Thursday, October 09, 2014

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ဆေးရုံရွေးချယ်ခြင်းနှင့်ကုန်ကျစရိတ်များ


စင်ကာပူမှာနေထိုင်နေသော သားသမီးယူမည့် အိမ်ထောင်ရှင်အမျိုးသမီးများနှင့် ကိုယ်ဝန်ရှိကာစမိခင်လောင်းများအတွက် သိသလောက် အကြံပြုရေးသားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိချိန်မှာ ပထမဆုံးစဉ်းစားကြတာက သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်နဲ့ ဆေးရုံရွေးချယ်ကြခြင်းပါပဲ။ ဘယ်ဆရာဝန်ကောင်းလဲ ၊ ဘယ်ဆေးရုံကောင်းလဲ ၊ ဘယ်လိုမွေးရမလဲ ၊ စရိတ်ဘယ်လောက်ရှိလဲ သိချင်ကြတယ်။ 

ရိုးရိုးမွေးခြင်းနှင့်ခွဲစိတ်မွေးခြင်း
 
 စင်ကာပူနိုင်ငံမှာ ရိုးရိုးမွေးတာနဲ့ ခွဲစိတ်မွေးတာ ဆရာဝန်လက်ခ သိပ်မကွာတာရော ၊ သဘာဝအတိုင်းမွေးခြင်းကို အားပေးကြတာရောကြောင့် မိခင်ရဲ့ကိုယ်ဝန်အနေအထား အားလုံးချောမွေ့ရင် ရိုးရိုးပဲမွေးရပါတယ်။ ရိုးရိုးမွေးလို့ရပေမယ့် ခွဲမွေးချင်ကြောင်း တောင်းဆိုဖို့ အတော်ခက်ပါတယ်။ ဆရာဝန်အများစုက အားမပေး ငြင်းဆန်ကြပါတယ်။ epidural ထုံဆေးထိုးပြီး ရိုးရိုးမွေးလို့ရတာကြောင့် သဘာဝအတိုင်းပဲ မွေးကြတာ များပါတယ်။ အခြားအခက်အခဲရှိသူများကိုတော့ ခွဲစိတ်မွေးဖွားဖို့ ဆရာဝန်က ပြောပါတယ်။ ကလေးကြီးထွားလွန်းရင် ၊ ကလေးရဲ့ခေါင်း မွေးလမ်းကြောင်းနဲ့ ပြောင်းပြန်ဖြစ်နေရင် ၊ သားအိမ်နဲ့ကလေးချက်ကြိုးဆက်ထားတဲ့ placenta ကြိုး အပေါ်မှာမရှိဘဲ အောက်ဘက်ရောက်နေရင် ၊ သွေးတိုးရောဂါရှိနေရင် ခွဲစိတ်မွေးဖွားဖို့ ဆရာဝန်တွေကိုယ်တိုင် အကြံပေးပါတယ်။ ရိုးရိုးမွေးဖို့အားလုံးစီစဉ်ထားပြီး အရေးပေါ်အခြေအနေတစ်ခုခုကြောင့် ခွဲစိတ်မွေးဖွားလိုက်ရသူတွေလည်း ရှိပါတယ်။ ကိုယ်ဝန်စရှိချိန်မှာ ဘယ်လိုမွေးရမလဲ စိတ်ပူစရာ မလိုပါဘူး။ ကိုယ်ဝန်၃၀ပတ်ကျော်မှ အနေအထားအားလုံးကြည့်ပြီး ဆရာဝန်တွေက ဆုံးဖြတ်ပေးတာကြောင့် ကိုယ်ဝန်ရှိနေချိန် မိမိကိုယ်မိမိ သေချာဂရုစိုက်နေထိုင်ဖို့ပဲ လိုအပ်ပါတယ်။ 

