Thursday, October 03, 2013

အတွေးခံစားမှု (၁) - ချစ်ပါ ၊ ဝေဖန်ပါ ၊ ယဉ်ကျေးပါ ၊ အသိမှတ်ပြုအားပေးပါ ..



Photo Credit: http://3219a2.medialib.glogster.com/media/20/20851c173dcef7f55f0e3223994ec3f526a507ec0c76adeaa495cfc6e8dda438/handshake.jpg 

 စိတ်ထဲဖြစ်လာတဲ့ ခံစားချက်လေးပါ .. ။ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ အကြောင်းရာတစ်ခုကိုပြောကြပြီဆိုရင် အဲဒီအကြောင်းအရာကို အကျိုးအကြောင်းနဲ့ မဆွေးနွေးဘဲ ဆဲဆိုဆွမ်းကြီးဝိုင်းလောင်းသူတွေ များလွန်းပါတယ်။ တစ်ချို့ကတော့ ရေရေရာရာprofile မရှိ၊ ဘယ်သူမှန်းလည်းမသိ၊ ဘယ်ကမှန်းလည်းမရေရာဘဲ ဖွဖို့သက်သက် အွန်လိုင်းပေါ်ရောက်နေသူတွေလည်းများပါတယ်... ။ အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ပြောကြပြီဆိုရင် ဆွေးနွေးကြပါ ၊ ငြင်းခုံကြပါ ၊ ဖလှယ်ကြပါ ။ မိုက်ရိုင်းတဲ့လူတွေက ကိုယ့်ခေါင်းဆောင်ကို ရိုင်းစိုင်းစွာပြောရင် သူပြောတဲ့အချက်ကိုပဲ မယဉ်ကျေးနိုင်ရင်တောင် ပုံမှန်လေးပြန်ပြောလိုက်ပါ... ။ ကိုယ်ချစ်တဲ့သူကိုထိရင် နာတတ်တာ ၊ စိတ်မြန်မြန်နဲ့ တုံ့ပြန်တတ်ကြတာ လူ့သဘာဝမို့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် စိတ်ထိန်းကြဖို့ လိုပါတယ်။ ကျေးဇူးပြုပြီး ပြန်ဆဲဆိုခြင်းတွေ မလုပ်ကြပါနဲ့... ။ ကျွန်မတို့ချစ်တဲ့ခေါင်းဆောင်တွေဟာ ဆဲဆိုဖို့ ၊ ပြန်လည်ရိုင်းစိုင်းဖို့ မမှာထားပါဘူး... ။ 



ဒုတိယအချက် - ကျွန်မတို့ ချစ်တဲ့ခေါင်းဆောင် ပိုပြီးကောင်းမွန်လာအောင်၊ အောင်မြင်လာအောင် ဝေဖန်အကြံပြုရင် မနေ့တစ်နေ့ကမှ “အမေ အဖေ”ခေါ်လာတဲ့ လူတွေက နှစ်ပေါင်းများစွာထောက်ခံသူတွေထက်တောင် ဆတ်ဆတ်ထိမခံနိုင်အောင်ဖြစ်ကြပြီး မဆိုင်တဲ့ပါစင်နယ်တွေနဲ့ ဆဲဆိုလာကြတယ်..။ ဒါဟာမရိုးသားသလို ဘယ်သူ့အတွက်မှ မကောင်းပါဘူး ... ။ လူတစ်ယောက်ကိုချစ်ရင် အဲဒီလူတစ်ယောက်ကို အားပေးမြှောက်ပင့်ခြင်းတွေနဲ့ အချိန်ကုန်ပြီး မစဉ်းစားမဆင်ခြင်သူတွေကို လေးစားလို့ မရပါဘူး .. ။ အားပေးရမယ်၊ ထောက်ခံရမယ်၊ ၀ိုင်းကုညီရမယ်၊ လိုအပ်တာကိုလည်း ဆွေးနွေးထောက်ပြနိုင်ရမယ်။ ကျွန်မတို့ခေါင်းဆောင်တွေကို ကျွန်မတို့ ချစ်မြတ်နိုးတယ်ဆိုရင် အကျိုးအကြောင်းဆီလျော်စွာ ဝေဖန်တာတွေကိုလည်း နားထောင်နိုင်စွမ်းရှိရပါမယ်.. ။ ဒါမှ ကျွန်မတို့ချစ်တဲ့လူတွေဟာပိုအောင်မြင်လာမှာပေါ့... ။

