ့လုပ်ပေးနေတာကိုက အရမ်းကို လေးစားပါတယ်။
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။