ဆေးရုံရွေးချယ်ခြင်းနှင့် ကုန်ကျစရိတ်များ
 စင်ကာပူနိုင်ငံမှာ Permanent Resident နေထိုင်ခွင့်ရထားသူမိခင်လောင်း သို့မဟုတ် စင်ကာပူနိုင်ငံသားအမျိုးသမီးများအတွက် ရွေးချယ်ပိုင်ခွင့်၂ခုရှိပါတယ်။ အစိုးရဆေးရုံမှာ အစိုးရထောက်ပံ့ကြေး subsidized ဈေးနဲ့ မီးဖွားနိုင်သလို ထောက်ပံ့ကြေးမရတဲ့ non-subsidized ဈေးနဲ့ ပုဂ္ဂလိကဆေးရုံမှာ မီးဖွားလို့ ရပါတယ်။ Subsidized ဈေးက ဘာတွေသက်သာစေလဲဆိုတော့ လစဉ်ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ရတဲ့ စမ်းသပ်ခ ၊ ဆေးဝါးခ ၊ သွေးပေါင်ချိန် ဆီးစစ်ခ ၊ ultrasound ရိုက်ခအပါအဝင် အခြားလိုအပ်သော စစ်ဆေးခများအားလုံးမှာ တစ်ဝက်ကျော်လောက် သက်သာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတိုင်း မတူကြတာမို့ စစ်ဆေးမှုပိုလိုအပ်သူများအတွက် ပိုကုန်ကျမှာကို ထည့်သွင်းစဉ်းစားထားရပါမယ်။ လစဉ် subsidized ဈေးနဲ့ ပြထားသူမိခင်လောင်းများ မီးဖွားချိန်မှာလည်း ကုန်ကျစရိတ်၃ဆလောက် ပိုသက်သာပါတယ်။ မွေးဖွားမယ့်ကလေးရဲ့ ဆေးရုံမှာနေထိုင်စရိတ် ၊ လိုအပ်သောဆေးကုသစရိတ်နဲ့ စစ်ဆေးမှုများစရိတ်အားလုံးကိုလည်း subsidized ဈေးနဲ့ပဲ တွက်ချက်သွားပြီး medisave မှပေးလို့ရတာကြောင့် ကလေးအတွက်လည်း အကုန်အကျပိုသက်သာပါတယ်။ subsidized ဈေးနဲ့ ပြသူများဟာ မိမိစိတ်ကြိုက်ဆရာဝန်ကြီးတွေကို ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ဆေးရုံမှအလှည့်ကျပေးတဲ့ ဆရာဝန်နဲ့ပဲ ပြရပါတယ်။ အစိုးရဆေးရုံမှာ မိမိစိတ်ကြိုက်ဆရာဝန်ရှိလို့ ရွေးချယ်ချင်ရင် subsidized ဈေးနဲ့ မရပါဘူး။ ပုံမှန်ဈေးနဲ့ ပေးရပါတယ်။ 

 အစိုးရဆေးရုံမှာ subsidized ဈေးနဲ့ ပြသဖို့ ရည်ရွယ်ထားသူတွေ ကိုယ်ဝန်ရှိလာလို့ ဆေးရုံကိုတန်းပြီးဖုန်းဆက် appointment လုပ်ရင်လည်း subsidized မရပါဘူး။ စင်ကာပူအစိုးရဆေးခန်း ဆေးရုံတွေ ထုံးစံအတိုင်း အရင်ဆုံး နီးစပ်ရာဆေးခန်း polyclinic တစ်ခုခုမှာ ရိုးရိုးဆရာဝန်GP နဲ့ ပြလိုက်ပါ။ ကိုယ်ဝန်ရှိကြောင်း GP က စမ်းသပ်ပြီး မိမိပြချင်တဲ့ အစိုးရဆေးရုံနာမည်နဲ့ referral letter ရေးခိုင်းပါ။ ဆေးရုံက မိမိကိုဆက်သွယ်ပြီး ပထမဆုံး first appointment ရက် ပြောပါလိမ့်မယ်။ ဒါဆိုရင် အားလုံးမှန်ကန်ပြီး ရှေ့လတွေမှာ ဆက်လက်ပြသနေရုံပါပဲ။