 တတိယအချက် - ကျွန်မတို့မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် သူ့အတိုင်းအတာနဲ့ သူအကောင်းဆုံးလုပ်ဆောင်နေတဲ့ ဘယ်တစ်ဦးတစ်ယောက်၊ ဘယ်အဖွဲ့အစည်း၊ ပါတီကိုမှ ရွဲ့စောင်းပြောဆိုခြင်း၊ ဆဲဆိုခြင်း ၊ ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခြင်းတွေ မလုပ်စေချင်ပါဘူး ...။ လူဆိုတာ သူ့အတိုင်းအတာနဲ့ ကောင်းတာလေးတွေ လုပ်ဆောင်ပေးနေချိန်မှာ “အသိမှတ်ပြုခြင်း”ခံရရင် စိတ်ကြည်နူးအားတက်လာပါတယ်.. ။ အားတက်လာရင် စေတနာပိုဖြစ်လာပြီး ပိုလုပ်ဆောင်ပေးချင်စိတ် ဖြစ်လာပါတယ်။ တစ်ခုခုမှားရင်လည်း “မဖြစ်သင့်“တာကို ကောင်းကောင်းမွန်မွန်ရေးကြ၊ ပြောကြ ၊ တင်ပြလို့ရပါတယ်။ ကောင်းတာလေးတွေ နည်းနည်းလေးပဲ လုပ်ဆောင်နိုင်လို့ အပြစ်ထိုင်ပြောကြစတမ်းဆိုရင် ကျွန်မတို့ကိုယ့်ဘ၀နဲ့ကိုယ်နေကြသူတွေအားလုံးရော နိုင်င်ငံအတွက်မပြောနဲ့ ၊ မိမိရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းဝိုင်းပေါ်မှာတောင် တာဝန်တွေကျေကြပါသေးရဲ့လားလို့ မိမိကိုယ်မိမိ ပြန်မေးခွန်းထုတ်စေချင်ပါတယ်။ အဲဒီလိုပြောလို့ ကျွန်မကိုမေးလာရင် အဖြေရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဘာတာဝန်မှ မကျေသေးပါဘူး။ 

ဒါကြောင့် ဘယ်တစ်ဦးတစ်ယောက်ပဲဖြစ်ြဖစ် ၊ ဘယ်ပါတီပဲဖြစ်ဖြစ် ၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွက် ၊ အများပြည်သူအကျိုးအတွက် ကောင်းတာလေးတွေ နည်းနည်းလေး လုပ်နေရင်တောင် အသိမှတ်ပြုပါ ၊အားပေးပါ ၊ ဝေဖန်အကြံပြုပါ ၊ ဆွေးနွေးကြပါ။ 

အဲဒီလိုမှ မဟုတ်ဘဲ အလကားရတဲ့ အွန်လို်င်းစာမျက်နှာတစ်ခုပေါ်မှာ ရိုင်းနေမယ်ဆိုရင် အဲဒီလူတွေဟာ ဒီမိုကရေစီသမားပဲဖြစ်ဖြစ် ၊ စစ်တပ်ပဲဖြစ်ဖြစ် ၊ ရိုးရိုးပြည်သူပဲဖြစ်ဖြစ် အတန်းအစားတူညီနေမှာပါ … ။ 

ပညာရှင်ဆန်သော ၊ ယဉ်ကျေးသော အသိုင်းဝိုင်းကို လူချင်းမမြင်ရတဲ့ အွန်လိုင်းပေါ်မှာလည်း မိမိမှစတင် အတူတည်ဆောက်ကြရအောင်နော် :)

 လေးစားစွာဖြင့် 
လင်းလက်ကြယ်စင် (စင်္ကာပူ)

Read More...