 မိမိကိုယ်ဝန်ရှိနေမှန်းမသိဘဲ နေမကောင်းလို့ polyclinic GP နဲ့ပြပြီး အစိုးရဆေးရုံကြီးတစ်ခုခုမှာ ဆေးစစ်ဖို့ ရောက်သွားမိတာပဲဖြစ်ဖြစ် ၊ အခြားအကြောင်းအရာကြောင့် အစိုးရဆေးရုံချင်း ပြောင်းချင်တာပဲဖြစ်ဖြစ် ဆရာဝန်ကို memo ရေးခိုင်းပါ။ ဒါဆိုရင် subsidized ဈေးနဲ့ နောက်ဆေးရုံမှာ ဆက်လက်ပြလို့ရပါတယ်။ ဆရာဝန်ရဲ့စာမပါရင် ဆေးရုံအပြောင်းအလဲလုပ်တဲ့အခါ subsidized မပေးပါဘူး။ ကျွန်မကိုယ်ဝန်ရှိကာစက မသိခဲ့လို့ နေမကောင်းဖြစ်တယ်ထင်ပြီး အလုပ်ကပေးတဲ့ insurance နဲ့ Singapore General Hospital (SGH) မှာ ဆေးစစ်ခဲ့တယ်။ ကိုယ်ဝန်ရှိမှန်းသိရပြီး SGHမှ ဆရာဝန်နဲ့တွေ့ပြီးချိန်မှာ အမျိုးသမီးနဲ့ကလေးအထူးကုဆေးရုံ KK Women's and Children's Hospital ကို ပြောင်းချင်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အထွေထွေဆေးရုံကြီးက ဆေးကုသမှုဌာနတွေစုံပေမယ့် မိခင်နဲ့ကလေးအထူးကုဆေးရုံကို ပိုသဘောကျလို့ ပြောင်းခဲ့တယ်။ SGH ဆရာဝန်ဆီက ဆေးမှတ်တမ်းတွေနဲ့ memo တောင်းဆိုပြီး KK ဆေးရုံကိုပြောင်းခဲ့လို့ အားလုံးချောမွေ့ခဲ့ပါတယ်။ ဆေးရုံတွေက ကိုယ်ဝန်၁၅ပတ်မတိုင်ခင်ပြောင်းမှ ပိုလက်ခံပါတယ်။ အချို့ဆေးရုံတွေက ကိုယ်ဝန်၂၀ပတ်လောက်ထိ လက်ခံကြတယ်။ စောစောပြောင်းတာ ပိုစိတ်ချရပါတယ်။ 

အခြားနေထိုင်ခွင့် (Employment Pass, S Pass, Work Permit, Dependent Pass etc) နဲ့ နေထိုင်နေသူများအတွက် အစိုးရဆေးရုံမှာပြရင် subsidized မရှိလို့ ပုံမှန်ဈေးနဲ့ ပေးရပါတယ်။ consultation ဆရာဝန်နဲ့တစ်ကြိမ်တွေ့ခ $80-$150 ဝန်းကျင် လောက် ရှိပါတယ်။ ultrasound ရိုက်ခနဲ့ အခြားစစ်ဆေးခတွေပေါင်းလိုက်ရင် ပုဂ္ဂလိကဆေးရုံမှာ လစဉ်ပြတာနဲ့ အတူတူလောက် ကုန်ကျပါတယ်။ 


မိခင်လောင်းများအတွက် အစိုးရဆေးရုံများ
 - KK Women's and Children's Hospital ( www.kkh.com.sg ) 
- Singapore General Hospital ( www.sgh.com.sg ) 
- Khoo Teck Phuat Hospital ( www.ktph.com.sg ) 
- National University of Hospital (www.nuh.com.sg ) 

KK အမျိုးသမီးနှင့်ကလေးဆေးရုံက အစိုးရတစ်ဝက် ပုဂ္ဂလိကတစ်ဝက်မို့ မိခင်လောင်းတွေအတွက် ၂မျိုးခွဲထားပါတယ်။ အစိုးရပေးတဲ့ subsidized ဈေးနဲ့ ပြသချင်သူများအတွက် Clinic A, Clinic B, Clinic C, Clinic D မှာပြရပြီး ပုဂ္ဂလိကဆေးရုံလို မိမိစိတ်ကြိုက်ရွေးချယ်ထားသော ဆရာဝန်နဲ့ ပြသချင်သူများအတွက် private suite ဆေးခန်း သီးခြားဖွင့်ပေးထားပါတယ်။ ဆေးခန်းအားလုံးက အဆောက်အဦးတစ်ခုတည်းပါပဲ။

 Private ဆေးရုံမှာပဲ လစဉ်ပြသပြီး မီးဖွားဖို့ ဆုံးဖြတ်ထားသူတွေအတွက်က ရှင်းပါတယ်။ non subsidized ဆိုတော့ စာရွက်စာတမ်းအဆင့်ဆင့်တွေ မလိုအပ်ပါဘူး။ မိမိပြချင်တဲ့ ပုဂ္ဂလိကဆေးရုံကိုဖုန်းဆက် ရက်ချိန်းယူ ၊ ကြိုက်နှစ်သက်သော ဆရာဝန်ကိုရွေးချယ်ပြီး လစဉ်ပြရုံပါပဲ။ ပုဂ္ဂလိကဆေးရုံတွေထဲမှာ ဆရာဝန်နဲ့လစဉ်တွေ့ခ consultation package သုံးချင်ရင် Thomson Medical Centre ကို ရွေးချယ်လို့ရပါတယ်။ Thomson ဆေးရုံမှာ မိမိကိုယ်ဝန်ရှိကာစမှ မီးဖွားသည့်အချိန်ထိ လစဉ်ဆရာဝန်နဲ့ ပြသခတွေကို package ဈေးနဲ့ ကြိုတင်ငွေချေရပေမယ့် အခြားပုဂ္ဂလိကဆေးရုံတွေမှာ လစဉ်ပြသခနဲ့ နှိုင်းယှဉ်တွက်ချက်လိုက်ရင် ဈေးနှုန်းပိုသက်သာပါတယ်။ Catholic ဘာသာဝင်များအတွက် Mount Alvernia ဆေးရုံမှာပြရင် ဈေးလျှော့ပေးတယ်လို့ သိရပါတယ်။ 

 ပုဂ္ဂလိကဆေးရုံတွေက လူနာအရေအတွက် ပိုနည်းတာကြောင့် စောင့်ရချိန်ပိုနည်းပါတယ်။ ဆေးရုံအခန်းတွေ မိမိအဆင်ပြေကြိုက်နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။ အစိုးရဆေးရုံမှာပြရင် ultrasound ရိုက်ဖို့ပဲ အနည်းငယ်စောင့်ရပါတယ်။ ဆရာဝန်နဲ့တွေ့ဖို့စောင့်ရတာ သိပ်မကြာပါဘူး။ 

မိခင်လောင်းများအတွက် ပုဂ္ဂလိကဆေးရုံများ
 - Gleneagles Hospital ( www.gleneagles.com.sg ) 
- Mount Elizabeth Hospital ( www.mountelizabeth.com.sg/ ) 
- Mount Alvernia Hospital ( www.mtalvernia-hospital.org/ ) 
- Raffles Hospital ( www.rafflesmedicalgroup.com/hospital/overview.aspx ) 
- Parkway East Hospital ( http://parkwayeast.com.sg/en/default.aspx ) 
- Thomson Medical Centre (www.thomsonmedical.com/ ) 

ကလေးမွေးဖွားစရိတ် ဘယ်လောက်ကုန်ကုန် သုံးချင်သူများအတွက် ပုဂ္ဂလိကဆေးရုံတွေမှာ ရာထူးကြီးဝါရင့်ဆရာဝန်ကြီးတွေနဲ့ ပြသပြီး အကောင်းဆုံးဆေးရုံအခန်းကို ယူနိုင်ပါတယ်။ ဆေးဝါးကိရိယာပြည့်စုံမှု ၊ သန့်ရှင်းသပ်ယပ်မှု ၊ ဆရာဝန်များ၏ ကျွမ်းကျင်မှုတွေက စင်ကာပူနိုင်ငံမှာ ဆေးရုံတိုင်း အတူတူပါပဲ။ မိမိစိတ်ကြိုက် ရွေးချယ်ပြသနိုင်ပါတယ်။ :-) 

 ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပျမ်းမျှကုန်ကျစရိတ် 
 အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများမှာ ပျမ်းမျှကလေးမွေးဖွားစရိတ် (ရိုးရိုးမွေးခြင်း) - http://www.moh.gov.sg/content/moh_web/home/costs_and_financing/HospitalBillSize/delivery_normal.html

အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများမှာ ပျမ်းမျှကလေးမွေးဖွားစရိတ် (ခွဲစိတ်မွေးဖွားခြင်း) - http://www.moh.gov.sg/content/moh_web/home/costs_and_financing/HospitalBillSize/delivery_caesareansection.html 

 မေတ္တာဖြင့် 
လင်းလက်ကြယ်စင် 
 Photo Credit - http://bodysensepilates.files.wordpress.com/2012/05/pregnant-belly-flower1.jpg

Read More...